သတင်းမီဒီယာ နဲ့ အစိုးရဆက်ဆံရေး

ရန်ကုန်မြို့ သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်

နိုင်ငံတိုင်းမှာ စာနယ်ဇင်း သတင်းမီဒီယာရှိပေမယ့် နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဓလေ့လိုက်ပြီး အစိုးရနဲ့ ဆက်ဆံပုံဟာ တနိုင်ငံနဲ့ တနိုင်ငံ ကွဲပြားပါတယ်။ မြန်မာပြည်မှာ စာပေစီစစ်ရေးဌာန မရှိတော့ပေမယ့် အစိုးရခွင့်ပြုချက်နဲ့ ထုတ်ဝေနေရတဲ့ မြန်မာ့စာနယ်ဇင်းဟာ ဆက်လက်တည်တံ့နိုင်ရေးအတွက် မိမိဘာသာဆင်ဆာလုပ်ပြီး ထုတ်ဝေနေပုံရပါတယ်။ စစ်အစိုးရနှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ကျန်ရှိနေသေးတာမို့ အစိုးရပေးတဲ့သတင်းကို သံယောင်လိုက်ပြီး သတိထားရေးသား နေကြပုံရပါတယ်။ ဒါပေမဲ့ စာနယ်ဇင်းလွတ်လပ်မှုကို အစိုးရက တန်းဖိုးထားသလို တိုးတက်မှုရှိနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနုဟာ စာရေးဆရာဖြစ်တာကြောင့် စာနယ်ဇင်းလွတ်လပ်မှုကို အပြည့်အဝ ယုံကြည်သူဖြစ်တယ်လို့ ကိုယ်တွေ့ကြုံခဲ့သူ ကြေးမုံဦးသောင်းက 'ဘီလူးတို့ရွာ' ဆိုတဲ့ (၁၉၉၉) ထုတ် သူ့စာအုပ်မှာ ရေးထားပါတယ်။ အစိုးရအဖွဲ့ဝင်နဲ့ သတင်းသမား ပဋိပက္ခဖြစ်ရင်တောင် ဦးနုကကြားဝင် ဖြေရှင်းပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ အစိုးရအဖွဲ့ဝင်တွေကို ဝေဖန်တတ်တဲ့ ဗမာခေတ်သတင်းစာမှာ ဝန်ကြီးချုပ်ဦးနု က သမိန်ဗရမ်းအမည်နဲ့ ဆောင်းပါးတွေရေးတဲ့အထိ ရင်းနှီးကြကြောင်း သိရပါတယ်။ ဦးနု မအားလပ်တဲ့အခါမှာ သမိန်ဗရမ်းဆောင်းပါးကို ဦးသန့်က ရေးပါတယ်။

အစိုးရရဲ့ သဘာဝကိုလိုက်ပြီး စာနယ်ဇင်းလွတ်လပ်မှုကို တိုင်းတာနိုင်ပါတယ်။ လွတ်လပ်ရေးရစ ဝန်ကြီးချုပ်ဦးနုရဲ့ ပါလီမန်အစိုးရခေတ်မှာ စာနယ်ဇင်းနဲ့ တရားစီရင်ရေးမှာ အထိုက်အလျောက် လွတ်လပ်တာတွေ့ရပါတယ်။ စစ်အာဏာသိမ်းတဲ့ ၁၉၆၂ ကစပြီး စာပေစီစစ်ရေးဌာန ဖျက်သိမ်းတဲ့အထိ အနှစ် (၅၀) မှာ မြန်မာပြည်ဟာ သတင်းလွတ်လပ်မှု ကင်းမဲ့နေပါတယ်။ ပုဂ္ဂလိကစာနယ်ဇင်းတွေ ရှိပေမယ့် လွတ်လပ်မှုမရှိတဲ့အတွက် အစိုးရပေးတဲ့ သတင်းကိုသာ ထုတ်ဝေကြပါတယ်။ ဥပမာ ၂၀၀၈ က ဖြစ်ပွားတဲ့ စိမ်းလဲ့ကန်သာက မိုးကုတ်သူဌေးမိသားစု အသတ်ခံရတဲ့အမှု အခုအထိ လက်သည်မပေါ်တဲ့သတင်းနဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေး နေရွှေသွေးအောင် မကြာမီက ယာဉ်ထိန်းရဲကို ထိုးကြိတ်တဲ့သတင်းဟာ ပြည်တွင်းစာနယ်ဇင်းက ရှောင်ရှားတဲ့သတင်း အကြောင်းအရာတွေ ဖြစ်နေပါတယ်။

