Your browser doesn’t support HTML5
ပြီးခဲ့တဲ့ ရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ တပ်မတော်က အဆင့်မြင့် အရာရှိတွေနဲ့ အရာရှိ ၄၀၀ နီးပါးကို အငြိမ်းစားပေးလိုက်တယ်၊ အဲလို အငြိမ်းစားပေးခံလိုက်ရဲ့ အရာရှိတွေ ပြည်ခိုင်ဖြိုးပါတီထဲ ဝင်ပြီး တာဝန်ယူကြမယ် ဆိုတဲ့ သတင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ချိန်တည်းမှာပဲ တာဝန်က အနားယူသွားပြီဖြစ်တဲ့ သမ္မတဟောင်း၊ ဥက္ကဌ အဖြစ် သူတာဝန်ယူထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ပြန်လည် တည်ဆောက်ရေးဆိုင်ရာ ကိစ္စတွေ လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး ပြည်ခိုင်ဖြိုးပါတီကို ဘယ်လို တည်ဆောက်မှာပါလဲ၊ တကယ်ပဲ ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်ပြီး အနိုင်ရဖို့ ရှိနိုင်ဦးမလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ရန်ကုန်မြို့ကို ရောက်လာပြီး ပြည်ခိုင်ဖြိုးပါတီ ပြန်လည် ဖွဲ့စည်းရေး လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ ပြောဆိုချက်တွေဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူပြောတာက ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ခဲ့ရတယ်၊ အဲလို ရှုံးနိမ့်ခဲ့ရတာနဲ့ ပတ်သက်ပြီး ပါတီ ဥက္ကဌ အနေနဲ့ သူ့မှာ တာဝန်ရှိတယ်လို့ ခံစားရတယ်၊ ဒါကြောင့် သူ့အနေနဲ့ ပြည်ခိုင်ဖြိုးပါတီကို ပြန်လည် ဖွဲ့စည်းပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ကြိုးစားချင်တယ်၊ ဒီအတွက် ပါတီကို ပြန်လည် ဖွဲ့စည်းဖို့ လိုမယ်၊ ပါတီကို အောက်ခြေကနေစ ပြန်ဖွဲ့စည်းသွားမှာဖြစ်ပြီး ပြည်သူလူထု ထောက်ခံမှုရတဲ့ ပါတီ ဖြစ်အောင် လုပ်ကိုင်သွားဖို့ လိုတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ တဆက်တည်း အာဏာရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး တိုင်းပြည် ကောင်းရာကောင်းကျိုး ကိစ္စတွေမှာ ထောက်ခံ အားပေး ဆောင်ရွက်သွားမယ် ဆိုပြီးလည်း ပြောခဲ့ပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ပြောဆိုချက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင် ဒီမိုကရေစီ နိုင်ငံတစ်ခုက ပါတီခေါင်းဆောင်တွေ ပြောပုံဆိုပုံမျိုး ဖြစ်ပြီး ကြိုဆိုဖို့ ကောင်းတဲ့ စကားတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ပါတီတစ်ခုဟာ ရွေးကောက်ပွဲမှာ ရှုံးသွားရင် ပါတီခေါင်းဆောင်တွေက တာဝန်ယူတယ်၊ နောက် လာမယ့် ရွေးကောက်ပွဲတွေမှာ အနိုင်ရအောင် ကြိုးစားသွားမယ် ဆိုတာမျိုးဟာ ပုံမှန်ပြောရိုးပြောစဉ်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ အဲလို စကားမျိုးပြောတာ မထူးဆန်းပေမယ့် မြန်မာနိုင်ငံလို