မြန်မာ့ ၂၀၁၄ ကို လှမ်းမျှော်ကြည့်ကြခြင်း

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ ဘယ်ဘက်ကိုရွေ့ခဲ့သလဲ၊ ဘယ်လောက်ထိရွေ့ခဲ့သလဲ၊ ၂၀၁၄ ခုနှစ်အတွက်ကော အလားအလာ ဘယ်လိုရှိသလဲ ဆိုတာတွေကို ဝါရင့်သတင်းသမားတွေ ဖြစ်ကြတဲ့ ဦးကျော်ရင်မြင့်၊ ဧရာဝတီ ဦးအောင်ဇော်တို့နဲ့ ဦးကျော်ဇံသာဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဆရာကျော်ရင်မြင် ကို မေးပါရစေ။ ၂၀၁၃ ခုနှစ်ကို ပြန်ပြောင်းသုံးသပ်မယ်ဆိုရင် မြန်မာတို့ ချီတက်နေတယ်ဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အတော်ကလေး ရွေ့ခဲ့ပါသလား။ သို့တည်မဟုတ် ရပ်တန့်နေသလား။ နောက်ကို ပြန်လျှောကျသွားသလားဆိုတာကို ပထမဦးဆုံး လွှမ်းခြုံပြီးတော့ အကျဉ်းရုံးဖြေပေးပါ။
ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ ပြည်သူလူထုမျှော်မှန်းထားတဲ့အတိုင်း မဖြစ်ဘဲနဲ့ နောက်ကိုပြန်ပြီးလျှောကျသွားတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်ဇော်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးအောင်ဇော် ။ ။ ကျနော် မြင်တာကတော့ အရင်အစိုးရလုပ်သွားတဲ့အတိုင်း သူ့ road map လို့ခေါ်တဲ့ လမ်းပြမြေပုံကို ဆက်လုပ်နေတယ်လို့ မြင်ပါတယ်။ တိုင်းပြည်ကို အတိုင်းအတာတခု တံခါးလေး ဖွင့်ပေးခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်မှာရှိတဲ့ power နဲ့ resources အဲဒါတွေအားလုံးကတော့ အရင်လက်ဟောင်းတွေပဲ ပုံစံတမျိုးနဲ့ ပြန်ပြီးထိန်းချုပ်ထားဆဲပဲလို့ မြင်ပါတယ်။ ဒါကြောင့် ပြောရရင်တော့ တိုင်းပြည်မှာ ဒီမိုကရေစီ နီးစပ်သွားပြီလားလို့ ပြောရမယ်ဆိုရင်တော့ ဆရာကျော်ရင်မြင့် ပြောခဲ့သလိုပဲ stall ဖြစ်သွားပြီ၊ ရှေ့ကိုဆက်မသွားတော့ဘူး။ ဒီလောက် အတိုင်းအတာလောက်ပဲ ရတော့မယ်ဆိုတာကို စိတ်ထဲမှာ ခံစားရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့် အဲဒီတော့ ၂၀၁၁ လောက်ကစပြီးတော့ ပြုပြင်ပြောင်းလဲရေးအသံတွေ ကြားခဲ့တယ်ဆိုပါတော့။ ပထမ (၂) နှစ်မှာ ဒီမိုကရေစီဖက်ကို အတော်ရွေ့ခဲ့သလား။

ဦးကျော်ရင်မြင့် ။ ။ စောစောပိုင်းတုန်းကတော့ ရွေ့တယ်လို့ ထင်ရတာပေါ့။ ဒါပေမဲ့ အခု ၁၃ တနှစ်လုံး ပြန်ကြည့်လိုက်ရင် ကဏ္ဍပေါင်းစုံ - တရားဥပဒေ စိုးမိုးရေးမှာကြည့်ကြည့်၊ မူးယစ်ဆေးကိစ္စမှာကြည့်ကြည့်၊ ဘာသာရေးပဋိပက္ခတွေကြည့်ကြည့် - ဘယ်ကိစ္စကိုကြည့်ကြည့် အကုန်လုံးက မျှော်မှန်းထားသလို ဖြစ်မလားဘဲနဲ့ အဆိုးဖက်ကို ရောက်နေတာကို မြင်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အစိုးရက ပြောတဲ့အထဲမှာ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကိုယ်တိုင် မိန့်ခွန်းတွေပြောနေတဲ့အထဲမှာတော့ အရှေ့ကို ဘယ်လို တိုးတက်လာပါတယ်။ စီးပွားရေး ရင်းနှီးမြှုပ်နံှမှုအတွက် လမ်းကြောင်းတွေ ဘယ်လိုပွင့်လင်းသွားပါတယ် စသဖြင့် အများကြီး ပြောနေတာပဲ။ အဲဒီဟာထဲမှာ လက်ခံသင့်တဲ့ အချက်တွေ မတွေ့ဘူးလား။

