ဒီဇင်ဘာ ပထမပတ်က နေပြည်တော်ကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာသွားတာကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးတက်မယ့် အလားအလာ ရှိလာပေမယ့် ပြဿနာတွေ ရှိနေသေးတဲ့အတွက် နီးရက်နဲ့ဝေးနေတဲ့ ဆက်ဆံရေးဖြစ်နေပါတယ်။ နှစ်နိုင်ငံအကြား ကားလမ်းရထားလမ်းဖောက်ဖို့ ဘင်္ဂလားဒေရှ်က အဆိုပြုတာကို မြန်မာဘက်က စဉ်းစားမယ့်လို့သာ တုံ့ပြန်တာတွေရပါတယ်။ ချစ်ကြည်ရေးကားလမ်းဖောက်ဖို့ ၂၀၀၂ နှစ်ကတည်းက သဘောတူခဲ့ကြပေမယ့် အခုထက်ထိ မစနိုင်သေးပါဘူး။ လမ်းပန်းဆက်သွယ်ရေးမှာ မြန်မာဘက်က မကြာခဏ ရွှေ့ဆိုင်းတဲ့အတွက် အခုလို ကြန့်ကြာနေတာလို့ သိရပါတယ်။ ဒီ အတောအတွင်း စစ်တကောင်း-မန္တလေး-ကုမင် မော်တော်ကားလမ်းဖောက်ဖို့ ၂၀၀၆ မှာ သဘောတူကြပြန်ပါတယ်။
နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နာရပရာ (Narapara) နဲ့ ကူတူပလောင် (kutupalong) စခန်းတွေက မြန်မာဒုက္ခသည် နဲ့ အခြားဒေသတွေမှာ ရောက်နေကြတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ပြဿနာများကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရာမှာ ကောင်းစွာအထောက်အကူ ပြုမယ်လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ ရိုဟင်ဂျာမွတ်စလင် ဆိုတဲ့ ဝေါဟာရကို မသုံးဘဲ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများလို့ ဖော်ပြတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ဖော်ပြပြီး အခိုင်အမာ ဂတိပေးတာမျိုး မရှိပါဘူး။
ဘင်္ဂလားပင်လယ်ကွေ့မှာ သဘာဝဓါတ်ငွေ့တွေ့ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရဟာ စီးပွားပြိုင်ဘက် ဖြစ်လာကြပါတယ်။ ဘင်္ဂလားပင်လယ်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောအင်အားပြတဲ့နေရာ ဖြစ်လာပါတယ်။ အထူးစီးပွားရေးဇုန်ကို ကမ်းခြေက မိုင် (၂၀၀) အထိ သတ်မှတ်လိုက်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေ ရေပိုင်နက် သတ်မှတ်ရာမှာ နယ်နိမိတ်ချင်း ထပ်နေတတ်ပါတယ်။ ရေနယ်နိမိတ် သတ်မှတ်ပုံ သတ်မှတ်နည်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေမှာ လမ်းညွှန်သာ ပြထားပါတယ်။ ဘယ်ပုံဘယ်နည်းနဲ့ ရေနယ်နိမိတ် တိုင်းတာရမယ်ဆိုတာ မညွှန်ကြားတဲ့အတွက် စည်းမျဉ်းကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နဲ့ အိန္ဒိယတို့ ရေနယ်နိမိတ်တွေဟာ ရောယှက်နေတဲ့အတွက် ရေနံဓါတ်ငွေ့ လုပ်ကွက် သတ်မှတ်ရာမှာ ပြဿနာရှိပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေနယ်နိမိတ်ပြဿနာကို ဂျာမဏီနိုင်ငံ Hamburg မြို့ အခြေစိုက်ပင်လယ်ပြင် ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးမှာ လွန်ခဲ့တဲ့ စက်တင်ဘာလက ကြားနာခဲ့ပါတယ်။ လာမယ့် မတ်လမှာ စီရင်ချက်ချပါလိမ့်မယ်။ ပင်လယ်ပြင် ဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ကို နှစ်နိုင်ငံစလုံးနာခံမှာဖြစ်လို့ အေးချမ်းစွာ ဖြေရှင်းနိုင်တဲ့ ရေနယ်နိမိတ်ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ အဖွဲ့ထဲမှာ အသွင်မတူတာတွေများတာကြောင့် တင်းမာမှုတွေ ဖြစ်တတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာကိုယ်စားလှယ်တွေ အပြန်အလှန် ချစ်ကြည်ရေးခရီးထွက်ကြပေမယ့် ရေနယ်နိမိတ် ပြဿနာကို မဖြေရှင်းနိုင်ကြပါဘူး။ ဒီ ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးဟာ ဘင်္ဂလားဒေ့ရှ်အတွက် အလွန်အရေးကြီးတာကြောင့် ကြားဝင်ဖြန့်ဖြေမှု ခံယူဖို့ ၂၀၀၉ အောက်တိုဘာမှာ ကြေညာပါတယ်။ ပင်လယ်ပြင် ဥပဒေခုံရုံးက ဆုံးဖြတ်ပေဖို့ နိုဝင်ဘာလမှာ မြန်မာဘက်က အကြောင်းပြန်တဲ့အတွက် ၂၀၀၉ ဒီဇင်ဘာမှာ အမှုဖွင့် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာလာတဲ့အတွက် မောင်းတောမြို့နယ်မှာ ကီလိုမီတာ (၈၀) ရှိတဲ့ သံဆူးကြိုးတံတိုင်းကို မြန်မာဘက်က ၂၀၀၉ မှာ တည်ဆောက်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုသွားတဲ့ မွတ်စလင်တွေ ပြန်မလာနိုင်အောင် သံဆူးကြိုးကာတာလို့ ဆိုပါတယ်။ နယ်နိမိတ် သဘောတူညီချက် (၃) ကြိမ် (၁၉၆၆၊ ၁၉၈၀၊ ၁၉၉၈) ရယူခဲ့ပေမယ့် နယ်ခြားအမှတ်အသား မရှိတဲ့နေရာက များနေတာမို့ မကြာခဏ ပြဿနာဖြစ်နေတာလို့ သိရပါတယ်။ ရေနယ်နိမိတ်ပြဿနာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးမှာ အလွန်အရေးကြီးပေမယ့် အစိုးရခေါင်းဆောင်တွေ အပြန်အလှန်လည်ပတ်တဲ့အခါမှာ ဒီကိစ္စကို ထုတ်ဖော်ပြောဆိုတာမျိုး မရှိသလောက်ပါ။
ဘင်္ဂလားဒေ့ရှ်မှာ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ပေမယ့် ပြည်တွင်းမှာ လုံလောက်အောင် မပေးနိုင်တဲ့အတွက် ကမ်းလွန်ပင်လယ်မှာ ရေနံနဲ့ဓါတ်ငွေ့ရှာဖို့ အပူတပြင်း လိုအပ်နေပါတယ်။ ဒါကြောင့် လောလောဆယ်မှာ ဓါတ်ငွေ့တင်သွင်းဖို့တောင် စီစဉ်နေရပါတယ်။ ရခိုင်ကမ်းလွန်မှာ မြန်မာအစိုးရ ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေနေတဲ့အကြောင်းရင်းက နိုင်ငံခြားကို ရောင်းစားဖို့ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ မြန်မာပြည်လာစဉ်က ပြောဆိုသွားပါတယ်။ နေပြည်တော်မှာ သံရုံးဆောက်လုပ်ရေး စတင် အကောင်အထည် ဖော်နေတာကိုကြည့်ရင် ဗမာအစိုးရနဲ့ ဆက်ဆံရေး အဆင်ပြေအောင် ဘင်္ဂလားဒေ့ရှ် အစိုးရက အစွမ်းကုန် ကြိုးပမ်းနေတာ ထင်ရှားပါတယ်။