မူးယစ်ဆေး နဲ့ မြန်မာ့နိုင်ငံရေး

မူးယစ်ဆေး နဲ့ မြန်မာ့နိုင်ငံရေး

ဒီနှစ်ထဲမှာ နိုင်ငံရေး-စီးပွားရေး ပြုပြင်ပြောင်းလဲမှု စတင်ပြုလုပ်တာကို ပြည်တွင်းပြည်ပမှာ အများဆုံး အာရုံစိုက်ကြတာ တွေ့ရပါတယ်။ နိုင်ငံခြားက ခေါင်းဆောင်တွေ လာရောက်ကြတာဟာ နေပြည်တော်အစိုးရကို ဂုဏ်ပြုသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရေးနဲ့ မူးယစ်ဆေးဝါး ဆက်စပ်နေပုံကိုတော့ သတိမပြုမိသလို ဖြစ်နေပါတယ်။ မူးယစ်ဆေးလုပ်ငန်းရှင် (၇) ဦး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပုံကို ရှမ်းမူးယစ်ဆေးစောင့်ကြည့်ရေးအဖွဲ့က လွန်ခဲ့တဲ့ အောက်တိုဘာလက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ ဒေသခံတရုတ် (၅) ဦးနဲ့ ကချင် (၂) ဦး ပါဝင်နေတာ တွေ့ရပါတယ်။

ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်နေရာကို ဆက်ခံတဲ့ ဘိုင်ဆုံချိန် (ခေါ်) ဘိုင်ဆောင်ကျင်း၊ ကိုကန့်တရုတ် လူဂိုရှီ၊ ကိုးကန့်တရုတ် ဟိုရှောင်ချန် (ခေါ်) ဦးဟော်၊ ကွတ်ခိုင်တရုတ် ဦးမြင့်လွင် (ခေါ်) ဝမ်ဂိုဒါ၊ လီစူးတရုတ် ဦးကျော်မြင့် (ခေါ်) ဦးဝင်းမောင် (ခေါ်) ဂီယောင်ကျင်း တို့ဟာ ဒေသခံတရုတ်တွေ ဖြစ်ကြပါတယ်။ ကွတ်ခိုင်အမတ် ဥပဒေဘွဲ့ရ ဂျက်ဖရီ (ခေါ်) ဦးခွန်မြတ် နဲ့ မူဆယ်အမတ် ဦးကင်မိုင်း တို့ကတော့ ကချင်လူမျိုးတွေ ဖြစ်ပါတယ်။ ကွတ်ခိုင်အမတ် ဥပဒေဘွဲ့ရ ဂျက်ဖရီ (ခေါ်) ဦးခွန်မြတ် နဲ့ မူဆယ်အမတ် ဦးကင်မိုင်း တို့ကတော့ ကချင်လူမျိုးတွေ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်အားလုံး မူးယစ်ဆေးနဲ့ ပတ်သက်နေပါတယ်။

ဥပဒေဘွဲ့ရ ဦးခါန်မြတ်ဟာ ကွတ်ခိုင်အဖွဲ့ရဲ့ အကြီးအကဲဖြစ်ခဲ့ပြီး ရှေ့နေချုပ်ရုံးမှာ ညွှန်ကြားရေးအဖြစ် အမှုထမ်းခဲ့သူဖြစ်လို့ မူးယစ်ဆေးလုပ်ငန်းနဲ့ ရောထွေးယှက်တင်ဖြစ်နေတာ အံ့သြစရာဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးခွန်မြတ်ရဲ့ တပည့်တွေဟာ မူးယစ်ဆေးဝါးထုတ်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ပါဝင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ကိုးကန့်တရုတ် ဖုတ်ကြားရှင်ရဲ့ လက်ထောက်ဖြစ်ခဲ့သူ ဘိုင်ဆုံချိန်ဟာ ၂၀၀၉ သြဂုတ်လမှာ အစိုးရတပ်နဲ့ပေါင်းပြီး ဖုန်ကြားရှင်ဂိုဏ်းကို (၃) ရက်နဲ့ ဖြုတ်ချလိုက်သူအဖြစ် ထင်ရှားပါတယ်။ မူးယစ်ဆေးလုပ်ငန်းမှာ ဘိုင်ဆုံချိန်နဲ့ ဖုန်ကြားရှင် မိသားစု ပြိုင်ဆိုင်လာတာဟာ စစ်အစိုးရ ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အလမ်းပေးလိုက်သလို ဖြစ်သွားးပါတယ်။ အခုတော့ ဘိန်းလုပ်ငန်းရှင် လော်စစ်ဟန် နည်းတူ တရားဝင်လုပ်ခွင့်ရနေသလို ဖြစ်နေပါတယ်။