ဦးကျော်ရင်မြင့် ။ ။ ကျနော်တော့ သိပ်မမြင်ဘူးဗျ။ ကျနော်တို့ နိုင်ငံတော်သမ္မတတောင်မှ ရှေ့တုန်းကလိုပဲ နံပတ်ဝမ်းကြီးကို မသိဘူးထင်တယ်လို့ ပြောရမလိုများ ဖြစ်လာပြီလား မသိဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော်လည်း ဆက်ဆွေးနွေးပါအုံး။ အဲဒီတော့။

ဦးအောင်ဇော် ။ ။ ဆရာကျော်ရင်မြင့် ပြောသလို ၂၀၁၃ ကို အကျဉ်းချုံပြန်ကြည့်မယ်ဆိုရင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့တယ်။ အဲဒါ နိုင်ငံရဲ့ image ကို အရမ်းထိခိုက်စေခဲ့တယ်။ နောက် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး - ခရီးဘယ်လောက်ရောက်ခဲ့သလဲ။ အဲဒီ ခရီးရောက်ခဲ့တာတွေ ရှိခဲ့တာကို ကျနော်တို့ plus အနေနဲ့ မတွေ့ရပေမယ့်၊ တချိန်တည်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ကချင်နဲ့ လိပ်ခဲတင်းတင်း ဖြစ်နေတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဒါတွေဟာ ကျနော်တို့အတွက် စိုးရိမ်စရာ အလွန်ကောင်းတဲ့အခြေအနေတွေပါ။ တိုင်းပြည်ကို နောက်ကိုပြန်ပြီးဆွဲသွားမယ့် အခြေအနေတွေလို့ သုံးသပ်မိတယ်။ နောက်ပြီးတော့ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ တောင်ငူ၊ Trader Hotel စတဲ့နေရာတွေမှာ ဗုန်းပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်။ ဒါတွေဟာ မတည်ငြိမ်မှုကို ဖန်တီးခဲ့တယ်။ ဖန်တီးချင်တဲ့လူတွေ ရှိနေတယ်ဆိုတာကို ပြနေတယ်။ တချိန်တည်းမှာ plus ကိုပြောရမယ်ဆိုရင် SEA Games အောင်မြင်ခဲ့တယ်။ ဒါကို ရင်တမမနဲ့ ကြည့်ခဲ့ရတယ်လူတွေရှိတယ်။ ဒါပေမဲ့ အောင်အောင်မြင်မြင် ပြီးခဲ့တယ်။ မြန်မာက ဒုတိယ ရခဲ့တယ်ပေါ့။ တချိန်တည်းမှာ မြန်မာ အာဆီယံ chairmanship ကို အခုစပြီးယူပြီ။ ၂၀၁၄ မှာ အာဆီယံ chairmanship မြန်မာရဲ့ foreign policy က ဘာလဲ။ ဘယ်ကို သွားမလဲ။ တရုတ်လက်အောက်ခံအဖြစ်နဲ့ပဲ ဆက်ပြီးသွားမလား။ ဒါမှမဟုတ် တကယ်ကို သူပြောတဲ့ active ဖြစ်တဲ့ foreign policy ကို၊ independence ဖြစ်တဲ့ foreign policy ကို … လုပ်နိုင်မလားဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၁၄ စောင့်ကြည့်ရမယ်ဆိုတော့ ဆရာကျော်ရင်မြင့် ၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်သူလူထုရဲ့ နေ့တဓုဝ စားဝတ်နေရေးတွေ သီးသီးသာသာ သတိထားမိလောက်အောင် တိုးတက်ပြောင်းလဲလာမှုတွေ မတွေ့ရဘူးလား။

ဦးကျော်ရင်မြင့် ။ ။ မတွေ့ရဘဲနဲ့ ပိုပြီးတောင် လူတန်းစားတွေ ဆင်းရဲကြပ်တည်းသွားတဲ့ လက္ခဏာတွေ ပိုတွေ့လာရတယ်။

