ဒီမိုကရေစီ အသွင်ကူးပြောင်းရေး

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး

အာဏာလက်လွှတ်ရမယ့် အခြေအနေမျိုးကို တခါမှ ရင်မဆိုင်ရပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းမယ်လို့ ဗမာအစိုးရပြောတာကို အမျိုးမျိုးသုံးသပ်ကြပါတယ်။ အစိုးရကအပေါ်စီးယူပြီး အသွင်ကူးပြောင်းတဲ့ တိုင်းပြည်တွေထဲက ဘရာဇီးနိုင်ငံဟာ ထင်ရှားပါတယ်။ ၁၉၇၃ မှာ အာဏာရှင်ဖြစ်တဲ့ ဘရာဇီးအစိုးရဟာ (၁၆) နှစ်ကြာမှ ဒီမိုကရေစီအစိုးရ ဖြစ်လာပါတယ်။ ဗမာပြည်မှာ လွန်ခဲ့တဲ့ ဧပြီလကစပြီး အသွင်ကူးပြောင်းတာမို့ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ဖို့ ဘယ်လောက်ကြာဦးမယ် မသိနိုင်ပါဘူး။ ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိတော့မယ်လို့ ပြည်သူတွေက ယုံကြည်စိတ်ချလာတဲ့အချိန် ဒါမှမဟုတ်လည်း တရားဥပဒေ စိုးမိုးမှု တကယ်ရှိပြီလို့ ပြည်သူလူထုက ယုံကြည်လာချိန်ဟာ ဒီမိုကရေစီ လမ်းစပွင့်ချိန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ (၁၄) ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အနှစ် (၂၀) ကျော် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်တွေက အရပ်ဝတ်လဲပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့်မဟုတ်ဘဲ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့သာ ဖြစ်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။ အာဏာရှင်ဓလေ့ကို မစွန့်လွှတ်နိုင်တဲ့ ဗိုလ်ချုပ်နေဝင်း မိသားစုနဲ့ အသိုင်းအဝိုင်းဟာ စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ရပြီး ဇာတ်သိမ်းမကောင်းပုံကို ဗိုလ်ချုပ်မှူးကြီးတွေက ရှောင်းရှားလိုတဲ့အတွက် အသွင်ကူးပြောင်းတာလို့ မြင်သူတွေလည်း ရှိကြပါတယ်။

ဘရာဇီးနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးပုံစံမှာ အပြောင်းအလဲမလုပ်ချင်တဲ့ စစ်ဗိုလ်တွေ လက်ခံနိုင်အောင်လည်း စီစဉ်ရသေးတာမို့ ရှေ့နှစ်လမ်းတိုးလိုက် နောက်တလှမ်းဆုတ်လိုက်နဲ့ သွားနေရတဲ့ ဖြစ်စဉ်ပဲလို့ သုံးသပ်ကြပါတယ်။ အစိုးရဟာ အာဏာကို နည်းနည်းလေးတောင် ခွဲဝေပေးဖို့ စိတ်မကူးတာမို့ တဖြည်းဖြည်း တရွေ့ရွေ့နဲ့ တိတ်တစိတ်လုပ်နေရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလိုတောင် ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဗမာဗိုလ်ချုပ်တွေ အတုယူဖို့ ကြိုးပမ်းခဲ့တာ အင်ဒိုနီးရှား အာဏာရှင်စနစ် ဖြစ်ပုံရပါတယ်။ ၁၉၉၅ ခုနှစ် ဇွန်လမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆူဟာတို ကို သွားရောက်ဂါရဝပြုပြီး ဆူဟာတို ကိုယ်တိုင် ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလမှာ မြန်မာပြည်လာလည်ပါတယ်။ အာဏာအလွဲသုံးစားလုပ်ပြီး ဆူဟာတို စုဆောင်းထားတဲ့ ဒေါ်လာငေါ ပမာဏဟာ သန်းပေါင်းသုံးသောင်းလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

ဒါပေမဲ့ ဆူဟာတို အာဏာရှင်စနစ်ကို ဗမာဗိုလ်ချုပ်တွေ ပုံတူကူးဖို့ လုပ်နေတုန်း အင်ဒိုနီးရှားမှာ လူထုအုံကြွမှုဖြစ်ပွါးပြီး ဆူဟာတိုကို စစ်တပ်က မထောက်ခံတော့တဲ့အတွက် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးရတဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ စစ်တပ်အားကိုးနဲ့ ပြည်သူလူထုကို ဖိနှိပ်နေလို့ စီးပွားရေး၊ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေး ပြဿနာတွေ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာတာဟာ အာဏာရှင်စနစ်ရဲ့ နိဂုံးချုပ်မယ့် လမ်းစဖြစ်ပါတယ်။ နိုင်ငံရေးအရ အဖြေမရှာနိုင်ရင် ပြဿနာပိုကြီးပြီး ဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်သတ်နေလို့ ပြဿနာပြေလည်မှာ မဟုတ်ကြောင်း စစ်တပ်က ယုံကြည်လာတာဟာ ဆူဟာတို အာဏာရှင်စနစ်ရဲ့ နိဂုံးဖြစ်ပါတယ်။

ဆိုဟာတိုရဲ့ ဒွိဖန်စီစနစ် ကျင့်သုံးတဲ့ အနှစ် (၃၀) ကျော်မှာ အင်ဒိုနီးရှားပြည်သူ့လွှတ်တော်မှာ စစ်ဗိုလ်ပါဝင်တဲ့ အချိုးအစား ပြောင်းလဲလာပါတယ်။ ဆူဟာတိုစနစ် နိဂုံးချုပ်တဲ့ ၁၉၉၈ ရောက်တော့ ပြည်သူလွှတ်တော်ကိုယ်စားလှယ် (၅၀၀) မှာ စစ်ဗိုလ် (၇၅) ဦးပဲ ရှိတော့တယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ ၁၉၉၉ မှာ စစ်ဗိုလ် (၃၈) ဦးအထိ လျော့နည်းလာပါတယ်။ နောက်ပိုင်းကျင်းပတဲ့ ဒီမိုကရေစီရွေးကောက်ပွဲတွေမှာ ပြည်သူ့လွှတ်တော်မှာ စစ်ဗိုလ်ကိုယ်စားလှယ် မပါတော့ပါ။ အင်ဒိုနီးရှားလွှတ်တော်မှာ (၃၀) ရာခိုင်နှုန်း စစ်တပ်ကယူထားတာကို အခြေခံဥပဒေမှာ ကာကွယ်မထားတဲ့အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်တာပါ။ နအဖ အခြေခံဥပဒေကတော့ စစ်ဗိုလ်ကို ကာကွယ်ထားတဲ့ ဥပဒေဖြစ်လို့ စစ်ဗိုလ်ဦးရေလျှော့ချဖို့အတွက် အခြေခံဥပဒေကို ပထမဆုံး ပြင်ဆင်ရပါလိမ့်မယ်။

ဗမာစစ်တပ်က အစိုးရလုပ်တဲ့ အနှစ် (၅) ကာလမှာ အာဏာအလွဲသုံးစားလုပ်ပြီး ချမ်းသာလာသူတွေ ရှိပါတယ်။ စစ်ခေါင်းဆောင်ပိုင်းက မိသားစုအသိုင်းအဝိုင်းထဲမှာ သန်းကြွယ်သူဌေး နဲ့ ကုဋေကြွယ်သူဌေးတွေ ရှိပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရင် သူတို့ရယူထားတဲ့ ဓနဥစ္စာကို တရားဝင်ခံစားခွင့်ရမယ်လို့ ယူဆထားကြပုံ ရပါတယ်။ သူတို့သားသမီးတွေ အမေရိကနဲ့ ဥရောပမှာ ပညာသင်နိုင်မယ်လို့ မျှော်လင့်နေကြပုံရပါတယ်။ ဘရာဇီးနိုင်ငံမှာလည်း ဒီမိုကရေစီအစိုးရစနစ် ကျင့်သုံးနေပေမယ့် အခွင့်ထူးခံ လူတန်းစားတွေ သြဇာအာဏာရှိနေတုန်းပဲလို့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း ဘရာဇီးပါမောက္ခ ပင်ညဲရိုး က ဆိုပါတယ်။ ဒီမိုကရေစီအစိုးရရှိပေမယ့် စနစ်ဟောင်းရဲ့ လောင်းရိပ်က မထွက်နိုင်လို့ တရားမျှတမှု မရှိသေးတာကိုလည်း ထောက်ပြထားပါတယ်။

ဘရာဇီးရဲ့ ဓနဥစ္စာနဲ့ အာဏာပါဝါဟာ အခွင့်ထူးခံ လူတစုလက်ထဲမှာ ရှိနေတုန်းပါ။ တိုင်းပြည်ကချမ်းသာပြီး ပြည်သူလူထုက ဆင်းရဲနေပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီစနစ်အောက်မှာ အရပ်သားအဖွဲ့အစည်း NGO၊ တသီးပုဂ္ဂလအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ရှင်သန်လာတာဟာ ဘရာဇီး ဒီမိုကရေစီအတွက် ကောင်းတဲ့လက္ခဏာတွေ ဖြစ်တယ်လို့ ပင်ညဲရိုး က သုံးသပ်ပါတယ်။ မြန်မာပြည်မှာလည်း ဒီလိုအဖွဲ့အစည်းတွေ ရှင်သန်လာရင် မျှော်လင့်ချက်ရှိသေးတယ်လို့ ပြောနိုင်ပါလိမ့်မယ်။