ထားဝယ် အထူးစီးပွားရေးဇုန်

ဗမာစစ်အစိုးရနဲ့ အီတာလျံ-ထိုင်း (Italian-Thai Development Public Company Limited) ကုမ္မဏီတို့ သဘောတူခဲ့ကြတဲ့ ထားဝယ် အထူးစီမံကိန်းဇုန်နဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရတို့ ဇူလိုင်လနှောင်းပိုင်းက နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးကြပါတယ်။ ဒေသခံတွေရဲ့ ကန့်ကွက်မှု၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အား စီမံကိန်းကို ဇန္နဝါရီလအစောပိုင်းမှာ ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းမှု၊ ငွေရင်းအလုံအလောက်ရဖို့ ခက်ခဲမှု စတာတွေကြောင့် နှောင့်နှေးကြန့်ကြာမရေမရာ ဖြစ်နေတဲ့ စီမံကိန်းကို ဖြစ်မြောက်အောင်လုပ်ဖို့ ထိုင်းနဲ့ဗမာအစိုးရတို့က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ၂၀၁၄ မှာ အာဆီယံဥက္ကဌလုပ်မယ့် ဗမာအစိုးရရဲ့ လိုအပ်ချက်တွေကို ကူညီရေး၊ လူသားစွမ်းရည်တိုးတက်ဖို့ ပူးတွဲဆောင်ရွက်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရာမှာ ကူညီရေး၊ လောင်စာစွမ်းအင်ကိစ္စမှာ ပူးတွဲလုပ်ဆောင်ရေး စတာတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရတို့ ဆုံးဖြတ်ကြပါတယ်။ အကျယ်အဝန်း စတုရန်းမိုင် တစ်ရာမှာ အထူးစီးပွားရေးဇုန် တည်ဆောက်မယ့် (၁၀) နှစ် စီမံကိန်းပါ။ နောက်ပြီးတော့ ကားလမ်း-ရထားလမ်း ဖောက်ပြီး ထိုင်းနိုင်ငံနဲ့ ဆက်ထားမှာ ဖြစ်ပါတယ်။

ရေနက်ဆိပ်ကမ်းအပြင် သင်္ဘောကျင်း၊ ရေနံဓာတုစက်ရုံ၊ ရေနံချက်စက်ရုံ၊ သံမဏီစက်ရုံ၊ လျှပ်စစ်ဓါတ်အားစက်ရုံ၊ ဓါတ်မြေသြဇာစက်ရုံ စတာတွေကို အကျယ်အဝန်း စတုရန်းမိုင် (၁၀၀) ရှိမယ့် အထူးစက်မှုဇုန်မှာ တည်ဆောက်မယ့် (၁၀) နှစ် စီမံကိန်း ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ ဒေါ်လာသန်းရှစ်ထောင် ကုန်ကျမယ်လို့ ခန့်မှန်းပြီး တဆင့်ပြီးတဆင့် တိုးချဲ့သွားရင် ဒေါ်လာသန်း ငါးသောင်းကျော်အထိ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အလွန်ကြီးမားတဲ့ စီမံကိန်းဖြစ်တာမို့ ငွေရင်းစိုက်ထုတ်နိုင်ရေးဟာ အဓိက ပြဿနာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ထိုင်းအစိုးရပိုင် PTT () စွမ်းအင်ကုမ္မဏီက ဒေါ်လာသန်း သုံးထောင် စိုက်ထုတ်ဖို့ ကတိပြုလိုက်ပါတယ်။ ထိုင်းအစိုးရကစပြီး ရင်းနှီးမြုပ်နံှတာကြောင့် အခြားနိုင်ငံတွေ ပါဝင်ဖို့ အလားအလာရှိသွားပါတယ်။

