၂၁ ရာစု ပင်လုံညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမူမျိုး ဆုတ်ကိုင်ထားသလဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်

Your browser doesn’t support HTML5

၂၁ ရာစု ပင်လုံညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမူမျိုး ဆုတ်ကိုင်ထားသလဲ

ပြီးခဲ့တဲ့ ရက်ပိုင်း ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ညီလာခံ မလုပ်ခင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ထိုးမထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ SSPP/SSA ရှမ်း တပ်ဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဆေထင်၊ ခူဦးရယ် စတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဘာတွေ အပြန်အလှန်ဆွေးနွေးကြတယ် မသိရပေမယ့် အခုရက်ပိုင်းအတွင်း ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ အဲဒီ ဆွေးနွေးပွဲ မစခင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ အဖွင့်စကားကို ဖတ်ရှုကြရပါတယ်။ ဒီ အဖွင့် အမှာစကားထဲမှာ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားတွေ၊ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ NCA စာချုပ်ဆိုင်ရာ ကိစ္စတွေ ပါဝင်ခဲ့ပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲထားတဲ့ ငြိမ်းချမ်းရေး မူဝါဒဟာ အရင် အစိုးရလက်ထက်က ချမှတ်ထားတာတွေနဲ့ အတူတူပဲလား၊ ကွဲပြားမှုတွေ ရှိနေသလား၊ အဲဒီမူဝါဒ အောက်မှာ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိသလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ပထမဦးဆုံး အရေးကြီးတဲ့ အချက်က ၂၁ ရာစု ပင်လုံညီလာခံ ဆိုတဲ့ နာမည်အပေါ် သဘောထား ဖွင့်ဆိုချက်ပါ။ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်လို့ ပြောလိုက်တဲ့အခါ တစ်ချို့ တိုင်းရင်းသားခေါင်းဆောင်တွေက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းနေ တိုင်းရင်းသားတွေ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ အချက်တွေကို အခြေခံမယ်လို့ ထင်သူ ထင်ကြပါတယ်။ တစ်ချို့ တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ ပင်လုံညီလာခံ လို့ ဆိုလိုက်တာနဲ့ ပင်လုံစာချုပ်ထဲမှာပါတဲ့ ခွဲထွက်ခွင့် ဆိုတာကိုလည်း အသိအမှတ်ပြုရမယ်ဆိုပြီး ပြောသူက ပြောကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေကို ပင်လုံ Agreement ပေါ်မှာ အခြေမခံဘူး၊ ပင်လုံ စိတ်ဓာတ် အပေါ်မှာပဲ အခြေခံမယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ သူ့ပြောဆိုချက်အရ ပင်လုံသဘောတူညီချက်ဟာ ယေဘူယျ သဘောဆန်တယ်၊ စာချုပ်ထဲမှာ အဓိကအားဖြင့် ကချင်တိုင်းရင်းသားတွေနဲ့ ပတ်သက်တာ အဓိက ဖော်ပြထားပြီး ရှမ်း၊ ချင်းနဲ့ ဗမာ ကိစ္စတွေ နည်းနည်းပါတယ်လို့ ဆိုပါတယ်။ ကျန်တိုင်းရင်းသားတွေ ဖြစ်တဲ့ မွန်လည်းမပါ၊ ကယားလဲ မပါ၊ ရခိုင်နဲ့ အခြား တိုင်းရင်းသားတွေ ကိစ္စလည်း မပါဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကျဉ်မြောင်းတဲ့ ပင်လုံသဘောတူညီချက်အစား ပူးပေါင်းခြင်း၊ ပူးပေါင်းဆက်ဆံရေး လက္ခဏာဆောင်တဲ့ ပင်လုံ စိတ်ဓာတ် ဆိုတာကိုပဲ အခြေခံမယ်လို့ ရှင်းပြခဲ့ပါတယ်။

နောက် ကိစ္စ တစ်ခုကတော့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ အခေါ်အဝေါ်ဆိုင်ရာ ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်က ခေတ်သစ် မြန်မာ့သမိုင်းမှာ အုပ်ချုပ်သူ အာဏာပိုင်တွေ လက်မခံ၊ အန္တရယ်ပြုနေတဲ့ ကြားက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဖက်ဒရယ်ဆိုတဲ့ အသုံးနှုန်းကို အစောဆုံး သုံးနှုန်းခဲ့တဲ့ အဖွဲ့အစည်းဖြစ်တဲ့အကြောင်း၊ ကမ္ဘာပေါ်မှာ ဖက်ဒရယ် နဲ့ ပတ်သက်ပြီး အဓိပါယ် ဖွင့်ဆိုချက် အမျိုးမျိုးရှိနေပြီး ဒီနေ့အချိန်ထိ အဓိပါယ် ဖွင့်ဆိုနေကြဆဲ ဖြစ်တဲ့အကြောင်း၊ လက်ရှိ နိုင်ငံတကာမှာ ကျင့်သုံးနေကြတဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီ၊ ဆွစ်ဇာလန် စတဲ့ နိုင်ငံတွေမှာလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြပုံခြင်း မတူတဲ့အကြောင်း၊ သူ့နည်း သူ့ဟန်နဲ့သူ အောင်မြင်နေကြတဲ့အကြောင်း၊ သူနားလည်ပြီး အများသူငါကို ပြောပြတဲ့ ဖက်ဒရယ် ဆိုတာကတော့ ခွဲထွက်ခြင်စရာ အကြောင်းမရှိတဲ့ နိုင်ငံတော်အဆောက်အဦကို တည်ဆောက်တာပဲ ဖြစ်ကြောင်း၊ ဒါကြောင့် အားလုံးညှိနှိုင်း သဘောတူထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကပဲ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဆိုတာကို သတ်မှတ်ပေးမှာ ဖြစ်ကြောင်း ရှင်းပြပါတယ်။