အသွင်ကူးပြောင်းရေးကာလကို ရင်တထိတ်ထိတ်၊ စိုးရိမ်ခြင်း ကြီးစွာနဲ့ သတိထား စောင့်ကြည့်နေရတဲ့ နိုင်ငံတစ်ခုအဖို့ အကောင်းဘက်ကို ရှုမြင်နိုင်တဲ့ စကားမျိုး ဖြစ်ပါတယ်။ အကြောင်းကတော့ စစ်တပ် ကျောထောက်နောက်ခံပြုပြီး အာဏာရလာတဲ့ ပါတီတစ်ခု၊ အာဏာလက်လွတ် ဆုံးရှုံးသွားချိန်မှာ အဖျက်အမှောင့်စကား၊ ဆန့်ကျင်စကားတွေ မပြောပဲ ဒီမိုကရေစီ နိုင်ငံတွေက ပါတီတွေလို အရှုံးကို လက်ခံတဲ့ ကောင်းမွန်တဲ့ စကားတွေ ပြောဆိုခဲ့လို့ပဲ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ပြောပုံ ဆိုပုံတွေကိုကြည့်ရင်တော့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ချောချောမွေ့မွေ့ ဖြစ်မယ့် လမ်းစကို တွေ့မြင်နေရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ထွက်လာတဲ့ သတင်းတွေမှာတော့ တပ်မတော် အရာရှိကြီးငယ် အယောက် ၄၀၀ လောက် ပြည်ခိုင်ဖြိုးပါတီထဲ ပါဝင်နိုင်ဖို့ အငြိမ်းစားပေးလိုက်တယ် ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့အခါ တိုင်းပြည်အတွက် စိုးရိမ်စရာ အခြေအနေ ပြန် ဖြစ်ပေါ်လာစေပါတယ်။ အကြောင်းကတော့ တပ်မတော်ဟာ နဂိုက ပြည်ခိုင်ဖြိုးပါတီကို အသုံးပြုပြီး နိုင်ငံရေး အာဏာရယူဖို့ ကြံရွယ်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ ကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံရေးကနေ နောက်ကို ခြေတစ်လှမ်း ဆုတ်တော့မလား တွေးထင်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အခုလို ပြည်ခိုင်ဖြိုးပါတီထဲ တပ်မတော်သား အရာရှိတွေ ထည့်သွင်းဖို့ စီစဉ်တာ မှန်ခဲ့ရင်တော့ တပ်မတော်ဟာ နိုင်ငံရေးအာဏာရယူဖို့ မစွန့်လွှတ်နိုင်သေးဘူး၊ ပြည်ခိုင်ဖြိုးပါတီကို အသုံးပြုပြီး နိုင်ငံရေးအာဏာရယူချင်စိတ် ရှိနေသေးတယ် ဆိုတာကို ပြသလိုက်လို့လဲ ဖြစ်ပါတယ်။
တကယ်တော့ အရင် စစ်အာဏာရှင်တွေဟာ တပ်မတော်ကို အသုံးချပြီး ပြည်သူတွေကို ဖိနှိပ် အုပ်ချုပ်ခဲ့တဲ့အပြင် တိုင်းပြည်ကိုပါ ဆင်းရဲတွင်းထဲ ကျရောက်စေခဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသား ပြည်သူ အများစုကြီးကတော့ တပ်မတော်နဲ့ စစ်အာဏာရှင်တွေကို ခွဲခြားပြီး မမြင်နိုင်ကြပါဘူး။ စစ်အာဏာရှင်တွေကို ရွံရှာမုန်းတီးခဲ့သလို၊ တပ်မတော်ကိုပါ ရောယောင်ပြီး မုန်းတီးခဲ့ကြပါတယ်။ ဒီအတွက်လည်း တပ်မတော်က စစ်အရာရှိတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံနိုင်ကြပါဘူး။ အဲဒီလို မုန်းတီးမှုရှိနေတယ်၊ ထောက်ခံမှု မပေးနိုင်ဘူး ဆိုတာကိုလည်း ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား ပြသခဲ့ကြပြီးဖြစ်ပါတယ်။
