ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီ နဲ့ NLD

ကြံ့ဖွံ့အသင်းအဖွဲ့ဝင်များ

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တာဝန်အရှိဆုံးအဖွဲ့အစည်းဟာ ပြည်ခိုင်ဖြိုး (ခေါ်) ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဖြစ်တယ်လို့ ဗဟိုကော်မတီအစည်းအဝေးမှာ ပါတီဥက္ကဋ္ဌဦးရွှေမန်းက ပြောဆိုသွားကြောင်း သိရပါတယ်။ အင်အလ်ဒီအဖွဲ့ချုပ်နဲ့ လက်တွဲနိုင်မယ့် အလားအလာအကြောင်း အမေရိကန် ခရီးစဉ်မှာကို ဦးရွှေမန်းပြောတာကိုတော့ အစည်းဝေးမှာ လုံးဝမဆွေးနွေးဘူးလို့ ဒု-ဥက္ကဋ္ဌဦးဌေးဦး က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီကိစ္စမှာ ဒု-ဥက္ကဋ္ဌ ဦးအောင်သောင်းကလည်း ဘဝင်မကျဖြစ်နေပုံ ရပါတယ်။ ပါတီဥက္ကဋ္ဌ ပြောတာကို ဒု-ဥက္ကဋ္ဌ နှစ်ဦးစလုံးက လက်မခံနိုင်သလို ဖြစ်နေပါတယ်။

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ၁၉၈၈ အရေးတော်ပုံနဲ့ ၁၉၉၀ ရွေးကောက်ပွဲကို တန်ပြန်တဲ့အနေနဲ့ တည်ထောင်ထားတဲ့ ကြံ့ဖွံ့အသင်းဟာ အာဏာရပြည်ခိုင်ဖြိုးပါတီ ဖြစ်လာပေမယ့် အတိတ်ရဲ့လောင်ရိပ်အောက်က မထွက်နိုင်ဘဲ ဖြစ်နေပုံ ရပါတယ်။ ၁၉၉၃ မှာ တည်ထောင်တဲ့ ကြံ့ဖွံ့အသင်းရဲ့ သက်တမ်းအနှစ် (၂၀) မှာ ပထမ (၁၀) နှစ်ဟာ အင်အလ်ဒီ ဆန့်ကျင်ရေးသာ ဖြစ်ပါတယ်။ အမှုထမ်းတိုင်း ပါဝင်ရတဲ့အဖွဲ့အစည်းဖြစ်လို့ အသင်းဝင် သန်း (၂၀) ကျော် ရှိကြောင်းသိရပါတယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးပါတီဖြစ်လာတော့ ပါတီဝင် (၃) သန်း ရှိတယ်လို့ ပြောပြန်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက မဆလ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တည်ထောင်သလို ဗိုလ်ချုပ်ကြီးသန်းရွှေ က ကြံ့ဖွံ့အသင်းကို တည်ထောင်တာဖြစ်လို့ အာဏာရှင် လက်ကိုင်ဒုတ်အဖြစ် သက်ဝင်လှုပ်ရှားလာတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ကြံ့ဖွံ့အသင်းဝင်တွေ အခွင့်ထူးခံစားနေရချိန်မှာ အင်အလ်ဒီပါတီဝင်တွေ ဖိနှိပ်ညှဉ်းပမ်းချုပ်ချယ် ခံကြရပါတယ်။ အင်အလ်ဒီပါတီ လုံးပါးပါးသွားရင် မြန်မာ့နိုင်ငံရေးကို ကြံ့ဖွံ့ကြီးစိုးနိုင်မယ်လို့ တွက်ထားပုံရပါတယ်။ ဒေါ်စု လွတ်နေချိန်မှာ ပြည်သူလူထုနဲပ မထိတွေ့နိုင်အောင် ကြံ့ဖွံ့အသင်းက အမျိုးမျိုးနှောင့်ယှက်ပါတယ်။ ဒေါ်စုကို အပျောက်ရှင်းဖို့ ကြံ့ဖွံ့အတွင်းရေးမှူး မီးရထားဝန်ကြီးဦးဝင်းစိန် က ၁၉၉၆ နိုဝင်ဘာ (၁) ရက်နေ့မှာ ဗြောင်ပြောပါတယ်။ အင်အလ်ဒီ ချေမှုန်းရေးဟာ ကြံ့ဖွံ့ရဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း လူသိများလာပါတယ်။

