၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ဘာတွေ ထူးခြားသလဲ

(၂၁)ရာစု ပင်လုံညီလာခံ ဖွင့်ပွဲ အခမ်း အနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ- ဗွီအိုအေ မြန်မာပိုင်း)

Your browser doesn’t support HTML5

၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ဘာတွေ ထူးခြားသလဲ

ခုဆိုရင် ၂၁ရာစု ပင်လုံ လို့ နာမည်ပေးထားတဲ့ ပြည်ထောင်စု ငြမ်းချမ်းရေး ညီလာခံကြီး အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့ ပါပြီ။ မြန်မာနိုင် ငံ ပြည် တွင်းလောက် မကပဲ နိုင်ငံတကာအသိုင်းအဝိုင်းကပါ အာရုံစိုက်ခဲ့တဲ့ အဲဒီ ငြိမ်းချမ်းရေး ညီလာခံကြီးဟာ တကယ်ပဲ အောင်မြင်မှုရတဲ့ ညီလာခံ တစ်ခု ဖြစ်ပါရဲ့လား၊ ညီလာခံမှာ ဘယ်လို ထူးခြားချက်တွေ ရှိခဲ့သလဲ၊ ညီလာခံရဲ့ ရှေ့အနာဂတ် ဘာတွေ ဆက်ဖြစ်လာနိုင်ဦးမလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အနီးခေတ် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ လက်ရှိ ကျင်းပပြီး သွားတဲ့ ၂၁ ရာစု ပင်လုံ၊ ငြိမ်းချမ်းရေး ညီလာခံဟာ ပထမ ဦးဆုံးသော ညီလာ ခံတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၅ နှစ်တာကာလ အာဏာရခဲ့တဲ့ သမ္မတဦးသိန်းစိန်၊ သူ့သက်တန်း မကုန်ခင် ၂၀၁၆ နှစ်ဆန်းပိုင်းတုန်း က ငြိမ်းချမ်းရေး ညီလာခံ တစ်ခု လုပ်ခဲ့ဖူးပါသေးတယ်။ အခု ၂၁ရာစု ပင်လုံ၊ ငြိမ်းချမ်းရေး ညီလာခံ ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ အာဏာရပြီး ၅ လအတွင်း ကျင်းပတဲ့ ညီလာခံ တစ်ခုဖြစ်ပါတယ်။ ဒီညီလာခံကို ၂၁ ရာစု ပင်လုံ၊ ပထမ ငြိမ်းချမ်းရေး ညီလာခံလို့ ခေါ်ဝေါ်ကြပြီး နောက် ၆ လ အတွင်း ဒုတိယ အကြိမ်၊ နောက်ပိုင်း တတိယ၊ စတုတ္တ စသဖြင့် ဆက်တိုက် ကျင်းပသွားဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

လက်ရှိ အချိန် အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေ၊ အပစ်ရပ် သဘောတူ ညီချက်လည်း တစ်စုံတစ်ရာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ကေအိုင်အို ဒုဥက္ကဌ ဦးအင်ဘန်လ၊ တစ်နည်း သူပုန်တပ်ဖွဲ့ တစ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက် အနေနဲ့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအ ဝင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား ခေါင်းဆောင် အသီးသီးေ ရှ့မှောက်မှာ စကားပြောဆိုခွင့် ရခဲ့ရုံမက ဒီလိုပြောဆိုနေတာကို တတိုင်းပြည်လုံး၊ တကမ္ဘာလုံးက ကြည့်ရှုနိုင်အောင် ခွင့်ပြုပေးထားတာကိုကြည့်ရင် ဒီ ညီလာခံကြီး ဘယ်လောက် ထူးခြားမှုရှိတယ် ဆိုတာ သတိပြုမိနိုင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးစဉ်က တည်းက ဘယ်တုန်းက မှ မြင်တွေ့ခွင့်မရ တဲ့ မြင်ကွင်း မျိုး ဖြစ်ပါတယ်။

အလားတူပါပဲ။ ညီလာခံ ဖွင့်ပွဲနေ့ ညနေပိုင်း အစီအစဉ်မှာ ပွဲစီစဉ်တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ချင်းအမျိုးသား တပ်ဦးက ဒေါက်တာဆလိုင်း လျံမုန်း ဆာခေါင်းနဲ့ ABSDF က ရဲဘော်မျိုးဝင်း တို့က ညီလာခံ တက်သူတွေ နဲ့ လေ့လာ သူတွေ လိုက်နာရမယ့် စည်းကမ်းအကြောင်း ပြောဆိုခဲ့ပါတယ်။ ညီလာခံ တက်တဲ့ ကိုယ်စားလှယ်တွေ လိုက်နာရမယ့် အချက် (၁၆) ချက်ထဲက အချက်နံပတ် ၆ နဲ့ ၇ မှာ ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေကို အသံဖမ်းတာ၊ ဗီဒီယိုရိုက်တာ မလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။ဒါတင်မက ညီလာခံအတွင်း ကြေငြာချက်တွေ၊ စာရွက်စာတမ်းတွေ ဖြန့်ဝေလိုတယ်ဆိုရင်လည်း ကျင်းပရေး အဖွဲ့ကို အသိပေးရမှာဖြစ်ပြီး ခွင့်ပြုမှ ဝေငှတာ လုပ်ရမယ်လို့ ကြေငြာပါတယ်။

လေ့လာသူတွေ ဆိုရင်လည်း ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေကို အသံဖမ်းတာ၊ ဗီဒီယိုရိုက်တာ မလုပ်ရရုံတင်မက၊ နောင် အဲဒီ ပြောဆို တင်ပြ ချက်တွေကို ပြန်ပြောဆိုတာ၊ ပြန်ရေးသားတာ လုပ်ရင်လည်း တင်ပြခဲ့သူရဲ့ နာမည်နဲ့ အဖွဲ့အစည်းကို ဖော်ပြခြင်း မပြုရဆိုပြီး ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ညီလာခံကို ခန်းမထဲမှာပဲ အကန့်အသတ်နဲ့ ကျင်းပဖို့ ရည်ရွယ် ထားတာမျိုးပါ။ ဒါပေမယ့် ပွဲစီစဉ်သူတွေ အနေနဲ့ ဘယ်လိုပဲ ကန့်သတ် ထားခဲ့ သည်ဖြစ်စေ၊ နောက်ရက်ကျင်းပတဲ့ ညီလာခံ အစည်းအဝေး တင်ပြချက်တွေကို အစိုးရပိုင်နဲ့ ပုဂ္ဂလိက ချယ်နယ်တွေကနေ တိုက်ရိုက် ထုတ်လွှင့်ပြသလိုက်တဲ့အခါ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ အဟောသိကံ လို ဖြစ်သွားစေပါတယ်။ ညီလာခံကျင်းပပုံ၊ ကိုယ်စားလှယ်တွေ တင်ပြပုံနဲ့ ပတ်သက်ပြီး နိုင်ငံ ပိုင်ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ထုတ်လွှင့်ပြသ ဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ သလို၊ အဲလို ထုတ်လွှင့်ပြသလိုက်တဲ့အတွက်လည်း ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ရင် အခု ညီလာခံဟာ မြန်မာ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့သည်အထိ ထူးခြားမှု ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီ ထုတ်လွှင့်မှုကြောင့်ပဲ ပြည်တွင်းက တိုင်းရင်းသား ပြည်သူအားလုံးဟာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ လက်နက်ကိုင် တိုင်းရင်းသား၊ နိုင်ငံရေးပါတီ အစုအဖွဲ့အသီးသီးနဲ့ လူပုဂ္ဂိုလ် အသီးသီးရဲ့ ထင်မြင်ယူဆချက်တွေ၊ လိုလားချက်တွေကို သိခွင့်ရသွားကြတာ ဖြစ်ပါတယ်။