ဦးကျော်ဇံသာ ။ ။ လူတွေပြောတော့ ရန်ကုန်မြို့၊ မန္တလေးမြို့လို မြို့ကြီးတွေမှာတော့ ပုံစံပြောင်းသွားတယ်။ ကျေးလက်မှာသာ ဘယ်လိုဖြစ်ရင်ဖြစ်မယ်ဆိုတာမျိုးကို ကြားရပါတယ်။

ဦးကျော်ရင်မြင့် ။ ။ မြို့ပြမှာနေတယ့် လူတွေလည်း ဆင်းရဲကြပ်တည်းမှု ပိုလာတယ်လို့ ခံစားရပါတယ်။ ကျေးလက်တွေကလည်း ဒီလိုပဲ ကြပ်တည်းလာပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော်ရေ ဒါပေမဲ့ အစိုးရကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေအတွက် ပိုပြီးတော့ အခြေအနေကောင်းလာတယ်။ Investment တွေ အလားအလာ ပိုကောင်းလာတယ်လို့ စာရင်းဇယားအရ ပြောနေတယ်။

ဦးအောင်ဇော် ။ ။ ကောင်းပါတယ်။ ကျနော်ထင်တယ် ဒါပေမဲ့ တိုင်းပြည်မှာ visionary အမြင်ကျယ်တဲ့ ခေါင်းဆောင်ကောင်း လိုပါတယ်။ မည်သူပဲမဆို သူတို့တွေကနေပြီးတော့ စွမ်းအင် investment လာလို့၊ FDI လာလို့၊ Sanction တချို့လျော့သွားလို့ တိုင်းပြည်အခြေအနေ ကောင်းလာမယ်လို့ပဲ သူတို့က ခန့်မှန်းနေရင် အဲဒီလောက်နဲ့ တိုင်းပြည်က ကောင်းလာမယ်လို့ ကျနော်တို့ မမျှော်လင့်ပါဘူး။ ကျနော်တို့က resource တွေကို ရောင်းစားတဲ့ ရေနံသဘာဝတွင်းထွက်တွေကိုပဲ ရောင်းစားတဲ့ နိုင်ငံအနေနဲ့ပဲ ရပ်တည်နေမယ်ဆိုရင်တော့ အလွန်ကို အန္တရာယ်ကြီးတဲ့ အနေအထားတခုကို သွားနေတယ်လို့ ခံစားလို့ရပါတယ်။ ကျနော်ထင်တယ် ဆရာကျော်ရင်မြင့် ပြောသလိုပဲ လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ စီးပွားရေး၊ လူမှုရေး အခြေအနေက သိပ်ပြောင်းလဲသွားတာမျိုးကိုတော့ သိပ်ပြီးတော့ မခံစားရဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာတို့ နှစ်ယောက်စလုံးက မီဒီယာက အယ်ဒီတာကြီးတွေဆိုတော့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လိုတိုင်းတာမလဲ။ ၂၀၁၃ မှာ ပုဂ္ဂလိကသတင်းစာတချို့ ပေါ်ထွက်လာတယ် ဘာညာပြောကြပါတယ်။

ဦးကျော်ရင်မြင့် ။ ။ ၂၀၁၃ ရဲ့ ထူးခြားချက်ကတော့ နေ့စဉ်ပုဂ္ဂလိက သတင်းစာတွေ ပေါ်လာတာပါ။ နောက်ထပ်ထပ်ပြီးတော့ ဖြည့်ပြောရမယ်ဆိုရင် ဆရာကိုအောင်ဇော်တို့ရဲ့ ဧရာဝတီအပါအဝင်၊ မဇ္ဈိမတို့လို အရင်က နိုင်ငံခြားက ပုံနှိပ်မီဒီယာတွေ ပြည်တွင်းကို ဝင်လာခွင့်ရလာတယ်။ နောက်တခါ နိုင်ငံခြားအသံလွှင့်ဌာနတွေ၊ ရုပ်သံဌာနတွေ ပြည်တွင်းကို ဝင်လာခွင့်ရလာတယ်။ ဒါတွေကတော့ တိုးတက်မှုလို့ မြင်ပါတယ်။ ဒါပေမဲ့ နေ့စဉ်သတင်းစာတွေ အခုသတင်းစာတိုင်း ရှုံးနေကြတယ်။ ရေရှည်ရပ်တည်ဖို့ကို တော်တော်ခက်ခဲတဲ့ အနေအထားတခုကို ရောက်လာပါတယ်။ အစိုးရက နေ့စဉ်သတင်းစာတွေကို အားပေးမှု တော်တော်ကို အားနည်းတယ်လို့ ကျနော်တော့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ အားပေးမှုဆိုတာ ဘာကို ဆိုလိုတာလဲ။

