Your browser doesn’t support HTML5
စတုရန်ကီလိုမီတာ နှစ်ရာ ရှိပေမယ့် ထားဝယ် အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဖို့ ထိုင်း၊ ဂျပန် နဲ့ မြန်မာခေါင်းဆောင်တွေ လွန်ခဲ့တဲ့ ဇူလိုင်လက တိုကျိုမှာ သဘောတူခဲ့ကြပါတယ်။ (၃) နိုင်ငံ အညီအမျှ ပိုင်ဆိုင်မယ့် အထူးစီးပွားရေးဇုန် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဂျပန်ကုမ္ပဏီပေါင်း (၁၅၅၂) ရှိတာမို့ ဂျပန် ပါဝင်လာတာကို ကောင်းတဲ့လက္ခဏာအဖြစ် ကြိုဆိုကြပါတယ်။ တရုတ်ကုမ္ပဏီတခုကိုလည်း ဒေါ်လာသန်း (၃၀၀၀) တန် ရေနံချက်စက်ရုံကြီးဆောက်ဖို့ ဦးသိန်းစိန်အစိုးရက ခွင့်ပြုထားပါတယ်။ ဒါကြောင့် (၄) နိုင်ငံ ထားဝယ် အထူးစီးပွားရေးဇုန် ဖြစ်လာမယ့်သဘော ရှိပါတယ်။
စတင်အကောင်အထည်ဖော်ဖို့ (၂၀၀၈) မှာ သဘောတူခဲ့ပေမယ့် အလွန်ကြီးမားပြီး ငွေရင်းများလွန်တာမို့ တပိုင်းတစသာ လုပ်ကိုင်နိုင်ပြီး နှောင့်နှေးကြန့်ကြာနေပါတယ်။ ရေနက်ဆိပ်ကမ်း၊ သင်္ဘောကျင်း၊ ရေနံဓာတုစက်ရုံ၊ ရေနံချက်စက်ရုံ၊ သံမဏီစက်ရုံ၊ ဓါတ်မြေသြဇာစက်ရုံ၊ လျှပ်စစ်ဓါတ်အားစက်ရုံ စတာတွေ တည်ဆောက်ဖို့ ရည်ရွယ်တာမို့ ဆယ်နှစ်ကြာမယ်လို့ ခန့်မှန်းတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရှစ်နှစ်ကြာတော့မှပဲ စတင်အကောင်အထည်ဖော်တာ တွေ့ရပါတယ်။ တပြိုင်တည်း အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တာမို့ စတုရန်ကီလိုမီတာ (၃၀) ရှိမယ့် စက်မှုဇုန်က အရင်စဖို့ စီစဉ်ပါတယ်။
စက်မှုဇုန်နဲ့ ထားဝယ်-ထိုင်း ကားလမ်းတည်ဆောက်တာဟာ အထူးစီးပွားရေးဇုန်ရဲ့ ပထမအဆင့် ဖြစ်ပါတယ်။ ကီလိုမီတာ (၁၃၀) ကျော်ရှည်တဲ့ ထားဝယ်-ထိုင်း ကားလမ်းတည်ဆောက်ဖို့အတွက် ဒေါ်လာသန်း (၁၃၀) မြန်မာအစိုးရကို ချေးငှားဖို့ ထိုင်းအစိုးရက သဘောတူပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ပေါ်ကားလမ်းတွေ ပါဝင်နေတာကို ကုန်တင်ကားတွေအတွက် အန္တရာယ်ရှိတယ်လို့ ဂျပန်က မြင်တာကြောင့် တောင်အောက်မှာ လှိုင်ခေါင်းတူးပြီး ကားလမ်းဖောက်ဖို့ အကြံပေးထားပါတယ်။ အဆင့်အတန်းရှိတဲ့ ကားလမ်း တည်ဆောက်ရင် ငွေပိုကုန်ပြီး အချိန်ပိုကြာနိုင်ပါတယ်။ တောင်ဖြတ်လှိုင်ခေါင်း (၇) ခု တူးရမှာမို့ အကုန်အကျ ပိုများမှာ သေချာပါတယ်။ ဂျပန် ပါဝင်လာလို့ စီမံကိန်းအဆင့်အတန်း မြင့်လာပြီး လုံခြုံစိတ်ချရသလို ကုန်ကျစရိတ်လည်း ပိုမိုများပြားလာနိုင်ပါတယ်။
ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် တည်ဆောက်ရေး အစီအစဉ်ကိုလည်း ဂျပန်က ပြန်လည်ဆန်းစစ်ဖို့ ရှိပါတယ်။ ထားဝယ် အထူးစီးပွားရေးဇုန် ပြီးစီးအောင် ဒေါ်လာသန်း (၁,၂၀၀၀) ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ အထူးစီးပွားရေးဇုန်ကြောင့် နေရာရွှေ့ပြောင်းပေးရမယ့် ဒေသခံတွေအတွက် အိမ်နဲ့တိုက်ခန်းတွေ တည်ဆောက်နေပေမယ့် နေမယ့်သူ မရှိသေးပါဘူး။ ရှစ်နှစ်ကြာမှ ပထမအဆင့် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာ ဖြစ်ပေမယ့် ထားဝယ် စီမံကိန်းကို စိတ်ဝင်စားသူတွေ များလာပါတယ်။ မြန်မာအတွက်သာမကပဲ ဒေသဆိုင်ရာအတွက်ပါ အရေးကြီးတဲ့ စီမံချက်အဖြစ် ရှုမြင်ကြပါတယ်။ ဒါပေမဲ့ ထိုင်းအခြေစိုက် Dawei Watch အဖွဲ့ကတော့ ကုမ္ပဏီတွေသာ အကျိုးအမြတ် ခံစားရပြီး ဒေသခံတွေ နစ်နာဆုံးရှုံးပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးဖို့ များတာကို NLD အစိုးရ သတိပြုသင့်တယ်လို့ ဆိုပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန် ပထမအဆင့် အကောင်အထည်ဖော်ဖို့ ပြင်ဆင်တဲ့ အခြေအနေမှာတောင် ဒေသခံတွေရဲ့ လုပ်ရိုးလုပ်စဉ် စီးပွားရေးလုပ်ငန်းတွေ ပျက်စီးကုန်ပြီလို့ ပြောကြပါတယ်။ စီးပွားရေးဇုန် တည်ဆောက်ပြီးစီးရင် အလုပ်သမားသောင်းချီပြီး အလုပ်ရကြမယ်လို့ မျှော်လင့်ကြပေမယ့် လောလောဆယ်မှာတော့ ကျေးရွာ (၃၀) ကျော်က လူဦးရေ လေးသောင်ကျော် ရွှေ့ပြောင်းပေးရမှာ ဖြစ်ပါတယ်။ အရင်းရှင်တွေ ကြီးပွားချမ်းသာဖို့အတွက် ဒေသခံဆင်းရဲသားတွေ အနစ်နာခံရတယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ ထိုင်းနိုင်ငံက မတပွတ် Map Ta Phut စက်မှုဇုန်နယ်မြေကြောင့် ဒေသခံတွေ အဆိပ်သင့်ပုံကို ထားဝယ်သားတွေ သိရှိကြပါတယ်။ မတပွတ် စက်မှုဇုန်တည်ဆောက်ပြီး ကိုးနှစ်ကြာတဲ့အခါ တာဝန်ရှိတဲ့ အစိုးရဌာန ရှစ်ဌာနကို ဒေသခံတွေက တရားစွဲရတဲ့အထိ အခြေအနေ ဆိုးဝါးသွားပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန် ဧရီယာဟာ မတပွတ် စက်မှုဇုန်ထက် ရှစ်ဆလောက် ကြီးမားတာမို့ နစ်နာဆုံးရှုံးမှုနဲ့ ပျက်စီးမှုလည်း ပိုပြီးများပြားဖွယ် ရှိပါတယ်။ နစ်နာဆုံးရှုံးတာကို အရင်ဆုံး ဖြေရှင်းဖို့ လိုအပ်ကြောင်း ဒေသခံ အရပ်သားအသင်းအဖွဲ့တွေက လွန်ခဲ့တဲ့ မတ်လက တောင်းဆိုထားပါတယ်။ ဒေသခံတွေထဲမှာ စီမံကိန်းနဲ့ ပတ်သက်ပြီး သိရှိသူက (၇) ရာခိုင်နှုန်းသာရှိပြီး မသိသူက အများစု ဖြစ်နေပါတယ်။ ဒေသခံ (၆၀) ရာခိုင်နှုန်း လယ်ယာဆုံးရှုံးမှာ ဖြစ်ပေမယ့် လျှော်ကြေးကိစ္စ မရှင်းလင်းသေးဘူးလို့ ဆိုပါတယ်။ စီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုတာ မဟုတ်ဘဲ ဆက်မလုပ်မီ ရှိနေတဲ့ ပြဿနာတွေကို အရင်ရှင်းဖို့ တင်ပြတာဖြစ်ကြောင်း “လူထုကြားမှ အသံများ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဦးသိန်းစိန်အစိုးရသက်တမ်း ကုန်ခါနီး တရုတ်ကုမ္ပဏီကို လုပ်ခွင့်ချပေးလိုက်တဲ့ ရေနံချက်စက်ရုံ စီမံချက်ကိုလည်း ဒေသခံတွေ ဘဝင်မကျ ဖြစ်နေပါတယ်။ စီမံကိန်းကို တရုတ်ကုမ္ပဏီက (၇၀) ရာခိုင်နှုန်း၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ထူးကုမ္ပဏီအုပ်စု နဲ့ မြန်မာ့ရေနံဓါတုလုပ်ငန်းက (၇၀) ရာခိုင်နှုန်း အကျိုးခံစားခွင့် ရကြပါတယ်။ စက်ရုံတည်ဆောက်မယ့် တီဇစ်ကမ်းခြေ ဒေသခံတွေကတော့ တရုတ်စီမံကိန်းကို အပြင်းအထန် ကန့်ကွက်နေကြပါတယ်။ တနင်္သာရီတိုင်းက စီမံကိန်းအားလုံးဟာ ဦးသိန်းစိန်အစိုးရလက်ထက်က ခွင့်ပြုခဲ့တာမို့ အစိုးရသစ်အနေနဲ့ ပြည်သူ့အကျိုးစီးပွားကို မထိခိုက်စေဘဲ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။