ဝန်ထုပ်ဝန်ပိုးကြီး ပိနေတဲ့ မြန်မာပြည်

ဧပြီလကစမယ့် ဘဏ္ဍာရေးနှစ်မှာ အစိုးရအသုံးစရိတ် (၂၄) ရာခိုင်နှုန်း စစ်တပ်အတွက် သတ်မှတ်တာကို လွှတ်တော်မှာ ဆွေးနွေးဝေဖန်မယ့်သူ မရှိကြောင်း သိရှိရပါတယ်။ မြန်မာပြည်မှာ စစ်တပ်ရဲ့ အသုံးစရိတ်အများဆုံးဖြစ်နေတာ (၅၁) နှစ်ရှိပြီဖြစ်လို့ ဓလေ့ထုံးစံဖြစ်နေတဲ့အတွက် မဆွေးနွေးတာ ဖြစ်နိုင်ပါတယ်။ လွှတ်တော်ထဲမှာ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းက အများစုဖြစ်နေလို့ စစ်စရိတ်ကို မကန့်ကွက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို တိုင်းပြည်ကထမ်းနေရတာ အနှစ် (၅၀) ကျော်သွားပါပြီ။ အလွန်ကြီးမားတဲ့ နေပြည်တော်အသုံးစရိတ်ဟာလည်း ဝန်ထုပ်ဝန်ပိုးကြီးပါ။

တကမ္ဘာလုံး စစ်အင်အားဖြန့်ထားပြီး အရှေ့အလယ်ပိုင်းမှာ စစ်ဆင်ရေးလုပ်နေတဲ့ အမေရိကန်ရဲ့ (၂၀၁၂) ကာကွယ်ရေးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့ (၁၉) ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျန်းမာရေး အသုံးစရိတ် (၂၃) ရာခိုင်နှုန်းဖြစ်ပြီး လူမှုဖူလုံရေးက (၂၀) ရာခိုင်နှုန်းဖြစ်လို့ စစ်စရိတ်ထက် များပါတယ်။ မြန်မာစစ်တပ်က ပုံစံအမျိုးမျိုးနဲ့ (၅၁) နှစ် ကြီးစိုးတဲ့အခါ အဆင်းရဲဆုံးဘဝက ရုန်းမထွက်ဘဲ ဖြစ်နေပါတယ်။

အစိုးရအသုံးစရိတ်မှာ စစ်တပ်ကို ခွဲဝေပေးရတဲ့ ရန်ပုံငွေ အများဆုံးဖြစ်နေတာကြာပြီ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းစတဲ့ လုပ်ငန်းတွေကတဆင့် မြန်မာ့စီးပွားရေး စစ်တပ်က လက်ဝါးကြီးအုပ်ထားတာလည်း ရှိပါသေးတယ်။ စခန်းချရာအရပ်မှာ ဗမာစစ်တပ်ဟာ မြေယာသိမ်းယူပြီး စီးပွားရှာနေတာလည်းကြာပြီ ဖြစ်ပါတယ်။ ဒါတွေကို ထည့်တွက်မယ်ဆိုရင် မြန်မာ့စီးပွားရေးမှာ စစ်တပ်ချုပ်ကိုင်တဲ့ ပမာဏဟာ အစိုးရဖော်ပြတာထက်များမှာ သေချာပါတယ်။ GDP ခေါ် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်းဖိုးရဲ့ (၅) ရာခိုင်နှုန်းက (၁၀) ရာခိုင်နှုန်းအထိ ဗမာစစ်တပ်က ယူထားနိုင်တယ်လို့ Jane ကာကွယ်ရေးစာစောင်က မနှစ်က ခန့်မှန်းပါတယ်။ အချိုးအစားနဲ့ကြည့်ရင် စစ်အင်အားအကြီးမားဆုံး အမေရိကန်တောင် ဒီလောက်မများတာကို တွေ့ရပါတယ်။

တကမ္ဘာလုံးမှာ စစ်စခန်းတွေ ဖွင့်ထားတဲ့ အမေရိကန်အစိုးရရဲ့ စစ်စရိတ်ဟာ ပုံမှန်ဆိုရင် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ (၃) ရာခိုင်နှုန်းသာ ရှိပါတယ်။ ၂၀၀၃ မှာ အီရတ်ကို ဝင်တိုက်တဲ့နောကိပိုင်း (၄) ရာခိုင်နှုန်းအထိ ထိုးတက်သွားပါတယ်။ အမေရိကန်ရဲ့ စစ်စရိတ်ဟာ နှစ်ပေါင်းများစွာ ကမ္ဘာမှာ အမြင့်ဆုံးဖြစ်နေတဲ့အတွက် အခြားနေရာတွေမှာ နိမ့်ကျလာတ တွေ့ရပါတယ်။ ဥပမာ လွန်ခဲ့တဲ့နှစ်က ကျင်းပတဲ့ World Economic Forum က ထုတ်ဝေတဲ့ (၁၄၄) နိုင်ငံရဲ့ ပြိုင်ဆိုင်နိုင်မှု စွမ်းရည်အစီရင်ခံစာကိုကြည့်ရင် အခြေခံအဆောက်အအုံမှာ အမေရိကန်ဟာအဆင့် (၂၅) မှာ ရှိနေပြီး မူလတန်းပညာရေးမှာအဆင့် (၃၈) ရောက်နေပါတယ်။ အထက်တန်းပညာရေးစနစ်မှာ အဆင့် (၂၈) ငိူ ဂေယင်နေကါတ.် နောက်ဆုံးပေါ် အတတ်ပညာအသုံးပြုအသုံးပြုနိုင်မှုမှာ အဆင့် (၁၄) ကို ရောက်နေတာ တွေ့ရပါတယ်။