သမ္မတဟောင်း၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသိန်းစိန် အနေနဲ့ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အနိုင်ရလိုတယ်ဆိုရင်၊ အနိုင်မရနိုင်ရင်တောင် အပြတ်အသတ် ရှုံးနိမ့်တာမျိုး မကြုံလိုတော့ဘူး ဆိုရင် ပါတီကို အများပြည်သူကြိုက်နှစ်သက်တဲ့ ပါတီဖြစ်အောင်၊ ထောက်ခံမှုပေးတဲ့ ပါတီဖြစ်အောင် မနည်းရုန်းကန် ကြိုးစား တည်ဆောက်ရပါလိမ့်မယ်။ ဒါတောင် မလွယ်ပါဘူး။ အရင် စစ်အာရှင်တွေက မတော်မတရား အခွင့်အရေး အမျိုးမျိုးပေးပြီး ဖွဲ့စည်းခဲ့တဲ့ ပါတီ၊ စစ်ဗိုလ်ချုပ်တွေကပဲ ခေါင်းဆောင်နေရာ ရယူထားတဲ့ ပါတီ၊ လိုအပ်ရင် တပ်မတော်အရာရှိတွေကို ထည့်သွင်းတည်ဆောက်ထားတဲ့ ပါတီဖြစ်လေတော့ ပြည်သူတွေ ထောက်ခံလာဖို့ ဆိုတာ အတော် ခက်ခက်ခဲခဲ လုပ်ရမယ့် ကိစ္စ ဖြစ်နေပါတယ်။ ဒီကြားထဲ အခုလို အချိန်မှာ တပ်မတော်အရာရှိတွေကို ပါတီထဲ ဖြည့်သွင်းဖို့ လုပ်တာကတော့ ပြည်သူလူထု ကြိုက်နှစ်သက်တဲ့ ပါတီအဖြစ် ပြန်လည် တည်ဆောက်ရေး အခက်အခဲ တွေ့စေမှာ ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တကယ့်တကယ် ပြည်သူလူထု ထောက်ခံတဲ့ ပါတီ ဖြစ်အောင် တည်ဆောက်မယ် ဆိုရင် တပ်မတော်နဲ့ ချိတ်ဆက်ထားတာကို ပယ်ဖျက်ဖို့ လိုပါတယ်။ တပ်မတော်ပိုင် ပါတီအဖြစ် အသုံးတော်ခံနေတာကို ရပ်ဆိုင်းဖို့ လိုပါတယ်။ တပ်မတော်ဘက်ကလည်း အငြိမ်းစားယူသွားတဲ့ တပ်မတော်အရာရှိတွေကို လွတ်လပ်ခွင့်ပေးပြီး သူတို့ဖာသာသူတို့ နိုင်ငံရေးပဲ လုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊ အင်န်အယ်လ်ဒီထဲ ဝင်ဝင် ပြည်ခိုင်ဖြိုးထဲ ဝင်ဝင် သူတို့ယုံကြည်ရာ သူတို့ ရွေးချယ် လုပ်ကိုင်ခွင့် ပေးသင့်ပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုးပါတီ အတွက်ရော တပ်မတော်အတွက်ပါ အကျိုးရှိစေမယ့် လုပ်ကိုင်ဆောင်ရွက်နည်းမျိုး ဖြစ်ပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် သမ္မတဟောင်း ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီကို ပြန်ဦးဆောင်မယ့် ကိစ္စ၊ ရွေးကောက်ပွဲမှာ ပါတီ ရှုံးနိမ့်ခဲ့တာကို တာဝန်ယူတဲ့ကိစ္စ၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အနိုင်ရအောင် ကြိုးစားမယ်လို့ ပြောဆိုတဲ့ ကိစ္စတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ကောင်းမွန်တဲ့ ပြောဆို ပြုမူမှုမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပါတီကို ပြန်လည် တည်ဆောက်ရာမှာ တပ်မတော်နဲ့ ချိတ်ဆက်မထားတော့ပဲ၊ တပ်မတော် စစ်ခေါင်းဆောင် တွေရဲ့ အသုံးတော်ခံပါတီ အဖြစ်ကနေ ရပ်ဆိုင်းပြီး ပြည်သူလူထု ကြိုက်နှစ်သက်တဲ့၊ ပြည်သူလူထု ထောက်ခံတဲ့၊ ဒီမိုကရေစီ ခေတ်နဲ့ လျော်ညီတဲ့ ပါတီတစ်ခု ဖြစ်အောင် အောက်ခြေကစ ပြောင်းလဲ တည်ဆောက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။