ဒေါ်စုရဲ့ အင်အလ်ဒီပါတီနဲ့ ဆွေးနွေးဖို့ကိစ္စာ အသွင်ကူးပြောင်းရေးမှာ အရေးအကြီးဆုံးဖြစ်တယ်လို့ ပြည်တွင်းပြည်ပမှာ ယူဆကြပေမယ့် စစ်အစိုးရကတော့ ကြံ့ဖွံ့ကို အာဏာလွှဲပြောင်းပေးဖို့သာ စိတ်ဝင်စားတာကြောင့် ဒေါ်စုနဲ့ အင်အလ်ဒီကို အဓိကရန်သူလို သဘောထားလာပါတယ်။ ၂၀၀၂ မှာ ဒေါ်စုကို အကျယ်ချုပ်ကလွှတ်ပေးပြီး သမိုင်းစာမျက်နှာသစ်ဖွင့်ပြီလို့ ထောက်လှမ်းရေးက ဆိုပါတယ်။ ၂၀၀၃ မေလအစောပိုင်းမှာ အင်အလ်ဒီ မြို့နယ်ရုံးခွဲတွေ ပြန်လည်ဖွင့်လှစ်နိုင်တဲ့ အခြေအနေကို ရောက်လာပါတယ်။ ဒါပေမဲ့ ဒေါ်စုရဲ့ အထက်မြန်မာပြည်ခရီးကို ကြံ့ဖွံ့အသင်းက အကြီးအကျယ် ဆန့်ကျင်ပြီး မေလ (၃၀) ရက်နေ့မှာ ဒီပဲရင်းလုပ်ကြံမှုနဲ့ အကြမ်းဖက်ပြီး ဇာတ်သိမ်းပစ်လိုက်ပါတယ်။ နောက်တော့ ဒေါ်စုကို ပထုတ်တဲ့ စည်းမျဉ်းဥပဒေတွေ ပြဌာန်းပြီး ကြံ့ဖွံ့ကြီးစိုးရေးအတွက် ပြင်ဆင်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ပိုင်းရဲ့ အတွေ့အကြုံဟာ မိမိစိတ်ကြိုက်ရေးဆွဲပြဌာန်းတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်တာပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆိုရှယ်လစ် သဘောတရားခေတ်စားတာ ကြာပြီးဖြစ်ပေမယ့် စစ်ခေါင်းဆောင်ပိုင်းကပြောတဲ့ ဆိုရှယ်လစ်စနစ်ကိုသာ လက်ခံကျင့်သုံးကြရပါတယ်။ မဆလ ဆိုရှယ်လစ်ဒဏ်ကို (၂၅) နှစ်ခံရတဲ့အခါ ၁၉၈၈ မှာ ဒီမိုကရေစီလှုပ်ရှားမှု ပေါ်ထွက်လာပြီး ဒေါ်စုလည်း နိုင်ငံရေးလောကထဲ ရောက်လာပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်ပိုင်းဟာ အရပ်သားတွေ တောင်းဆိုတဲ့ ဒီမိုကရေစီကို လက်မခံနိုင်တဲ့အတွက် ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ထားလိုက်ပါတယ်။ အနှစ် (၂၀) ကျော်ကြာလာတဲ့အခါမှာ စစ်ခေါင်းဆောင်ပိုင်းက ဥပဒေရေးဆွဲပြဌာန်းတဲ့ တခြမ်းပဲ့ ဒီမိုကရေစီစနစ်ကိုသာ မြန်မာပြည်သူပြည်သားတွေ လက်ခံကျင့်သုံးနေရပြန်ပါတယ်။

ကြံ့ဖွံ့တဖြစ်လည်း ပြည်ခိုင်ဖြိုးပါတီကြီးစိုးတဲ့ နိုင်ငံရေးစနစ်ကို လွန်ခဲ့တဲ့ (၂) နှစ်ကစပြီး အကောင်အထည်ဖော်ပါတယ်။ အာဏာရှင်ဟောင်းအတွက် အန္တရာယ်အကင်းဆုံး အာဏာလွှဲပြောင်းနည်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုတဦးတည်း နိုင်ငံရေးစနစ်ကို တည်ထောင်တာ မအောင်မြင်နိုင်ကြောင်း မဆလခေတ် (၂၅) နှစ်က သက်သေပြနေပါတယ်။ ဒါကိုသဘောပေါက်တဲ့ ဦးသိန်းစိန်ဟာ ဒေါ်စုနဲ့ အင်အလ်ဒီပါတီအနည်းငယ်ကို လွှတ်တော်ထဲ ရောက်လာအောင် စီစဉ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒဏ်ခတ်အရေးယူမှုတွေ ရပ်ဆိုင်းသွားတဲ့အတွက် နေပြည်တော်အစိုးရ မျက်နှာပန်းလှလာပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တိုင်းမှာ အစိုးရဘက်ကရော အတိုက်အခံဘက်ကရော ပါဝင်ရပါတယ်။ ကိုယ့်လူတွေနဲ့ချည်း လုပ်လို့မရပါဘူး။ ဒါကြောင့် အာဏာရပါတီဟာ အတိုက်အခံနဲ့လက်တွဲပြီး အသွင်ကူးပြောင်းလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလိုလက်တွဲနိုင်ပေမယ့် အခြေအနေဟာ အမြဲတမ်း တည်ရှိနေတာ မဟုတ်ပါဘူး။ ဒီနေရာမှာ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းဟာ သဘောထားကွဲလွဲနေပုံ ရပါတယ်။ ဦးသိန်းစိန် နဲ့ ဦးရွှေမန်းဟာ ဒေါ်စုပါတီ အင်အလ်ဒီနဲ့ ပူးတွဲလုပ်ကိုင်ဖို့ ဝန်မလေးပေမယ့် ပါတီ ဒု-ဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးအောင်သောင်း နဲ့ ဦးဌေးဦး တို့ကတော့ မပြတ်မသား ဝိုးတိုးဝါးတာ ဖြစ်နေကြပုံရပါတယ်။