၂၀၀၈ မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတနဲ့ ဒု-သမ္မတတွေကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြောက်ပြီး သမ္မတက တရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို ခန့်တာမို့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို လွှတ်တော်ကချုပ်ကိုင်သလို ဖြစ်နေပါတယ်။ လွှတ်တော်ကို ကြီးစိုးတဲ့ အာဏာရနိုင်ငံရေးပါတီဟာ သြဇာအာဏာကြီးမားပါတယ်။ အာဏာရှင်စနစ် မပေါ်ပေါက်အောင် လွတ်လပ်တဲ့ တရားစီရင်ရေးဌာနနဲ့ သတင်းမီဒီယာရှိဖို့လိုကြောင်း အင်္ဂလိပ်နိုင်ငံရေးဓလေ့က သက်သေပြနေပါတယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့ နိုင်ငံရေးပါတီနဲ့အစိုးရကို စောင့်ကြည့်မယ် လွတ်လပ်တဲ့ တသီးပုဂ္ဂလိ သတင်းမီဒီယာနဲ့ တရားစီရင်ရေးဌာနရှိဖို့ လိုပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ရှိတယ်ဆိုပေမယ့် အစိုးရခွင့်ပြုမှ ထုတ်နိုင်ပါတယ်။ ပထမဆုံးဝန်ကြီးချုပ် ဦးနုလက်ထက်ကလို လွတ်လွတ်လပ်လပ် ထုတ်ဝေနိုင်တာ မဟုတ်ပါဘူး။ တိုင်းပြည်တည်ဆောက်ရေးမှာ စာနယ်ဇင်းတွေ တတပ်တအားပါဝင်ဖို့ ဖိတ်ခေါ်နေတာဟာ အစိုးရလုပ်တာကိုင်တာကို ထောက်ခံဖို့ တိုက်တွန်းနေတဲ့သဘော ဖြစ်ပါတယ်။ သွယ်ဝိုက်တဲ့နည်းနဲ့ သတင်းမီဒီယာကို ကြိုးကိုင်နေတာ ဖြစ်ပါတယ်။ အစိုးရလမ်းစဉ်ကို မဆန်းစစ်ဘဲ ရောယောင်လိုက်တဲ့ သတင်းမီဒီယာဟာ အစိုးရအသုံးတော်ခံ ဖြစ်သွားတာကို အမေရိကန်မှာ မကြာခဏ တွေ့နိုင်ပါတယ်။ ဥပမာ အကြောင်းမခိုင်လုံဘဲ အီရတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့ Bush အစိုးရရဲ့ လမ်းစဉ်ကို ဆန့်ကျင်ဝေဖန်သုံးသပ်သူဟာ အမေရိကန်စာနယ်ဇင်းမှာ (၁) ရာခိုင်နှုန်းတောင် မရှိခဲ့တာ တွေ့နိုင်ပါတယ်။

အစိုးရစာနယ်ဇင်းနဲ့ တသီးပုဂ္ဂလစာနယ်ဇင်း ပြိုင်ဆိုင်ထုတ်ဝေနေတုန်း အစိုးရနဲ့ဆိုင်တဲ့သတင်းကို ပုဂ္ဂလိကစာနယ်ဇင်းတွေကိုရောင်းဖို့ ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်တာကို ဝိုင်းဝန်ကန့်ကွက်ကြပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ လွတ်လပ်စွာ သိရှိပိုင်ခွင့်ဥပဒေ Freedom of Information Act ပြဌာန်းပြီး အစိုးရစရိတ်နဲ့ ပြည်သူလူထုကို သတင်းဖြန့်ဝေနေချိန်မှာ ဗမာအစိုးရက သတင်းရောင်းစားဖို့ စဉ်းစားတာဟာ အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်နေပါတယ်။ သတင်းချုပ်ကိုင်တဲ့ အစီအလာကို ကျော်လွှားဖို့ အစိုးရအနေနဲ့ အခက်အခဲရှိနေပုံ ရပါတယ်။

လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းမီဒီယာအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ သန့်ရှင်းရေး အလုပ်သမားသဘောမျိုး ပါဝင်နိုင်တာကိုလည်း အစိုးရက အသိအမှတ်ပြုဖို့ လိုပါတယ်။ ဖောက်ပြန်မှု၊ အလွဲသုံးစားလုပ်မှု၊ မတရားမှု စတာတွေကို မကြောက်မရွံ့ ဖော်ထုတ်တဲ့ စာနယ်ဇင်းဟာ ပြည်သူလူထုရဲ့ ယုံကြည်လေးစားမှုကို ရရှိပါလိမ့်မယ်။ သန့်ရှင်းရေးအလုပ်သမားမရှိတဲ့ လူ့အဖွဲ့အစည်းဟာ ကျန်းကျန်းမာမာ ရှင်သန်တိုးတက်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ သတင်းသမားကို သန့်ရှင်းရေးလုပ်သားအဖြစ် လုပ်ပိုင်ခွင့်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။