ဦးကျော်ရင်မြင့် ။ ။ ဥပမာဆိုပါစို့ အခွန်ခ ပုံနှိပ်နဲ့ ပတ်သက်တဲ့ စက္ကူ၊ ပုံနှိပ်မင်၊ ပုံနှိပ်စက်စတဲ့ ပစ္စည်းမျိုးတွေအပေါ်မှာ ကောက်ခံနေတဲ့ အခွန်အခမျိုးတွေ ဒါမျိုးတွေ လုံးဝနီးပါး လျှော့ပေးပြီးတော့ အားပေးစေချင်တယ်။ နောက်တခုက ကျနော်တို့ သတင်းရရှိမှုအပိုင်းမှာ အစိုးရဌာနများကို ဆက်သွယ်ပြီး သတင်းမေးမြန်းရတာ အင်မတန်ကို ခက်ခဲပါတယ်။ အခုထိလည်း သတင်းနဲ့ ပတ်သက်ပြီးတော့ အစိုးရဌာနတွေက ဖုံဖိကွယ်ထားချင်တုန်း၊ သတင်းမှောင်ချချင်သူတွေ များနေတုန်းပဲလို့ ကျနော်တို့ အဲဒီလို မြင်ပါတယ်။ အဲဒီလို ဘက်ပေါင်းစုံ ပွင့်လင်းပြီးတော့ သတင်းတွေ ကျနော်တို့တွေရအောင် လုပ်ပေးရင်တော့ ပိုပြီးတိုးတက်လာမယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကိုအောင်ဇော် သတင်းရေးသားခွင့် လွတ်လပ်ခွင့်၊ ဝေဖန်ခွင့်တို့ ဘယ်လောက်အထိ ၂၀၁၃ မှာ တိုးတက်လာပြီလဲ။

ဦးအောင်ဇော် ။ ။ ကျနော်ထင်တယ် media sector ကိုကြည့်မယ်ဆိုရင်တော့ အားရစရာတွေ ရှိပါတယ်။ ဒီနေရာမှာ ကျနော်တို့ မျှော်လင့်ချက်တွေ investment တွေ အများကြီးထားလို့ရမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အထဲမှာရှိတဲ့ လူငယ်တွေရဲ့ ကြိုးစားမှုကြောင့်လို့ ကျနော် ခံစားရပါတယ်။ ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာန Minister of Information တို့ကို ကြည့်မယ်ဆိုရင်တော့ သူတို့တွေက မရှိသင့်တော့ဘူးလို့ ထင်ပါတယ်။ ထိန်းချုပ်ထားစရာမလိုဘူးလို့ ခံစားရပါတယ်။ တကယ်လို့ သူတို့က public media တွေကို တကယ်ယုံကြည်တယ်ဆိုရင် ဖွင့်ပေးလိုက်တာ ကောင်းပါတယ်။ ကျနော်မြင်တာက သူတို့က တကယ်ကို industry အကြီးကြီး ဖြစ်နေတာကြောင့် တနှစ်တနှစ်ကို ဒေါ်လာသန်း (၇၀) သန်း (၁၀၀) ဝန်းကျင်လောက် ဝင်နေနိုင်တဲ့ industry ဖြစ်နေတဲ့အတွက်ကြောင့် ဒါကို သူတို့ လက်မလွတ်ဘဲနဲ့ နိုင်ငံရေးထိန်းချုပ်မှုတင် မဟုတ်ဘဲနဲ့ စီးပွားရေးအရတောင် cash cow လုပ်နေတဲ့ကိစ္စတခုလို့ ကျနော်မြင်တယ်။ ဒါကြောင့် Ministry of Information က လုံးဝကို မရှိသင့်တဲ့ အဖွဲ့အစည်းတခုလို့ ကျနော်မြင်တယ်။ နောက်တခု ပြောရရင်တော့ မီဒီယာကိုပဲ watchdog လုပ်မယ်ဆိုတာကို သိတဲ့အတွက်ကြောင့်မို့ မီဒီယာကို လိုင်စင်အရ၊ extension လုပ်ဖို့ကိစ္စ၊ အထူးသဖြင့် broadcast media တွေကို အကြီးအကျယ် ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ပဲ ခံစားရတယ်။ အဲဒီ မိုးကျရွှေကိုယ်တွေ ပြောရရင်တော့ အရင်တုန်းက uniform ဝတ်ပြီးတော့ အခု ပုဆိုးဝတ်တဲ့ လူတွေက သူတို့မသိတဲ့တာတွေကို ဝင်လုပ်တဲ့ကိစ္စတွေက ကျနော်တို့နဲ့ ပြဿနာအကြီးအကျယ်ရှိတယ်လို့ ခံစားရပါတယ်။