နောက်ပြသနာ တစ်ခုကတော့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ဖို့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ် ထိုးဖို့ လိုမလို ဆိုတဲ့ ပြသနာပါ။ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အရင်အစိုးရ ချုပ်ဆိုထားတဲ့ စာချုပ်အရ NCA ထိုးပြီးတဲ့ အဖွဲ့တွေမှသာ ညီလာခံကို တင်းပြည့်ကြပ်ပြည့် ကိုယ်စားလှယ် အဖြစ် တက်ခွင့်ရတာပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူပါတယ်။ သူ့အနေနဲ့ အပစ်ရပ် စာချုပ် လက်မှတ်ထိုးမထားသူတွေလည်း ညီလာခံကို အားလုံး စုံစုံညီညီ တက်ရောက်နိုင်ဖို့ လမ်းဖွင့်၊ ကြိုးစားပေးသွားမှာ ဖြစ်ပေမယ့် အဲဒီ ကိုယ်စားလှယ်တွေဟာ NCA လက်မှတ်ထိုးထားတဲ့သူတွေနဲ့တော့ တန်းတူ ရည်တူ အခွင့်အရေး ရမှာတော့ မဟုတ်ဘူး ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့ပါတယ်။ သူက အဲလိုသာ တန်းတူ အခွင့်အရေးပေးလိုက်ရင် ဘယ်သူကမှ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအတွက်လည်း အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် NCA စာချုပ်ပါ အချက်တွေကို ပြင်ဆင်ပေးဖို့ကိုလည်း လမ်းဖွင့်ပေးထားတယ်လို့ ရှင်းပြခဲ့ပါတယ်။

နောက်တစ်ခုကတော့ သူဦးဆောင်ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံဟာ အပစ်အခတ် ရပ်စဲရေးသက်သက်ကို အခြေခံမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာပါ။ နိုင်ငံတကာ အတွေ့အကြုံတွေအရ နှစ်ဖက် စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြတဲ့ အနေအထားအောက်မှာ အပစ်အခတ် ရပ်စဲရေး ကျိုးပေါက်ဖို့ ဆိုတာ အတော်လွယ်ကူတဲ့ ကိစ္စဖြစ်တဲ့အကြောင်း၊ အဲလို အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားရတဲ့ သာဓက အများကြီး ရှိတဲ့အကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ အပစ်ရပ်ရေးကို အခြေမခံတဲ့ ငြိမ်းချမ်းရေး ညီလာခံမျိုးကို ကျင်းပချင်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ညီလာခံ ထိခိုက်မှာမျိုးကိုလည်း မလိုလားဘူးလို့ ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးပြောတာက အချိန်ဇယား ပြသနာပါ။ ငြိမ်းချမ်းရေး ညီလာခံကြီး အောင်အောင်မြင်မြင် ကျင်းပဖို့ ဆိုရင် တိကျတဲ့ အချိန်ဇယား ဆိုတာမျိုး လိုအပ်တဲ့အကြောင်း၊ အိုင်ယာလန် ပြသနာ အပါအဝင် နိုင်ငံတကာ အတွေ့အကြုံတွေအရ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အချိန်ဇယား တိတိကျကျ သတ်မှတ်မထားခဲ့လို့ မျောသွားရတဲ့ ဇာတ်လမ်းတွေ ရှိတဲ့အကြောင်း၊ ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံကို အချိန်ဇယား သတ်မှတ်ပြီး ကျင်းပဖို့ အကောင်အထည် ဖော်ရတာ ဖြစ်ကြောင်း လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြောပြပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးမှာ လက်တွေ့ကျတဲ့ အမျှော်အမြင်ရှိတဲ့ မူဝါဒ လမ်းစဉ် ချမှတ်ထားတာ တွေ့နိုင်ပါတယ်။ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကိုးကန့်၊ တအဲန်းပလောင်နဲ့ AA ရခိုင်တပ်ဖွဲ့တွေ အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်မှ ညီလာခံ တက်ခွင့်ပြုနိုင်မယ်ဆိုတဲ့ တပ်မတော်ရဲ့ သဘောထား ပြောင်းလဲလိုက်ပြီလို့ ဆိုတဲ့အတွက် မကြာခင် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်တက်ရောက်ရေး ဆိုင်ရာ အခက်အခဲကြီး တစ်ရပ်ကိုတော့ ကျော်လွှားလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ အောင်အောင်မြင်မြင် ကျင်းပနိုင်မှာ ဖြစ်သလို၊ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အောင်အောင်မြင်မြင် တည်ထောင်နိုင်ဖို့ ကိစ္စကတော့ ပဋိပက္ခမှာ ပါဝင်နေတဲ့ တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ တိုင်းရင်းသား ပြည်သူတွေနဲ့ တိုင်းပြည်အပေါ် ထားတဲ့ သဘောထား မှန်ကန်ဖို့နဲ့ အမျှော်အမြင် ရှိဖို့ပဲ လိုအပ်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။