မြန်မာ့အထူးစီးပွားရေးဇုံ

မြန်မာ့အထူးစီးပွားရေးဇုံ

ထားဝယ်ရေနက်ဆိပ်ကမ်းအနီးမှာ ဧကတသိန်းခွဲကျယ်တဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ ထိုင်း-အီတလီကုမ္မဏီနဲ့ မြန်မာဆိပ်ကမ်း အာဏာပိုင်တို့ နိုဝင်ဘာလ အစောပိုင်းက လက်မှတ်ထိုးလိုက်ကြပါတယ်။ ဒေါ်လာသန်းပေါင်း၊ တသောင်းသုံးထောင်ကျော်ကုန်ကျမယ့် (၁၀) နှစ် စီမံကိန်း ဖြစ်ပါတယ်။ ဘန်ကောက်မြို့အနီးက စက်မှုဇုန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေစည်းကမ်းတွေ တင်းကျပ်လာတဲ့အတွက် ဂျပန်ကုမ္မဏီ အပါအဝင် လုပ်ငန်းရှင်တော်တော်များများဟာ ထားဝယ်ကိုပြောင်းဖို့ စိတ်ထက်သန်နေကြတာလို့ ဆိုပါတယ်။ မြန်မာသစ်ကုမ္မဏီ (၂) ခုဟာ ထားဝယ်မြို့နယ်မှာ မြေဧက (၂၀၀၀) ကျော်ကို လျော်ကြေး မပေးဘဲ သိမ်းပိုက်ထားတယ်လို့ ဒီဇင်ဘာ (၁၅) ရက် ဧရာဝတီသတင်းက ဆိုပါတယ်။

အထူးစီးပွားရေးဇုန်မှာ စက်မှုလုပ်ငန်းနယ်မြေ၊ အကောက်ခွန် ကင်းလွတ်တဲ့နယ်မြေ၊ ပို့ကုန်ထုတ်တဲ့ဒေသစတဲ့ လုပ်ငန်းနယ်မြေအမျိုးမျိုး ပါဝင်လာပါတယ်။ ၁၉၆၉ က ထိုင်ဝမ်မှာ ပထမဆုံး အထူးစီးပွားရေးဇုန် ဖွင့်ပြီး ကတည်းက အာရှမှာ ခေတ်စားလာတာမို့ သက်တမ်း (၄၅) နှစ် ရှိနေပါပြီ။ နောက်တော့ အာဆီယံနဲ့ တရုတ် ကပါ အထူးစီးပွားရေးဇုန် သတ်မှတ်ပြီး နိုင်ငံခြား အရင်းအနှီး ဖိတ်ခေါ်တာကြောင့် တိုးတက်ဖွံ့ဖြိုးလာတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း အထူးစီးပွားရေးဇုန်ကို လူကြိုက်များလာတာပါ။

မြန်မာနဲ့သင့်လျော်တဲ့ အထူးစီးပွားရေးဇုန် (၃) ခုကို ဂျပန်ပညာရှင်၊ မာစာမီအီရှီဒါ က ၂၀၀၉ ခုနှစ်က စာတမ်း ရေးထားပါတယ်။ ရန်ကုန်နဲ့ သီလဝါကို ပထမ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ပါတယ်။ လူနေ ထူထပ် တာမို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရင် ဖွံ့ဖြိုးလိမ့်မယ်လို့ ဆိုပါတယ်။ သီလဝါ ရေနက်ဆိပ်ကမ်းကို တရုတ်ကျွမ်းကျင်သူတွေက ပုံစံဆွဲပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သံလျင်ကျောက်တန်းကို အထူး စီးပွားရေး နယ်မြေလုပ်ရင်လည်း သီလဝါဟာ အရေးပါလာပါလိမ့်မယ်။ ဒုတိယ အထူးစီးပွားရေးဇုန်က မော်လမြိုင် ထားဝယ်ဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းကိုသွားတဲ့ ကားလမ်းရှိတာကြောင့် အလားအလာ ကောင်းပါတယ်။ ဒီ စီးပွားရေါ်ဇုန်ထဲမှာ မြိတ်ကိုပါ ထည့်သွင်းနိုင်ပါတယ်။ တတိယ အထူး စီးပွားရေး ဇုန် ကတော့ မန္တလေးစစ်ကိုင်း ဖြစ်ပါတယ်။ ဗမာစစ်အစိုးရကတော့ မြဝတီ၊ ဖားအံ၊ ကျောက်ဖြူ နဲ့ ပြင်ဦးလွင်ကိုပါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမဲ့ အထူးစီးပွားရေးဇုန် သတ်မှတ်တိုင်း တိုးတက်ဖွံ့ဖြိုးတာ မဟုတ်ပါဘူး။ ဆက်သွယ်ရေး ညံ့ဖျင်းမှု၊ အကျိုးအမြတ် ရဖို့ မသေချာမှု၊ လုပ်နည်းလုပ်ထုံး ရှုပ်ထွေးကြန့်ကြာမှု၊ တရားမဝင်တဲ့ လုပ်ငန်းလုပ်ကိုင်မှု၊ လာဘ်ပေးလာဘ်ယူ များပြားမှု စတာတွေကြောင့် ရည်ရွယ်ချက် မအောင်မြင်တဲ့ အထူးစီးပွားရေးဇုန်တွေ လည်း ရှိကြောင်း သြဂုတ်လထုတ် အေဒီဘီ - အာရှဖွံ့ဖြိုးရေးဘဏ် သုတေသနဌာနစာတမ်း အမှတ် (၂၃၇) မှာ ပါမောက္ခ Peter Rimmer နဲ့ Howard Dick တို့က သုံးသပ်ထားပါတယ်။ မြဝတီ-မဲဆောက် လို နယ်စပ် အထူးစီးပွားရေးဇုန်မှာ မှောင်ခိုလုပ်ငန်း၊ ဥပဒေမဲ့ ဝင်ရောက်မှု၊ သစ်ခိုးထုတ်မှု စတာတွေလုပ်နေလို့ စီးပွားရေး တိုးတက်သင့်သလောက် မတိုးတက်ဘူးလို့ ဆိုပါတယ်။ မြန်မာဒုက္ခသည်တွေ ထိုင်းနိုင်ငံမှာ တရားမဝင်တဲ့ လုပ်ငန်းကို မြန်မာဘက်မှာ လာလုပ်နိုင်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း တိုးတက်လာရင် ဒီလိုလုပ်ငန်းမျိုးတွေ နည်းပါးသွားနိုင်ပါတယ်။

