ပုဂ္ဂလိကကုမ္မဏီ နဲ့ မြေယာသိမ်းယူမှု ပြဿနာ

မင်္ဂလာဒုံမြို့နယ်ရှိ လယ်ကွင်းထဲတွင် ထွန်နွားနှင့်အတူ တွေ့ရသည့် လယ်သူမကြီးတဦး။

စက်မှုလယ်ယာနဲ့ စက်မှုဇုန် အကောင်အထည်ဖော်ဖို့အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းနဲ့ လယ်ယာမြေဧက ကိုးသန်းကို ပုဂ္ဂလိက လက်ထဲလွှဲပြောင်းဖို့ စစ်အစိုးရက ခွင့်ပြုခဲ့ပေမယ့် ၂၀၁၁ အထိ ဧကနှစ်သန်းကျော်ကိုသာ ပုဂ္ဂလိကကုမ္မဏီ နှစ်ရာကျော်က သိမ်းယူထားကြောင်း သိရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လယ်မြေသိမ်းယူမှု မရှိသေးပေမယ့် အရင်က မျိုသိပ်ခဲ့တာတွေ ပေါက်ကွဲတာကို မအူပင်၊ ရွှေနံသာနဲ့ လက်ပံတောင်းတောင် ပြဿနာတွေမှာ တွေ့နိုင်ပါတယ်။

မြေယာသိမ်းယူမှုကြောင့် ပေါ်ထွက်လာတဲ့ ပြဿနာကို ဖြေရှင်းဖို့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လွန်ခဲ့တဲ့ ဇူလိုင်လမှာ လွှတ်တော်က ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီး လအနည်းငယ်အတွင်းမှာ တိုင်စာ နှစ်ထောင်ကျော် ရရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လယ်ယာမြေအများအပြား သိမ်းယူထားတဲ့ ဇေကမ္ဘာကုမ္မဏီပိုင်ရှင် လွှတ်တော်အမတ် ဦးခင်ရွှေလို ပုဂ္ဂိုလ်မျိုး စုံစမ်းရေးကော်မရှင်မှာ ပါဝင်နေတာကို အားနည်းချက်အဖြစ် ထောက်ပြပါတယ်။ စစ်ကိုင်းတိုင်းမှာ မြေဧကသိန်းချီပြီး တရုတ်ကုမ္မဏီတွေကို လုပ်ပိုင်ခွင့်ပေးတာမျိုးရှိပေမယ့် ရန်ကုန်အနီးမှာ မြေသိမ်းတဲ့ ဇေကမ္ဘာကို လူသိများကြပါတယ်။

ဇေကမ္ဘာဟာ စီးပွားရေးလုပ်ငန်းမျိုးစုံလုပ်ကိုင်ပြီး ရန်ကုန်မြို့ပြင် စက်မှုဇုန်တည်ဆောက်ရေးမှာ ပါဝင်တဲ့ ကုမ္မဏီတခု ဖြစ်ပါတယ်။ ၁၉၉၇ မှာ မြေယာဧက ငါးထောင်သိမ်းယူပြီး မင်္ဂလာဒုံ ဥယာဉ်မြို့တော် ဂေါက်သီးကစားကွင်း၊ စက်မှုဇုန်အပိုင်း (၄)နဲ့ အိမ်ခြေလေးထောင် တည်ဆောက်တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ဟိုတယ်၊ ဓါတ်ဆီဆိုင်၊ ရေဒီယိုအသံလွှင်ရုံ၊ သံမဏီ၊ ဘိလပ်မြေ၊ ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေးမှာ ဇေကမ္ဘာကုမ္မဏီ ပါဝင်နေပါတယ်။ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့သား အိမ်ထောင်ကျတာကိုလည်း အခွင့်ထူးခံစားရတဲ့အကြောင်းရင်းတခုအဖြစ် ထောက်ပြကြပါတယ်။ ဒါပေမဲ့ ဇေကမ္ဘာကို လူသိများလာတဲ့ပြဿနာက မင်္ဂလာဒုံမြို့နယ် ရွှေနံသာ စံပြကျေးရွာက လယ်သမား (၇၁) ဦး ပိုင်တဲ့ လယ်ဧက ရှစ်ရာကျော်ကို လျှော်ကြေးအနည်းအကျဉ်းပေးပြီး သိမ်းယူမှု ဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ် အခြေစိုက် မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ၊ PDP – Peace and Diversity Party က ရွှေနံသာ လယ်သမားဘက်က လိုက်ပါဆောင်ရွက်နေပါတယ်။ ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ က ဇေကမ္ဘာရဲ့ ရွှေနံသာအရှုပ်တော်ပုံကို စာအုပ်ထုတ်ပြီး ဖွင့်ချတဲ့အထိ အငြင်းပွားမှု ပြင်းထန်လာပါတယ်။ ဦးနေမျိုးဝေနဲ့အဖွဲ့ကို အစိုးရက ထိန်းသိမ်းသင့်ကြောင်း စုံစမ်းရေးကော်မရှင်နဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဇေကမ္ဘာဦးခင်ရွှေက ပြောသွားပါတယ်။ ပုဂ္ဂလိကကုမ္မဏီနဲ့ လယ်သမား အကျိုးတူပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ မန္တန်ကို ၂၀၀၈ မှာ အဲဒီတုန်းက ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးသိန်းစိန်ကစပြီး ရွတ်ဆိုခဲ့ကြပါတယ်။ အဲဒီခေတ်က ဆောင်ပုဒ်တွေနဲ့ ကြွေးကြော်သံတွေထုတ်ပြီး ကြက်ဆူပင်စိုက်တာမျိုးတွေလည်း ရှိပါတယ်။