ဦးကျော်ဇံသာ ။ ။ မကြာခင်က အရှေ့တောင်အာရှ အားကစားပွဲတော်လုပ်တော့ ပြည်ပမီဒီယာတွေကို ကိုင်တွယ်တာကရော ဘယ်လောက်အထိ အဆင့်အတန်း မှီခဲ့သလဲဆိုတာကိုလည်း ကိုအောင်ဇော် တဆက်တည်း ပြောပါ။

ဦးအောင်ဇော် ။ ။ ပြန်ကြားရေးလုပ်ငန်းတွေ အစိုးရကိုင်တွယ်ပုံတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ ခလေးဆန်ဆန် ကိုင်တွယ်ခဲ့တာတွေ။ သူတို့တွေ အားမရစရာကောင်းတာတွေ။ သူတို့မှာ အရည်အချင်းမရှိဘူး။ ဘာမှ နားမလည်းဘူးဆိုတာကို ကျနော်ထင်တယ် သေချာကို မြင်လိုက်ရတယ်လို့ ခံစားရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အာဆီယံကိုလည်း စောင့်ကြည့်ရမှာပေါ့။ ဘယ်လို ဖြစ်လာမလဲဆိုတာ။ နောက်တခု အာဆီယံနဲ့ တဆက်တည်း မေးချင်တာက ဆရာကျော်ရင်မြင့် အာဆီယံ အလှည့်ကျ သဘာပတိလုပ်တဲ့ နိုင်ငံတွေမှာ သတင်းအတော်လေး လိုက်ခဲ့ဘူးပါတယ်။ ၂၀၁၄ ခုနှစ်က လာအိုမှာလုပ်တဲ့ အာဆီယံပွဲမှာဆို မော်တော်ကားတွေကအစ တရုတ်ပြည်သူသမ္မတနိုင်ငံမှ လှုဒါန်းသည်။ အာဆီယံအတွက်ဆိုပြီး အကုန်လုံးရေးထားတယ်။ အဆောက်အအုံတွေကအစ တရုတ်တွေက အဲဒီလောက်အထိ နေရာယူထားတာကို တွေ့ခဲ့ရတယ်။ ဆိုတော့ ၂၀၁၄ မှာ မြန်မာအာဆီယံလုပ်လာတဲ့အခါ ဘယ်လို မြင်ကွင်းတွေ၊ အဲဒီလိုမျိုးတွေ ထပ်ပြီးမြင်နေရမယ် ထင်သလား။ ဆရာကျော်ရင်မြင့် အရင်ဆွေးနွေးပါ။ မန္တလေးဆိုတော့ ပိုပြီးနီးစပ်မယ်ထင်တယ်။ အဲဒီဖက်နဲ့။

ဦးကျော်ရင်မြင့် ။ ။ လွန်ခဲ့တဲ့ SEA Games ဖွင့်ပွဲ၊ ပိတ်ပွဲ တရုတ်မီးရှုးမီးပန်း လွှတ်တာကစပြီးတော့ ကျနော်တို့က တရုတ်ရဲ့ ထီးရိပ်အောက်မှာ တော်တော်ရောက်နေတယ်ဆိုတဲ့ လက္ခဏာကြီးကို တွေ့လိုက်ရပါတယ်။ ငွေလည်း အမေရိကန်ဒေါ်လာ (၃၃) သန်းဖိုး ကူညီတယ်လို့ ဆိုပါတယ်။ ကျနော် စိုးရိမ်တာက အာဆီယံဥက္ကဋ္ဌ လုပ်တဲ့အချိန်မှာ အဲဒီလိုမျိုး ဆက်ပြီးကူညီနေအုံးမယ်။ ဒီဖက်ကလည်း အကူအညီ ယူနေမယ်ဆိုလို့ရှိရင် ကျနော်တို့ဟာ နိုင်ငံရေးအရ လွတ်လပ်တဲ့ နိုင်ငံတခုလို့ နိုင်ငံတကာက လက်ခံနိုင်ပါ့မလား။ အဲဒီလို သံသယဝင်စရာ ရှိပါတယ်။ တရုတ်ကတော့ နေရာယူမှာပဲ ဝင်ပြီးတော့ တံဆိပ်ကပ်မှာပဲ။ အဲဒါကို ကျနော်တို့ဖက်က လက်ခံရင် ကျနော်တို့နိုင်ငံရဲ့ image ကို အများကြီး ထိခိုက်လိမ့်မယ်လို့ အဲဒီလို ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် ပြောပါ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြားမှာ ဖြစ်နေတဲ့ကိစ္စတွေမှာ ဥက္ကဋ္ဌအနေနဲ့ ဘယ်လိုနေမယ် ထင်သလဲ။ သုံးသပ်ပေးပါ။

