လွန်ခဲ့တဲ့နှစ် မတ်လကစပြီး သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားတပိုင်းအစိုးရဟာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်။ ရည်ရွယ်ချက်အောင်မြင်ရင် အများအပြား အကျိုးခံစားကြရပါလိမ့်မယ်။ ဒါပေမဲ့ စစ်အစိုးရဟောင်းလက်ထက်မှာ အခွင့်ထူးရခဲ့သူတွေကတော့ စည်းကမ်းနည်းလမ်းအတိုင်းလုပ်ရမှာမို့ အရင်လို လက်ဝါးကြီးအုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို ICG (International Crisis Group) ခေါ် အပြည်ပြည်ဆိုင်ရာ ပြဿနာလေ့လာရေးဌာနက သုံးသပ်ထားပါတယ်။ စာမျက်နှာ (၃၀) ရှိပြီး ဇူလိုင်လ (၂၇) ရက်နေ့က ထုတ်ဝေတဲ့ The Politics of Economic Reform ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရမှာတွေများလွန်တဲ့အတွက် အစိုးရအနေနဲ့ အရဲစွန့်ပြီး လုပ်ရတာတွေလည်း ရှိပါတယ်။ ပြုပြင်ရေးကြောင့် ပြည်သူအများစု အကျိုးခံစားရဖို့ အရေးကြီးပါတယ်။ ဂရုတစိုက် မျှမျှတတလုပ်ရင် အကျိုးခံစားရမယ့်သူ အများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ အခွင့်ထူးခံ စီးပွားရေးသမား၊ ကြံ့ခိုင်ရေးပါတီနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးသမားနဲ့ စစ်ဗိုလ်လူတန်းစားတွေကတော့ အခွင့်အရေးဆုံးရှုံးတာနဲ့ ကြုံရပါလိမ့်မယ်။ ကျွမ်းကျင်မှုမရှိရင် စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းဟာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာပါလိမ့်မယ်။
စစ်အစိုးရလက်ထက်မှာ အခွင့်ထူးခံမိသားစု (၂၀) လောက်သာ ကြီးပွားချမ်းသာကြပါတယ်။ စစ်အစိုးရက ပါမစ် လိုင်စင်နဲ့ လုပ်ငန်းကန်ထရိုက်တွေချပေးလို့ ချမ်းသာလာသူတွေ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အာဏာအလွှဲသုံးစားလုပ်မှုကြောင့် ပေါ်ထွက်လာတဲ့သူဌေးတွေ ဖြစ်တာမို့ စီးပွားရေး အပြောင်းအလဲမှာ အရင်လို လက်ဝါးကြီးအုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီသူဌေးတစုဟာ ရသမျှကိုယူပြီး ပြုပြင်ရေးမှာ လိုက်လျောညီထွေပါဝင်သွားပါလိမ့်မယ်။ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နုတ်ထွက်သွားတာဟာ အစိုးရအနေနဲ့ နည်းဟောင်းကိုစွန့်လွှတ်ဖို့ လွယ်ကူသွားပါတယ်။ ဦးတင်အောင်မြင့်ဦးနဲ့ နီးစပ်သူတွေထဲမှာ လော်စစ်ဟန် သားအဖတို့ပိုင်တဲ့ Asia World ကုမ္မဏီဟာ ထင်ရှားပါတယ်။ အခုတော့ ဒီအခွင့်အထူးခံ ကုမ္မဏီတွေဟာ အသွင်တမျိုးနဲ့ ပြန်လည်လှုပ်ရှားနိုင်အောင် ကြိုးစားနေကြပုံ ရပါတယ်။
အနှစ် (၅၀) အတွင်းမှာ စစ်တပ်ဟာနည်းမျိုးစုံနဲ့ စီးပွားရေးမှာ ကြီးစိုးခဲ့ပါတယ်။ စီးပွားရေးမှာ အခွင့်ထူးရယူပြီး ငွေပိုရှာတဲ့နည်း ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီနဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဟာ စစ်တပ်ရဲ့အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေဟာ စစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကြတာများပါတယ်။ ဆန်၊ စီးကရက်၊ အရက် နဲ့ မော်တော်ကား ရောင်းဝယ်ရေးမှာ စစ်တပ်ရဲ့ ဦးပိုင်ကုမ္မဏီက ကြီးစိုးနေတာကြာပါပြီ။ အခွင့်ထူးခံ စစ်တပ်ကုမ္မဏီတွေကြောင့် သူဌေးဖြစ်ကုန်တဲ့ စစ်ဗိုလ်တွေအများကြီး ရှိပါတယ်။ ဒီပုဂ္ဂိုလ်တွေဆက်ပြီး အခွင့်ထူးခံစားနိုင်ဖို့ အလားအလာနည်းသွားပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စိးပွားရေးလုပ်ငန်းတွေဖြစ်တဲ့အတွက် အစိုးရအနေနဲ့ သတိထားပြီး ကိုင်တွယ်ရလိမ့်မယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ဦးပိုင်ကုမ္မဏီဟာ စားသုံးဆီတင်သွင်းမှုမှာ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ပြီး အမြတ်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရတက်လာပြီး မကြာမီ လက်ဝါးကြီးအုပ်မှု ရပ်ဆိုင်းလိုက်တာကြောင့် စားသုံးဆီဈေး (၃၀) ရာခိုင်နှုန်း ကျဆင်းသွားတာ တွေ့ရပါတယ်။ ကားတင်သွင်းမှု လက်ဝါးကြီးအုပ်တာတွေကိုလည်း ၂၀၁၁ အောက်တိုဘာလမှာ ရပ်ဆိုင်းလိုက်ပါတယ်။ စစ်တပ်စီးပွားရေးလုပ်ငန်းတွေမှာလည်း အခွန်ပေးဆောင်ဖို့ တာဝန်တွေရှိနေပါတယ်။ ဒီလုပ်ငန်းတွေဟာ စီးပွားရေးကျွမ်းကျင်မှုမှာ အခြေခံတာမဟုတ်ဘဲ အခွင့်ထူးရရှိမှုအပေါ်မှာ အခြေခံတာမို့ စည်းကမ်းနည်းလမ်းအတိုင်း ပြိုင်ဆိုင်လုပ်ကိုင်နိုင်ပါ့မလားဆိုတာဟာ စဉ်းစားစရာ ဖြစ်လာပါတယ်။ အရှုံးပေါ်တဲ့လုပ်ငန်းဟာ စစ်တပ်အတွက် အကျိုးရှိမှာ မဟုတ်ပါဘူး။ စီးပွားရေးမှာ စစ်တပ်ပါဝင်တဲ့အခန်းကဏ္ဍဟာ နည်းပါးလာဖို့သာ ရှိပါတယ်။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလည်း ပြုပြင်ရေးလုပ်ဖို့ လိုအပ်တာကို သဘောပေါက်ပုံရပါတယ်။
တိုင်းနဲ့ပြည်နယ်အစိုးရတွေ အုပ်ချုပ်ရေးတာဝန်ယူရတဲ့အချိန်ကစပြီး တိုင်းစစ်ဌာနချုုပ်ရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေ နည်းသွားပါတယ်။ တိုင်းမှူးတွေဟာ ရထားတဲ့ အာဏာတွေကိုသုံးပြီး အမြတ်အစွန်းရမယ့် လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။ အခုတော့ နယ်စားပယ်စားအနေနဲ့ တိုင်းမှူးတွေအုပ်ချုပ်တဲ့ ခေတ်ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ ဝင်ငွေကောင်းတဲ့ဌာနတွေကိုကိုင်တဲ့ သူဌေးဝန်ကြီးအချို့ဟာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ အဓိကနေရာက ပါဝင်ကြပါတယ်။ အငြိမ်းစားဗိုလ်ချုပ်ကြီးသန်းရွှေ တည်ထောင်တဲ့ ကြံ့ခိုင်ရေးပါတီဟာ အခြေခံဥပဒေသစ်မှာ အရေးမပါတော့ပါဘူး။ သမ္မတ၊ ဒုသမ္မတ နဲ့ ဝန်ကြီးတွေဟာ ပါတီနိုင်ငံရေးမှာ ပါဝင်ခွင့်မရှိဘူးလို့ အခြေခံဥပဒေက တားမြစ်ထားပါတယ်။
၂၀၁၁ မတ်လကစတဲ့ ပြုပြင်ရေးဖြစ်စဉ်မှာ ကြံ့ခိုင်ရေးပါတီ မလွှမ်းမိုးနိုင်တာကို တွေ့ရပါတယ်။ ကြံ့ခိုင်ရေးပါတီဟာ စစ်အာဏာရှင်ခေတ်ရဲ့ ပြရုပ်အဖြစ် တည်ရှိနေတာမို့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အံမဝင်ဂွင်မကျ ဖြစ်နေပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ တနေရာတည်း အနိုင်ရရှိတာကိုကြည့်ရင် သန့်ရှင်းတဲ့ရွေးကောက်ပွဲမှာ နိုင်မယ့်အလားအလာမရှိပါဘူး။ ဦးအောင်သောင်းလို ပါတီခေါင်းဆောင်တွေဟာ အလွန်ချမ်းသာပေမယ့် ပါတီကိုအားသစ်လောင်းရာမှာ ကိုယ်ပိုင်ငွေကို စိုက်ထုတ်မယ့် အရိပ်လက္ခဏာမတွေ့ရကြောင်း International Crisis Group က သုံးသပ်ထားပါတယ်။