World Economic Forum က ၁၄၄ နိုင်ငံရဲ့ ပြိုင်ဆိုင်နိုင်မှုအဆင့်ကို တိုင်းတာသတ်မှတ်ပြီး စာရင်းလုပ်တဲ့အထဲမှာ မြန်မာနိုင်ငံ မပါဝင်တာဟာ သိသာထင်ရှားပါတယ်။ ပြိုင်ဆိုင်နိုင်တဲ့ အရည်အသွေးကင်းမဲ့နေလို့ စာရင်းထဲမထည့်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်က (၅၁) နှစ် အုပ်ချုပ်မင်းလုပ်လိုက်တဲ့အခါ မြန်မာပြည်ဟာ ပြိုင်ဆိုင်နိုင်တဲ့အဆင့်အတန်း ကင်းမဲ့သွားပါတယ်။ အရေအတွက်များပြီး အရည်အချင်းမရှိတဲ့ဘဝကို 'လယ်ကွင်းထိုထို တက္ကသိုလ်၊ မြင်မြင်သမျှ ပါမောက္ခ၊ တွေ့ကရာလူ ပါရဂူ' ဆိုတဲ့ဆောင်ပုဒ်က သက်သေပြနေပါတယ်။ ဒါပေမဲ့ နေရပ်ကိုစွန့်ခွါတဲ့ ဒုက္ခသည်ဦးရေကတော့ မြန်မာပြည်ကို ယှဉ်ပြိုင်နိုင်မယ့် အာရှနိုင်ငံ မရှိသေးပါဘူး။ အစိုးရတပ်ကျင့်သုံးတဲ့ ဖြတ် (၄) ဖြတ် စစ်ဆင်ရေးနဲ့ လယ်မြေသိမ်းပိုက်မှုတွေကြောင့် နေရပ်ကိုစွန့်ခွါရသူဦးရေ တိုးပွားနေပါတယ်။ စစ်တပ်ရဲ့ဒဏ်ကို နှစ်ပေါင်းများစွာ ခံနေရတာကြောင့် စစ်တပ်ရဲ့အခန်းကဏ္ဍကို ပြန်လည်ဆန်းစစ်သင့်ပြီ ဖြစ်ပါတယ်။

၁၉ ရာစု ဂျပန်ပြည် မေဂျီဘုရင်လက်ထက်မှာ ဆာမူရိုင်းစစ်ဗိုလ်တစု ခေါင်းဆောင်ပြီး ပြုပြင်ရေးလုပ်လို့ အနှစ် (၄၀) ကျော်ကြားတဲ့အခါ ဂျပန်ပြည်ဟာ အနောက်တိုင်းနဲ့ ရင်ဘောင်တန်းနိုင်တဲ့အဆင့်ကို ရောက်သွားပါတယ်။ တိုးတက်ဖွံ့ဖြိုးအောင် တိုင်းပြည်ကိုပြုပြင်ပြောင်းလဲရာမှာ မေဂျီခေတ် (၄၅) နှစ်ကို စံနမူနာအဖြစ် ကိုးကားကြတာဟာ ကမ္ဘာမှာထုံးစံလို ဖြစ်နေပါပြီ။ ပွင့်လင်းမှု၊ စမ်းသပ်တီထွင်မှု၊ ပညာဉာဏ်ထက်မြက်သူကို ချီးမြှင့်မှု စတာတွေဟာ မေဂျီခေတ်ရဲ့ ထင်ရှားတဲ့ အသွင်လက္ခဏာတွေ ဖြစ်ပါတယ်။ ပထမဦးဆုံး ပြုပြင်ရေးလုပ်သူဖြစ်လို့ ဂျပန်စစ်ဗိုလ်မှာ အတုယူစရာ မရှိပါဘူး။ တိုင်းပြည်ကြီးပွားတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ပြည်ချစ်စိတ်တခုတည်းနဲ့ အစွမ်းကုန်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဗမာမင်းကတော့ ပထမအကြိမ် စစ်ရှုံးသွားတာတောင် အင်္ဂလိပ်ကိုမီအောင်လိုက်ဖို့ စိတ်ကူးတာ မဟုတ်ပါဘူး။ အာဏာတည်မြဲရေးနဲ့ နန်းတွင်းအရှုပ်အထွေးမှာ အချိန်ကုန်ကြတာ များပါတယ်။ နိုင်ငံ့အရေးကို ဦးစားမပေးဘဲ အာဏာအလွဲသုံးစားလုပ်ဖို့နဲ့ အချင်းချင်းအနိုင်ကျင့်ဖို့သာ စိတ်ဝင်စားပုံရပါတယ်။ စစ်တပ်တခုတည်းကိုသာ ဦးစားပေးတဲ့နည်းဟာ တိုင်းပြည်ကို မတည်ဆောက်နိုင်ကြောင်း မေဂျီစစ်ဗိုလ်တွေ နားလည်းတဲ့အတွက် ဂျပန်ပြည်ဟာ တိုးတက်တဲ့ခေတ်မီနိုင်ငံဘဝကို ရောက်ရှိလာတာ ဖြစ်ပါတယ်။