သတင်းမီဒီယာ ချုပ်ကိုင်မှု နဲ့ လွတ်လပ်မှု

စာပေစီစစ်ရေးစနစ်ကို ဖျက်သိမ်းခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ထုတ်ပြန်ကြေညာတဲ့အတွက် မြန်မာ့သတင်းမီဒီယာလောကမှာ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ လွတ်လပ်မယ့် အရိပ်လက္ခဏာတွေ ပေါ်ထွက်လာပြီးမှ ဥပဒေပြုပြီး ချုပ်ကိုင်ဖို့ စီစဉ်တာကို စာနယ်ဇင်းအသင်းအဖွဲ့တွေ ဝိုင်းဝန်ကန့်ကွက်ကြပါတယ်။ ဒါပေမဲ့ မကြာမီ လွှတ်တော်က အတည်ပြုလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို ချိုးဖျက်ရင် ကျပ်ငွေသိန်းငါးဆယ်က သိန်းတစ်ရာအထိ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး ငွေမပေးနိုင်ရင် ထောင် (၆) လ ကျရပါလိမ့်မယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို မလိုက်နာသူကတော့ ဒဏ်ငွေကျပ်တသိန်းက ဆယ်သိန်းအထိသာ ပေးဆောင်ရမှာဖြစ်လို့ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေချိုးဖျက်သူဟာ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးသူထက် အပြစ်ကြီးသလို ဖြစ်နေပါတယ်။ သတင်းမီဒီယာ လွတ်လပ်မှုကို ထောက်ခံအားပေးတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းဟာ ပဲရစ်အခြေစိုက် UNESCO (ခေါ်) ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နဲ့ ယဉ်ကျေးမှုအဖွဲ့ ဖြစ်ပါတယ်။

BBC ပြည်ပအသံလွှင်ဌာန တည်ထောင်တဲ့ (၇၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် Globae Scan သုတေသနဌာနဟာ ၂၀၀၇ ခုနှစ်က ၁၄ နိုင်ငံမှာ စစ်တမ်းကောက်ပါတယ်။ ဒီအထဲမှာ ၆၀ ရာခိုင်နှုန်းဟာ သတင်းမီဒီယာ လွတ်လပ်မှုကို တန်းဖိုးထားပြီး ၄၀ ရာခိုင်နှုန်းကတော့ လူမှုတည်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးကို ပိုပြီးတန်းဖိုးထားတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အနောက်ဥရောပမှာ သတင်းမီဒီယာ လွတ်လပ်မှုကို တန်းဖိုးထားသူများပြီး ရုရှားနဲ့ စင်္ကာပူလို နိုင်ငံမျိုးတွေမှာတော့ လူမှုတည်ငြိမ်ရေးကို တန်းဖိုးထားသူက အများစုဖြစ်နေပါတယ်။ နေရာဒေသကိုလိုက်ပြီး သတင်းမီဒီယာ လွတ်လပ်မှုမှာ သဘောထားအမြင် ကွဲပြားနေတာ တွေ့ရပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ဗြိတိန်နဲ့ Australia မှာလည်း သတင်းမီဒီယာ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်ပြီး အစိုးရတွေက မကျေနပ်လို့ ဥပဒေပြုဖို့ ကြိုးပမ်းနေကြပါတယ်။

သတင်းမီဒီယာ လွတ်လပ်မှုမျာ ဝါရင့်တဲ့ ဗြိတိန်နိုင်ငံမှာ စာနယ်ဇင်းကို ထိန်းသိမ်းဖို့ စဉ်းစားတဲ့ကိစ္စဟာ မြန်မာ့ဖြစ်ရပ်နဲ့ တိုက်ဆိုင်နေပါတယ်။ သတင်းရဖို့အတွက် သူများတယ်လီဖုန်းကို ဥပဒေမဲ့ ကြားဖြတ်နားထောင်တဲ့ News of the World က သတင်းထောက်နဲ့ အယ်ဒီတာတွေကြောင့် တရားသူကြီး Laveson ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်ကို ၂၀၁၁ မှာ ဖွဲ့စည်းပြီး စာနယ်ဇင်းအကျင့်သိက္ခာ၊ သတင်းသမား၊ နိုင်ငံရေးသမား နဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ ဆက်ဆံရေးစတာတွေကို စုံစမ်းစစ်ဆေးပါတယ်။ တနှစ်ခွဲလောက် စုံစမ်းစစ်ဆေးပြီး လွန်ခဲ့တဲ့ နိုဝင်ဘာလမှာ စာမျက်နှာ နှစ်ထောင်ရှိတဲ့ အစီရင်ခံစာကို ထုတ်ပြန်ပါတယ်။ စည်းကမ်းဖောက်ဖျက်တဲ့ သတင်းသမားတွေကို အရေးယူဖို့နဲ့ ဒဏ်ငွေရိုက်ဖို့အတွက် သီးသန့်ပဋိညာဉ်တခု ရှိသင့်တယ်လို့ အစီရင်ခံစာမှာ အကြံပြုထားတာကို အငြင်းပွားနေကြပါတယ်။