ညီလာခံရဲ့ နောက် ထူးခြားချက်ကတော့ ကိုးကန့်၊ တအဲန်းပလောင်နဲ့ ရခိုင် AA တပ်ဖွဲ့ (၃) ခုက ကိုယ်စားလှယ်တွေ တက်ခွင့်မရတာကလွဲရင် မြန်မာနိုင်ငံမှာရှိတဲ့ ဘက်အသီးသီးက အင်အားစုတွေ တကယ့်ကို စုံစုံညီညီ တက်တဲ့ ညီလာခံ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ဆန်း သမ္မတ ဦးသိန်းစိန် လက်ထက် ကျင်းပခဲ့တဲ့ ညီလာခံတုန်းက ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ တကယ့် ပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေ တက်ခွင့်မရသလို၊ NCA အပစ်ရပ် လက်မှတ်ထိုးမထားတဲ့ ကေအိုင်အို ဦးဆောင်တဲ့ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း တက်ရောက်တာ မဟုတ်ပါဘူး။ အလားတူ သီးခြားလိုဖြစ်နေတဲ့ UWSA ၀ နဲ့ မိုင်းလား အဖွဲ့ ကိုယ်စားလှယ်တွေလည်း မတက်ရောက်ကြပါဘူး။ ဒီ ၂၁ ရာစု ပင်လုံညီလာခံကတော့ အားလုံး စုံစုံညီညီ တက်တဲ့ပွဲ၊ အားလုံး ကိုယ့်သဘောထား ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်တဲ့ ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ညီလာခံ ဒုတိယ နေ့မှာတော့ UWSA ၀ အဖွဲ့ကိုယ်စားလှယ်တွေ ပြန် ထွက်ခွာသွားတဲ့ ဖြစ်စဉ်တော့ ကြုံခဲ့ရပါတယ်။ တကယ်တော့ ဒီ အဖြစ်အပျက်ဟာ အစိုးရကသော်၎င်း၊ တပ်မတော်ဘက်ကသော်၎င်း တမင် ခွဲခြားဆက်ဆံတဲ့ အနေအထားမျိုး မဟုတ်ပဲ ကိုယ်စားလှယ်အဖွဲ့နဲ့ ပွဲစီစဉ်ရာမှာ ပါဝင်တဲ့ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေအကြား ချိတ်ဆက်မှု လွဲချော်ခဲ့တဲ့ ဖြစ်စဉ်လောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် UWSA အဖွဲ့ကိုယ်တိုင်က တကယ့် ခေါင်းဆောင်တွေ တက်တာ မဟုတ်ပဲ မြို့ပေါ် ဆက်ဆံရေးရုံး တာဝန်ရှိသူတွေလောက်ပဲ စေလွှတ်တာ၊ ဖြစ်စဉ် စ ဖြစ်ဖြစ်ချင်း အဲဒီ ကိုယ်စားလှယ်တွေက သူတို့ ဗဟိုဌာနချုပ်ကို သတင်းပို့ခဲ့တာ၊ ဒီအပေါ်မှာ အဝေးက ဗဟိုခေါင်းဆောင်တွေကလည်း နားလည်မှုလွဲပြီး ပြန်ခေါ်တာ စတဲ့ အကြောင်းကြောင်းကြောင့် ၀ ကိုယ်စားလှယ်အဖွဲ့ ပြန်သွားတဲ့ အနေအထား ဖြစ်ပေါ်စေခဲ့တာပါ။ အကောင်းဘက်က တွေးကြည့်ရင်တော့ ဒီဖြစ်စဉ်ကြောင့် နောင် ဆက်ပြီး အကောင်အထည် ဖော်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၀ တပ်ဖွဲ့နဲ့ ပတ်သက်ပြီး သတိထား ကိုင်တွယ်ဆောင်ရွက်ရမယ်၊ အများကြီး ကြိုးစားအားထုတ်ဖို့ လိုမယ် ဆိုတာကိုတော့ သင်ခန်းစာ ယူနိုင်ကြပါလိမ့်မယ်။

ညီလာခံ နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့ပါတယ်။ “ ဒီညီလာခံမှာ ပွင့်ပွင့်လင်းလင်းဝေဖန်တာတို့ တိုက်ခိုက်တာတို့လည်းပါသွားပါတယ်။ ကျမကလည်း ဒီလိုဖြစ်တာဟာ ဘာမှကြောက်စရာမရှိဘူးလို့ ဒီလိုပဲ ယုံကြည်ပါ တယ်။ ပြဿနာကိုစိုးရိမ်စရာ မရှိပါ ဘူး။ ပြဿနာမရှိချင်ယောင်ဆောင်နေရတာဟာ ဒါကသာစိုးရိမ်စရာဖြစ်ပါတယ်။ ပြဿနာ မရှိချင်ယောင်ဆောင်နေ ရင် ပြဿနာတွေ ကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။” လို့ ဆိုခဲ့သလို “အခုဆိုရင် အစုအဖွဲ့ အသီးသီး ပုဂ္ဂိုလ်များ ပြောသွားတဲ့နေရာမှာ ဘယ်သူတွေဟာ အတိတ်ကို ပိုပြီးလှည့်ကြည့် တဲ့နေရာမှာအားသန်သလဲ ဘယ်သူတွေဟာ အနာဂတ်ကို မျက်နှာမူတဲ့ နေရာမှာ အားသန်သလဲ ဆိုတာလည်း ပေါ်လာပါလိမ့်မယ်။” ဆိုပြီး လည်း ပြောသွား ခဲ့ပါတယ်။ သူပြောသလိုပါပဲ။ ဒီ ၂၁ ရာစု ပင်လုံ၊ ငြိမ်းချမ်းရေး ညီလာခံဟာ တိုင်းပြည်က အင်အားစု အသီးသီးရဲ့ လိုလားချက်တွေ၊ မျှော်လင့်ချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်တဲ့၊ အဲဒီ ထုတ်ဖော်ချက်တွေကို တိုင်းရင်း သား ပြည် သူတွေ အားလုံး သိခွင့်ရခဲ့တဲ့၊ ပြဿနာတွေ ဖြေရှင်းဖို့ လမ်းစတွေ့နိုင်တဲ့၊ သမိုင်းမှာ အလွန်ထူးခြားတဲ့ ညီလာခံ တစ်ခု ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရ ပါတယ်။