ထိုင်းမှာအခြေစိုက်ပြီး (၁၅) နိုင်ငံမှာ ရင်းနှီးမြုပ်နံှထားတဲ့ Charoen Pokphand ခေါ် CP အုပ်စုကလည်း လာမယ့် (၃) နှစ်အတွင်း ဒေါ်လာသန်း (၅၅၀) ထားဝယ် အထူးစီမံကိန်းဇုန်မှာ ရင်းနှီးပြီး စိုက်ပျိုးရေးနဲ့ မွေးမြူးရေးလုပ်ငန်းတွေ လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ CP အုပ်စုဟာ ဒေါ်လာသန်း (၁၅၀) မြန်မာပြည်မှာ ရင်းနှီးထားပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၉၀) က တရုတ် ညီအကို တည်ထောင်ခဲ့တဲ့ CP အုပ်စုဟာ တရုတ်ပြည်မှာ ဈေးကွက်ဖွင့်တုန်းကလည်း ရှေ့တန်းကပါဝင်ပြီး နိုင်ငံတကာကုမ္မဏီတွေနဲ့ လက်တွဲလုပ်ကိုင်ပါတယ်။ အကြီးဆုံး ဘိလပ်မြေကုမ္မဏီဖြစ်တဲ့ Siam Cement ခေါ် SCG ကလည်း ဒေါ်လာသန်း (၃၃၀) စိုက်ထုတ်ပြီး ထားဝယ်မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်တော့မယ်လို့ ဆိုပါတယ်။ ထားဝယ်တင်မကဘဲ အခြားနေရာမှာ စီးပွားရေးလုပ်လိုတဲ့ ထိုင်းကုမ္မဏီတွေလည်း ရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ဥပဒေထွက်လာဖို့ စောင့်နေကြတာလို့ ဆိုပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်တဲ့အတွက် ထိုင်းကသာ အများဆုံး အကျိုးအမြတ်ရလိမ့်မယ်လို့ Australia နိုင်ငံက ပါမောက္ခ Sean Turnell က ဗွီအိုအေ ကို ပြောပြပါတယ်။ ထားဝယ် စီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်က ထိုင်းနိုင်ငံရဲ့ အနောက်ဖက် ဆိပ်ကမ်းအဖြစ် ထိုင်းကုန်ပစ္စည်းတွေ အလွယ်တကူ မြန်မြန်ဆန်ဆန် ဝင်ထွက်နိုင်ဖို့ ဖြစ်ပါတယ်။ မလက္ကား ရေလက်ကြားကို ဖြတ်ပြီး ထားဝယ် နဲ့ ထိုင်းကို ပိုက်လိုင်းနဲ့ ဆက်သွယ်ပြီး အရှေ့အလယ်ပိုင်းက သယ်ယူလာတဲ့ ရေနံစိမ်းကိုလည်း တင်သွင်းနိုင်တယ်လို့ တွက်ထားပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို မြှင့်တင်ရာမှာ ထားဝယ် အထူးစီးပွားရေးဇုန်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

ဒေသခံတွေကတော့ ထားဝယ် စီမံကိန်းနဲ့ ပတ်သက်တဲံ ထိုင်း-မြန်မာ သဘောတူချက် အသေးစိတ်တွေကို သူတို့သိထားဖို့ လိုတယ်လို့ဆိုပါတယ်။ ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်း အကောင်အထည်ဖော်ရာမှာ ရှင်းလင်းတင်ပြတာမျိုး မရှိတာကြောင့် ပွင့်လင်းမြင်သာအောင်လုပ်ဖို့ ဒေသခံတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဒေသခံလူငယ်တွေ ဖွဲ့စည်းထားတဲ့ Dawei Project Watch ထားဝယ် စီမံကိန်းစောင့်ကြည့်ရေးအဖွဲ့က လွန်ခဲ့တဲ့ ဧပြီလက စာမျက်နှာ (၅၀) အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ သိပိုင်ခွင့်မရှိတာကြောင့် No Rights to Know ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ ရွှေ့ပြောင်းရမယ့်သူကို အကြောင်းကြားပြီး လျော်ကြေးပေးတာမျိုး ရှိပေမယ့် ဘယ်သူဘယ်လောက်ရပြီး ဘယ်လိုမှုနဲ့ပေးကြောင်း မသိရဘူးလို့ ဆိုပါတယ်။

စီမံကိန်းမစမီ လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို အရင်ဆုံး လေ့လာပြီး ဒေသခံအဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ တောင်းဆိုထားကြပါတယ်။ စီမံကိန်းအကောင်အထည်ဖော်မယ့် ကုမ္မဏီကြီးတွေရဲ့ လူမှုတာဝန်ဝတ္တရားကို ပြဌာန်းထားတဲ့ ဥပဒေမရှိသေးဘဲ လုပ်ခွင့်ပေးတာမျိုးလည်း မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။