သတင်းမီဒီယာ ထိန်းချုပ်လိုသူတွေနဲ့ မီဒီယာလွတ်လပ်လိုသူတွေ အငြင်းပွားကြတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းကို မထိခိုက်တဲ့ ပုဂ္ဂလိက အတွင်းရေးကိစ္စကို သတင်းလုပ်နိုင်ဖို့အတွက် သူများ တယ်လီဖုန်းကို ကြားဖြတ်နားထောင်တဲ့ သတင်းသမားရဲ့ အကျင့်ဆိုးကို Guardian သတင်းစာက ဖော်ထုတ်တဲ့အတွက် News of the World တာဝန်ရှိသူတွေ အပြစ်ပေးခံရပြီး သတင်းစာကို ပိတ်လိုက်ရပါတယ်။ ဗြိတိသျှပါလီမန်က လွှတ်တော်အမတ်တွေက အသုံးစရိတ်ရပိုင်ခွင့်ကို အလွှဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်တဲ့ သတင်းကို Daily Telegraph သတင်းစာက ဝယ်ယူပြီး ၂၀၀၉ မှာ ဖော်ပြတဲ့အတွက် တပြည်လုံး ဂယက်ရိုက်ခဲ့ပါတယ်။ အနှစ်သုံးရာကျော်မှာ ပထမဆုံးအကြိမ်အဖြစ် အောက်လွှတ်တော်ဥက္ကဌ နုတ်ထုတ်သွားရပါတယ်။ အနှစ်ရှစ်ရာ သက်တမ်းရှိလာတဲ့ ဗြိတိသျှပါလီမန်က ပါတီစုံလွှတ်တော်အမတ်တွေရဲ့ အကျင့်ဆိုးကို လွတ်လပ်တဲ့သတင်းစာက ဖွင့်ချလို့ ပါလီမန်လွှတ်တော်ကို ပြုပြင်နိုင်တာ ဖြစ်ပါတယ်။

ပါလီမန်ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် တိုးတက်ရေးအတွက် လွတ်လပ်တဲ့ သတင်းမီဒီယာက ဝေဖန်သုံးသပ်ပြီး ကျားကန်ပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးမယ်ဆိုရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ စာနယ်ဇင်း၊ သတင်းမီဒီယာဆိုတဲ့ သီးခြားလွတ်လပ်တဲ့ မဏ္ဍိုင်ကြီး လေးခု ရှိရမယ်လို့ နားလည်းထားကြပါတယ်။ ဒီ မဏ္ဍိုင်လေးခုဟာ သီးခြားလွတ်လပ်စွာ တည်ရှိကြပေမယ့် တဦးနဲ့တဦး အပြန်အလှန် ထိန်းထားကြပါတယ်။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမှာ အလွန်အကျွံ မဖြစ်ဖို့အတွက် စာနယ်ဇင်းလောကနဲ့ တရားစီရင်ရေးမှာ လွတ်လပ်ဖို့ လိုပါတယ်။

နှစ်ပေါင်းရှစ်ရာ သက်တမ်းရှိတယ်ဆိုတဲ့ ဗြိတိသျှပါလီမန်ဟာ သန့်စင်ဖို့ လိုအပ်နေတုန်း ဖြစ်နေတာကို အသုံးစရိတ် အလွဲသုံးစားလုပ်မှုက သက်သေပြနေပါတယ်။ ပါလီမန် လွှတ်တော်ရဲ့ ဖောက်ပြန်မှုကို ဖော်ထုတ်နိုင်တဲ့ သတင်းမီဒီယာ လွတ်လပ်မှုဟာ ရွေးကောက်ပွဲထက် အရေးကြီးတယ်လို့ ယူဆသူတွေ ရှိလာပါတယ်။ ဒါကြောင့်မို့ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်း အများအပြားပါဝင်ပြီး သက်တမ်း (၂) နှစ်သာ ရှိသေးတဲ့ မြန်မာ့လွှတ်တော်က ဥပဒေပြဌာန်းပြီး သတင်းမီဒီယာကို စောင့်ကြည့်အရေးယူမယ်ဆိုရင် လွှတ်တော်ကို ဘယ်သူက စောင့်ကြည့်မှာလဲလို့ မေးရပါလိမ့်မယ်။