အထူးစီးပွားရေးဇုန်ကိုချည်း အာရုံစိုက်နေပြီး ဒီဇုန်နဲ့ ဆက်စပ်နေတဲ့ မြို့ကြီးရဲ့ အခြေခံ အဆောက်အအုံတွေ ယိုယွင်းပျက်စီးနေတာကို သတိမထားမိကြဘူးလို့ ဆိုပါတယ်။ အခြေခံ အဆောက်အအုံ ညံ့ဖျင်းတာကြောင့် မြို့တွင်းမြို့ပြင် သယ်ယူပို့ဆောင်ရေးဟာ အမြဲတမ်း နှောင့်နှေးပြီး မြောင်းပိတ်ပြီး ရေလျှံမှု၊ ရေသန့် မလုံလောက်မှု စတဲ့ ပြဿနာတွေကို ရန်ကုန်၊ ဘန်ကောက် နဲ့ ဂျကာတား လို မြို့ကြီးတွေမှာ တွေ့နိုင်ပါတယ်။ ဒီမြို့ကြီးတွေဟာ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းကိုဝင်တဲံ ဂိတ်စခန်းတွေဖြစ်တဲ့အတွက် အမြဲတမ်း ကမ္ဘာ့ အဆင့်အတန်းမီတဲ့ အခြေခံ အဆောက်အအုံရှိဖို့ လိုပါတယ်။

အခြေခံ အဆောက်အအုံဟာ တမြို့နဲ့တမြို့ ကွာခြားပါတယ်။ ဥပမာ စင်္ကာပူ၊ ဟောင်ကောင် နဲ့ ရှန်ဟိုင်းက အခြေခံ အဆောက်အအုံဟာ ဂျကာတား၊ မနီလာ၊ ဟိုချီမင်းမြို့တွေထက် ကောင်းမွန်နေတာ တွေ့ရပါတယ်။ အကြောင်းကတော့ စင်္ကာပူနဲ့ ဟောင်ကောင်ဟာ အခြေခံ အဆောက်အအုံမှာ ငွေရင်းမြုပ်နှံနိုင်လို့ပါ။ အခြားမြို့ တွေ မှာတော့ အရင်းအနှီး အားနည်းနေပြီး အစိုးရကလည်း အခြေခံ အဆောက်အအုံမှာ မရင်းနှီးချင်ကြပါဘူး။ သီလဝါ ဆိပ်ကမ်းက ကမ္ဘာ့အဆင့်မီပေမယ့် အနည်းနားက ရန်ကုန်မြို့ဟာ စုတ်ပြတ်နေရင် အထူး စီးပွားရေး ဇုန် တည်ထောင်ရကျိုးနပ်မှာ မဟုတ်ပါဘူး။

တရုတ်ပြည်မှာ အထူးစီးပွားရေးဇုန်တွေ ဖွင့်လှစ်လို့ အလွန်အောင်မြင်တာကို အားကျနေပြီး လိုက်လုပ်နေ ကြတာ ဖြစ်ပါတယ်။ အိန္ဒိယမှာလည်း အထူးစီးပွားရေးဇုန် (၄၀၀) ကျော် ဖွင့်လှစ်ဖို့ ခွင့်ပြုထားတဲ့အတွက် ကမ္ဘာပေါ်မှာ အထူးစီးပွားရေးဇုန် အများဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မှာ အောင်မြင်သလို အခြား နိုင်ငံတွေမှာလည်း အောင်မြင်လိမ့်မယ်လို့ မပြောနိုင်ပါဘူး။ အထူး စီးပွားရေးဇုန် တည်ထောင်တဲ့အတွက် နစ်နာဆုံးရှုံးသူတွေ ရှိပါတယ်။ ဒါကြောင့် အထူးစီးပွားရေးဇုန် တည်ထောင်လို့ ရရှိတဲ့ အကျိုးအမြတ်ဟာ ဆုံးရှုံးနစ်နာမှုတွေကို ကာမိဖို့လိုကြောင်း သုံးသပ်ကြပါတယ်။