Your browser doesn’t support HTML5
မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနှစ်ကနေ စ တွက်ရင် အုပ်ချုပ်သူ အနေအထားကို လိုက်ပြီး တရုတ်-မြန်မာ ဆက်ဆံရေးမှာ ကာလကြီး (၅) ခု ဖြတ်သန်းခဲ့ရတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ၁၉၄၈-၆၂ ပါလီမန် ဒီမိုကရေစီ အစိုးရခေတ် တရုတ်-မြန်မာ ဆက်ဆံရေး၊ ၁၉၆၂-၈၈ အာဏာရှင် ဦးနေဝင်းခေတ် တရုတ်-မြန်မာ ဆက်ဆံရေး၊ ၁၉၈၈-၂၀၁၀ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ် တရုတ်-မြန်မာ ဆက်ဆံရေး၊ ၂၀၁၀-၁၅ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ခေတ် တရုတ်-မြန်မာ ဆက်ဆံရေး နဲ့ လက်ရှိ ၂၀၁၅ က စတင်မယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရခေတ် တရုတ်-မြန်မာ ဆက်ဆံရေး တို့ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် မိုင်ပေါင်းများစွာ ထိစပ်နေတဲ့ အိမ်နီးချင်း တိုင်းပြည် ဖြစ်တာ၊ ကမ္ဘာ့ စီးပွားရေး ဒုတိယ အင်အားအကြီးဆုံး တိုင်းပြည် ဖြစ်လာတာ၊ အာရှဒေသမှာ စစ်အင်အားကြီးတဲ့ တိုင်းပြည် ဖြစ်တာ စတဲ့ အကြောင်းအချက်တွေ အများကြီးကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ ခုတစ်ပတ်မှာတော့ အရင် အစိုးရ အဆက်ဆက်လက်ထက် တရုတ်-မြန်မာ ဆက်ဆံရေး ဘယ်လို ရှိခဲ့သလဲ၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် လက်ထက် တရုတ်-မြန်မာ ဆက်ဆံရေး ဘာဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။
မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်သစ်ထက် တစ်နှစ်လောက် စောပြီး ၁၉၄၈ ခုနှစ်မှာ အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေးရပါတယ်။ ၁၉၄၉ ခုနှစ်မှာတော့ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေဟာ တရုတ်ပြည်သစ် တည်ထောင်နိုင်ခဲ့ပါတယ်။ တရုတ်ပြည်သစ် တည်ထောင်လိုက်တာနဲ့ ပတ်သက်ပြီး ကွန်မြူနစ် မဟုတ်တဲ့ နိုင်ငံတွေထဲက အစောဆုံး အသိအမှတ် ပြုခဲ့တာကတော့ မြန်မာနိုင်ငံပါ။ ပြောရရင် လွတ်လပ်ရေး ရကာစ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ပြည်တွင်းစစ် ဖြစ်နေသလို၊ တရုတ်အစိုးရကလည်း တစ်နိုင်ငံလုံး လွှမ်းခြုံ သြဇာအာဏာ သက်ရောက်နေတဲ့ အခြေအနေ မရောက်သေးပါဘူး။ ထိုင်ဝမ်ကို ထွက်ပြေးသွားတဲ့ ကူမင်တန် အစိုးရရဲ့ ထောက်ခံအားပေးမှုနဲ့ ကွန်မြူနစ်အစိုးရကို ဆန့်ကျင်သူတွေ၊ ပြည်တွင်းက ကွန်မြူနစ် ဆန့်ကျင်သူတွေကို တိုက်ခိုက်နှိမ်နင်းမှုတွေ ဆက်လုပ်နေရတဲ့ ကာလမျိုးလည်း ဖြစ်ပါတယ်။ ဒီလို နှစ်နိုင်ငံစလုံး တည်ငြိမ်မှု မရှိတဲ့ကြားကပဲ အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။
သမိုင်းဝင် အရေးပါတဲ့ ဖြစ်ရပ်ကတော့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဟာ ၁၉၆၂ ခုနှစ် မတိုင်ခင် နယ်နိမိတ် ပြသနာ ဖြေရှင်းနိုင်ခဲ့ပြီး နယ်နိမိတ် တိုင်းတာ သတ်မှတ်ရေးကိစ္စတွေ အပြီးတိုင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်နိုင်ငံအတွက်တော့ တရုတ်နိုင်ငံဟာ ဒီကနေ့ အချိန်ထိ နယ်နိမိတ် ပြသနာ အားလုံးဖြေရှင်းနိုင်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံပါ။ အဲဒီအချိန် နှစ်နိုင်ငံစလုံးကို ဒုက္ခပေးနေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲ ဝင်ရောက်ခိုလှုံနေတဲ့ ထိုင်ဝမ် ကျောထောက်နောက်ခံပြု