ဦးအောင်ဇော် ။ ။ ကျနော် မြင်တာကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်သွားမှာကိုတော့ ကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘောဒီးယားမှာ လွန်ခဲ့တဲ့ လုပ်ခဲ့တဲ့ အာဆီယံ Summit ပွဲမှာဆိုရင် တရုတ်က တရုတ်နိုင်ငံ တရုတ်အစိုးရ control လုပ်ခဲ့တဲ့ agenda ဖြစ်သွားတယ်။ ကမ္ဘောဒီးယားမှာ လုပ်သွားတဲ့ အာဆီယံထိပ်သီးအစည်းအဝေး ပျက်သွားပါတယ်လို့တောင် ပြောလို့ရပါတယ်။ ဆိုတော့ အဲဒါမျိုး ဖြစ်သွားမယ်ဆိုရင် မြန်မာနိုင်ငံ အဲဒီလိုမျိုး ဖြစ်သွားမလား။ ဒါမှမဟုတ် မြန်မာနိုင်ငံ ရုန်းထွက်ပြီးတော့ မိမိရဲ့ သူတို့ကြွေးကြော်သလိုပဲ active ဖြစ်တယ်။ independence ဖြစ်တဲ့ foreign policy တခု လုပ်နိုင်မလား။ အဲဒါမျိုးက အရေးကြီးတယ်လို့ ထင်တယ်။ နောက်တခုက ၂၀၁၄ မှာ ကျနော် ထောက်ပြချင်တာတခုက အခြေခံဥပဒေကို ပြင်မလား၊ ဒါကို အသစ်ရေးဆွဲမလားဆိုတဲ့ကိစ္စ။ ဒါတွေက ၂၀၁၄ မှာ ကြုံတွေ့ရမယ့် တကယ့်တကယ် အရေးကြီးတဲ့ challenge တွေလို ယူဆတယ်။ နောက် အရေးကြီးဆုံးတခုက ဘာလဲဆိုတော့ တိုင်းရင်းသားပြဿနာ။ တိုင်းရင်းသားပြဿနာတွေကို မဖြေရှင်းနိုင်ရင် တိုင်းပြည်က နောက်ကို back to square one ပြန်သွားမယ်လို့ ခံစားရတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့်လည်း ၂၀၁၄ ကို လှမ်းမျှော်ပြီးတော့ ဆရာအမြင်ကို ပြောပါအုံး။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကလည်း ၂၀၁၄ ကိုတော့ ကျနော်နိုင်ငံအတွက် တော်တော် စိုးရိမ်ပူပန်စရာကောင်းတဲ့ နှစ်တနှစ်လို့ မြင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကလည်း ပြင်လို့ကို လုံးဝမရနိုင်လောက်အောင် ခက်ခဲအောင် ရေးဆွဲထားတာ။ အဲဒီကြီးကို ပြင်သင့်တဲ့အချိန် ၂၀၁၄ ထဲမှာ ဒီမိုကရေစီနည်းနဲ့ ပြင်နိုင်လို့ မရဘူးဆိုရင် ဒီမိုကရေစီမဆန်တဲ့နည်းတွေနဲ့ ပြင်လိုက်ကြရမယ့် အနေအထားကို ရောက်သွားမှာ စိုးရိမ်စရာ ရှိပါတယ်။ နောက်တဖက်ကလည်း အခုနပြောသလို ဖွဲ့စည်းပုံပြင်မယ့် အသံမျိုးတွေ ကြားလာတဲ့အခါမှာ ဗုန်းတွေခွဲလာမှာတွေ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးလာမှာမျိုး၊ အဲဒီလိုမျိုးတွေ စိုးရိမ်စရာရှိတဲ့ အနေအထားလို့ မြင်ပါတယ်။