စစ်အစိုးရတက်လာကတည်းက မူးယစ်ဆေးလုပ်ငန်းနဲ့ တနည်းမဟုတ်တနည်း ပတ်သက်လာတာ ဒီကနေအထိပါ။ ရှမ်းလက်နက်ကိုင် လှုပ်ရှားမှုကို နှိမ်နှင်းဖို့ ရည်ရွယ်ပြီး ၁၉၆၃ မှာ စစ်အစိုးရက ကာကွယ်ရေးတပ်ဖွဲ့လို့ခေါ်တဲ့ ပြည်သူ့စစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တာကို အခွင့်ကောင်းယူပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ဘိန်းကုန်ကူးပါတယ်။ ဒီအထဲ နာမည်ထွက်လာသူ (၂) ဦးဟာ ဒေသခံတရုတ် လော်စစ်ဟန်နဲ့ ခွန်ဆာ ဖြစ်ပါတယ်။ ၁၉၇၃ မှာ ကာကွယ်ရေးတပ်ဖွဲ့ကို ဖျက်သိမ်းတဲ့အခါ လော်စစ်ဟန်နဲ့ ခွန်ဆာ တောခိုပြီး မူးယစ်ဆေးလုပ်ငန်းကို ဇောက်ချလုပ်ခဲ့ပါတယ်။ နောက်ဆုံး လော်စစ်ဟန်ရဲ့ အေးရှားဝေါလ် ကုမ္မဏီဟာ အချမ်းသားဆုံး ကုမ္မဏီတခုဖြစ်နေပြီး နေပြည်တော် တည်ဆောက်ရေးမှာ အဓိက ပါဝင်နေပါတယ်။ ခွန်ဆာကလည်း နောက်ဆုံးမှာ ဗမာစစ်အစိုးရနဲ့ ပူးပေါင်းလိုက်တဲ့အတွက် ရန်ကုန်မှာ တရားဝင်နေထိုင်ခွင့်ရပြီး ၂၀၀၇ မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ နမ့်ဆန် နဲ့ မန်တုန်စတဲ့ မြို့နယ်တွေမှာ အစိုးရတပ်အခြေစိုက်ပြီး ကျေးလက်မှာ ပြည်သူစစ် ဖွဲ့စည်းထားပါတယ်။ နမ့်ခမ်းမြို့နယ်မှာ အင်အားကောင်းတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ (၈) ဖွဲ့ရှိပြီး နမ့်ဆန်နဲ့ မန်တုန်မှာလည်း ပြည်သူ့စစ်တပ်ဖွဲ့တဖွဲ့စီ ရှိပါတယ်။ နမ့်ခမ်းပြည်သူစစ်ထဲမှာ ဘိန်းလုပ်ငန်းမှာ နာမည်ရထားတဲ့ တရုတ်ပန်းဆေး ပြည်သူစစ်တပ်ဖွဲ့လည်း ပါဝင်ပါတယ်။ ဒီတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဟာ လီစူးတရုတ် ဦးကျော်မြင့် (ခေါ်) ဦးဝင်းမောင် (ခေါ်) လီယောင်ကျင်းဆိုတဲ့ သုံးမည်ရပုဂ္ဂိုလ် ဖြစ်ပါတယ်။ ပန်းဆေးကျော်မြင့်အဖြစ် လူသိများပြီး နမ့်ခမ်မြို့နယ်ကြံ့ဖွံ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ပါတယ်။

ပန်းဆေးဦးကျော်မြင့် ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ နမ့်ခမ်းမြို့နယ်က ကျေးရွာ (၁၅) ရွာမှာ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲပြီးချိန်ကစပြီး ဘိန်းစိုက်ပျိုးမှု သိသိသာသာ တိုးပွားလာတယ်လို့ ပလောင်အမျိုးသမီး အစည်းအရုံးရဲ့ အောက်တိုဘာလထုတ် မူးယစ်ဆေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု (၈၀) ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ်အခါက သူသာအနိုင်ရရင် နောက်ထပ် (၅) နှစ် ဘိန်းစိုက်ခွင့်ရမှာဖြစ်ကြောင်း ပန်းဆေးဦးကျော်မြင့် က ပြောဆိုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ နမ့်ခမ်းမြို့နယ်က အစိုးရတပ်၊ ရဲတပ်ဖွဲ့ နဲ့ ပြည်သူ့စစ်တွေဟာ ဘိန်းစိုက်ပျိုးသူတွေဆီက အခွန်ကောက်ယူနေတယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ မူးယစ်ဆေးထုတ်လုပ်မှု တိုးပွားနေတာကို ကုလသမဂ္ဂ နဲ့ အမေရိကန်အစိုးရက သိကြပေမယ့် အရေးယူတာမျိုး မလုပ်သေးပါဘူး။ အမေရိကန်ကို မူးယစ်ဆေး အများဆုံးတင်သွင်းနေသူဟာ အိမ်နီးချင်း မက်ဆီကိုနိုင်ငံ ဖြစ်ပါတယ်။ ဒီပြဿနာကို မက်ဆီကို နဲ့ အမေရိကန်အစိုးရတို့ ပူးတွဲဖြေရှင်းနေတာ မအောင်မြင်သေးပါဘူး။ ဒါကြောင့် မြန်မာ့နိုင်ငံရေးနဲ့ မူးယစ်ဆေးမှောင်ခိုတွေ ရောထွေးနေတာကို အမေရိကန်က အရင်လို အာရုံစိုက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။