ကူမင်တန် တပ်ဖွဲ့တွေ ပြသနာကိုလည်း နှစ်ဖက် အစိုးရ၊ နှစ်ဖက် တပ်မတော် ပူးပေါင်းပြီး သံတမန်ရေး၊ စစ်ရေးနည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်း တိုက်ထုတ်နိုင်ခဲ့တဲ့ အောင်မြင်မှုလည်း ရခဲ့ပါတယ်။ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေး ဆိုတာ အဲဒီကာလ က အစပြုခဲ့တာပါ။ ၁၉၅၆ ခုနှစ် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မန်ရှီမြို့မှာ ဆွေမျိုးပေါက်ဖေါ် အထိမ်းအမှတ် အဆောက်အဦ ဆောက်လုပ်ပြီး တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနဲ့ မြန်မာဝန်ကြီးချုပ် ဦးဘဆွေ တို့ ဖွင့်လှစ်ပေးနိုင်ခဲ့တာကလည်း အဲဒီကာလ မှာပါပဲ။ ပြောရရင် အာဏာရှင် ဦးနေဝင်းလက်ထက် ၁၉၆၇ မတိုင်ခင် အချိန်ထိ တရုတ်-မြန်မာ ဆက်ဆံရေးကို ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေးလို့ တင်စား ခေါ်ဝေါ်ရသည်အထိ ကောင်းမွန်ခဲ့တာ တွေ့နိုင်ပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းတက်လာတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကတော့ ၁၉၆၇ ခုနှစ်မှာ ပြင်လို့မရတဲ့ ကြီးမားတဲ့ အမှားကြီး တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါကတော့ တရုတ်-မြန်မာ အရေးအခင်းကြီး ဖန်တီးခဲ့တာပါ။ ရန်ကုန်နဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ တရုတ်လူမျိုးတွေ သတ်ဖြတ်၊ တိုက်ခိုက်တာ ခံရပါတယ်။ ရန်ကုန်၊ တရုတ်စီးပွားရေးသံရုံးပါ တိုက်ခိုက်ခံရပါတယ်။ တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာနိုင်ငံထဲက တရုတ်တွေ တရုတ်ပြည်နဲ့ နိုင်ငံရပ်ခြား ထွက်ပြေးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် တရုတ်ခေါင်းဆောင်တွေဟာ သူတို့ နိုင်ငံထဲ ရောက်ရှိခိုလှုံနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ အဖွဲ့ဝင် တစ်ချို့နဲ့ တိုင်းရင်းသား တစ်ချို့ကို ရှေ့တန်းတင်၊ ဗကပ အလံထောင်၊ ဗော်လံတီယာ တပ်ဖွဲ့တွေ အသုံးပြုပြီး မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းကို စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပေါ်စေခဲ့တာပါပဲ။
လက်ရှိချိန်ထိ ဖြေရှင်းလို့ မရသေးတဲ့ ဝ၊ ကိုးကန့်နဲ့ မိုင်းလားဒေသ ပြသနာတွေဆိုတာ အဲဒီအချိန်ကစ ပေါက်ဖွားလာတာပါ။ နယ်စပ်မှာ ဗကပ က ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း အာဏာရှင် ဦးနေဝင်းအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားခဲ့ပေမယ့် သိပ်ပြီး နွေးနွေးထွေးထွေး မရှိလှတော့ပါဘူး။
ပြည်သူလူထုရဲ့ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားတဲ့ ၈၈ အရေးအခင်းကာလ ၁၉၈၈ မှာ အာဏာသိမ်း တက်လာတဲ့ စစ်အစိုးရလက်ထက် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကတော့ အစိုးရချင်း ဆက်ဆံရေးမှာ အားကောင်းခဲ့ပါတယ်။ တရုတ်နိုင်ငံကိုယ်တိုင် ၁၉၈၉ တီအင်န်မင် ဆန္ဒပြမှု အရေးအခင်းတွေမှာ အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်ခဲ့တော့ မြန်မာနည်းတူ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုနဲ့ စီးပွားရေးအရ ကန့်သတ်မှုတွေကို ရင်ဆိုင်လာရပါတယ်။ တစ်ဖက်မှာလည်း တရုတ်ကုမ္ပဏီကြီးတွေ နိုင်ငံတကာ ထွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြတာ၊ တရုတ်ပြည်တွင်းမှာ စွမ်းအင်နဲ့ သယံဇာတ လိုအပ်ချက်ကြီးမားလာတာတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီး မြန်မာစစ်အာဏာရှင် အစိုးရနဲ့ ကျောခြင်းကပ်ရတဲ့ အနေအထား ရောက်သွားစေခဲ့ပါတယ်။ အဲဒီကာလ မြန်မာပြည်သူတွေဟာ သူတို့ကို ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင် စစ်အစိုးရကို မုန်းတီးကြသလို၊ အဲဒီ အာဏာရှင်အစိုးရကို အဖက်ဖက်က အကာအကွယ်ပေးနေတဲ့၊ မြန်မာ့သယံဇာတ တွေကို စုတ်ယူဝါးမြိုနေတယ်လို့ ထင်မြင်ယူဆ တဲ့ တရုတ်နိုင်ငံကိုလည်း မုန်းတီးနေခဲ့ကြတာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ရောက်လာတဲ့အခါ ပြည်သူလူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုကြောင့် တရုတ်က အကောင်အထည် ဖော်မယ့် စက်တပ်ဆင်အား မဂ္ဂါဝပ် ၂၂၀၀၀ကျော်၊ ရင်းနှီးမြှုပ်နှံမှု ဘီလျံ ၃၀ ကျော် တန်ဘိုးရှိမယ့် ဧရာဝတီ မြစ်ဆုံနဲ့ မြစ်ညှာ မြစ်ဝှမ်းဒေသက ရေအားလျှပ်စစ် စီမံကိန်းတွေ ယာယီ ရပ်ဆိုင်းထားလိုက်ပါတယ်။ သူ့အစိုးရသက်တမ်း တလျောက် ဒီကိစ္စ ဘာမှ အရေးယူဆောင်ရွက်တာ မလုပ်ခဲ့ပါဘူး။ ၂၀၁၅ နှစ်ဆန်းမှာတော့ တရုတ်ပြည်ဘက်ကို တိမ်းရှောင်သွားတဲ့ ဖုန်ကျားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တွေ ကိုးကန့်နယ်ထဲ ရှောင်တခင် ဝင်ရောက်တိုက်ခိုက် ပါတယ်။ မြန်မာ့တပ်မတော် အတွက် သမိုင်းတွင်တဲ့ ကျဆုံးမှုကြီးကြီးမားမားနဲ့ ကြုံလိုက်ရပြီး အရှက်လည်း ရစေခဲ့ပါတယ်။ နောက်ပိုင်း မြန်မာ- တရုတ် ဆက်ဆံရေး အေးစက်သွားပါတော့တယ်။
အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်-မြန်မာ ဆက်ဆံရေး ပဉ္စမ ကာလ ကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ တရုတ်-မြန်မာ ဆက်ဆံရေး မှာ ဒေါ်အောင်ဆန်းစုကြည် လိုလားတာဟာ မြန်မာနိုင်ငံ မှာ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရစေဖို့ တရုတ်အစိုးရရဲ့ ကူညီမှု ဖြစ်ပါတယ်။ ပြည်သူချင်း ဆက်ဆံရေးကို အလေးထားပြီး နှစ်နိုင်ငံ အကျိုးရှိမယ့် ကိစ္စတိုင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ် ဆိုတာ ထုတ်ပြောခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီ အဆိုပြုချက်တွေကို တရုတ်နိုင်ငံဘက်က ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ခုဆို ၂၁ရာစု ပင်လုံညီလာ ခံ ဖြစ်မြောက်ရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေအတွက် တတ်နိုင်သလောက် ကူညီနေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းသူပြည်သား အကျိုးစီးပွားကို အခြေပြုပြီး နှစ်နိုင်ငံ အကျိုးစီးပွားကို အလေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင် စစ်အာဏာရှင်တွေနဲ့ ခြားနားတဲ့ ပေါ်လစီသစ်ဟာ အရင် ပါလီမန် ဒီမိုကရေစီ ခေတ်ကလို တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရင်းနှီးမှုကို ပြန်ဖော်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
တည်းဖြတ်
တရုတ်ပြည်ဘက်က နောက်ပိုင်း ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေမှာ အဲဒီ တိုက်ခိုက်မှုတွေအတွက် တရုတ်နိုင်ငံဘက်က အမြှောက်လက်နက်၊ စားရေရိက္ခာ အဆင်တန်ဆာ အပြည့်အစုံအပြင် နယ်စပ်နေ တိုင်းရင်းသား တွေတင်မက၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က တပ်မှူးတပ်သားတွေကိုပါ တာဝန်ပေး တိုက်ခိုက်စေခဲ့တဲ့အကြောင်း ဖော်ပြထားခဲ့ကြပါတယ်။