ဒါပေမဲ့ စစ်အစိုးရခေတ်မှာ အမိန့်နာခံပြီး လုပ်ရတာဖြစ်လို့ အကျိုးတူစီးပွားစီမံကိန်းကို ကုမ္မဏီရော လယ်သမားရော စိတ်ပါကြတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အကောင်အထည်ဖော်ရာမှာ ကုမ္မဏီက ငွေဆုံး၊ လယ်သမားက နစ်နာဆုံးရှုံးပြီး ပြဿနာပေါ်ရတယ်လို့ PDP ပါတီက ဆိုပါတယ်။ လယ်ကွက်ကလေးကို စုပေါင်းပြီး လယ်ကွက်ကြီး ဖြစ်လာဖို့အတွက် အစိုးရပိုင်း၊ ပုဂ္ဂလိကပိုင်းနဲ့ လယ်သမားတို့ ပူးပေါင်းဆောင်ရွက်တာဟာ လက်ရှိ အစိုးရလမ်းစဉ်ဖြစ်ကြောင်း စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနထုတ် လယ်ယာမြေ စီးပွားသတင်းမှာ လွန်ခဲ့တဲ့ နိုဝင်ဘာလ (၂၁) ရက်နေ့က ဖော်ပြပါတယ်။ ဒါပေမဲ့ လယ်ယာမြေ သိမ်းယူပြဿနာတွေက ဒီအကျိုးတူ စီမံကိန်းက ပေါ်ထွက်လာတာတွေဖြစ်လို့ အစိုးရရဲ့ လုပ်နည်းကိုင်နည်းကို ပြန်လည်ဆန်းစစ်သင့်တယ်လို့ ယူဆကြပါတယ်။

ဘေးမဲ့တောမှာ စိုက်ခင်းလုပ်တာကြောင့် သဘာဝထိန်းသိမ်းရေး စီမံကိန်း ပျက်စီးတာလည်း ရှိပါတယ်။ ဟူကောင်းချိုင့်ဝှမ်းဒေသမှာ စတုရမ်းကီလိုမီတာ (၂) သောင်းကျော်ရှိတဲ့ ကျားဘေးမဲ့တောကြီးကို ၂၀၀၄ မှာ သတ်မှတ်ခဲ့ပေမယ့် ၂၀၀၆ ရောက်တော့ ဘေးမဲ့တောမှာ စိုက်ပျိုးရေးလုပ်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ယုဇနကုမ္မဏီကို ခွင့်ပြုလိုက်ပါတယ်။ ဧက နှစ်သိန်းကျော် စိုက်ပျိုးခွင့်ရတဲ့ ယုဇနကုမ္မဏီဟာ လုပ်ကွက်နဲ့ငြိနေတဲ့ ကျေးရွာ (၁၁) ရွာက မြေဧက (၃၅၀၀) ကျော်ကို နည်းမျိုးစုံသုံးပြီး သိမ်းယူပါတယ်။ မြေရိုင်းတဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ဖို့ ငွေရင်းကျပ်တသိန်းခွဲ ကုန်ကျတာကို သိရက်သားနဲ့ ယုဇနကုမ္မဏီ က တဧက လျှော်ကြေးကျပ်သုံးသောင်း ပေးတာကို လယ်သမားတွေက မကျေမနပ် ဖြစ်ရပါတယ်။

ဖြစ်ရိုးဖြစ်စဉ်ကတော့ အစိုးရစီမံကိန်း အကောင်အထည်ဖော်မယ်နေရာမှာ အရင်ဆုံး အစိုးရတပ်က စစ်စခန်း ဆောက်ပါတယ်။ နောက်တော့ ပုဂ္ဂလိက ကုမ္မဏီတွေ ရောက်လာပါတယ်။ မြေယာတွေကို အစိုးရဆီက ဝယ်ပြီးပြီလို့ ကုမ္မဏီတွေက ပြောပါတယ်။ အပစ်ရပ်လက်နက်ကိုင်အဖွဲ့နဲ့ ပုဂ္ဂလိက ကုမ္မဏီ နားလည်းမှုယူပြီး မြေယာသိမ်းပိုက်တာမျိုးလည်း ရှိကြောင်း ရပ်တည်ရာပျောက်ဆုံးခြင်းဆိုတဲ့ ဒီလထုတ် ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။