မီဒီယာ ချုပ်ကိုင်မှု နှင့် လွတ်လပ်မှု

မီဒီယာ ချုပ်ကိုင်မှု နှင့် လွတ်လပ်မှု

အောက်တိုဘာလ (၈) ရက်နေ့က စာပေစီစစ်ရေးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ က နောင်ဆိုရင် စာပေစီစစ်ရေးရှိဖို့ လိုမယ်မထင်ကြောင်း RFA သတင်းထောက်နဲ့ တယ်လီဖုန်း အင်တာဗျူးလုပ်တုန်းက ပြောသွားပါတယ်။ ဒီ အင်တာဗျူးကို Yangon Times စာစောင်မှာ အပြည့်အစုံ ဖော်ပြပါတယ်။ နိုဝင်ဘာလ (၄) ရက်နေ့မှာ ပြန်ကြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ကို ဗွီအိုအေ မြန်မာပိုင်အယ်ဒီတာက တွေ့ဆုံမေးမြန်းတဲ့အခါမှာ တနေ့ကျရင် စာပေစီစစ်ရေးဟာ စောင့်ကြည့်ရေးအဖွဲ့အဆင့်ကို ရောက်သွားလိမ့်မယ်လို့ ပြောပါတယ်။ မှန်းဆလို့မရနိုင်တဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်မယ့် အလားအလာအကြောင်းပြောတာကို တင်းကျပ်မှုလျော့ပေးမယ့် အရိပ်လက္ခဏာအဖြစ် မြင်သူတွေရှိသလို ဝါဒဖြန့်မှုနဲ့ စိတ်ဓါတ်စစ်ဆင်မှုအဖြစ် မြင်သူတွေလည်း ရှိပါတယ်။

VOA, RFA, BBC, DVB အပါအဝင် ကွန်ပြူတာ website အချို့ ကြည့်ခွင့်ပေးပြီး သတင်းမီဒီယာ ပြုပြင်ရေးဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းသွားမယ်လို့ ပြောတာကို တိုးတက်မှုအဖြစ် ယူဆကြပေမယ့် သတင်းသမား (၂၀) နီးပါးကို ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ ၂၀၀၄ မှာ ပြဌာန်းတဲ့ အီလက်ထရောနစ် အက်ဥပဒေအရ အင်တာနက်ဆက်သွယ်သူကို အချိန်မရွေး ဖမ်းဆီးနိုင်ပါတယ်။

၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းကတည်းက သတင်းမီဒီယာလွတ်လပ်မှု ဆိတ်သုဉ်းသွားတာမို့ အာဏာရှင်ကို မထိခိုက်အောင်ရေးနေကြတာ အနှစ် (၅၀) နီးပါးရှိနေပါပြီ။ အာဏာရှင်အစိုးရ လက်ခံနိုင်လောက်အောင် မိမိဘာသာ စီစစ်ရေးသားတဲ့ အကျင့်ဓလေ့ဖြစ်ပါတယ်။ တရုတ်ပြည်မှာလည်း ဒီနည်းကို ကျင့်သုံးကြပါတယ်။ မြန်မာပြည်မှာ အပတ်စဉ်စာစောင် (၁၅၉) စောင်နဲ့ လစဉ်စာစောင် (၁၄၉) စောင် ထုတ်ဝေပါတယ်။ တရုတ်ပြည်မှာ မဂ္ဂဇင်း (၈၀၀၀) ကျော်၊ သတင်းစာ (၂၀၀၀) ကျော်နဲ့ တီဗွီထုတ်လုပ်ရေးဌာန (၄၀၀) နီးပါး ရှိပါတယ်။ ဒါပေမဲ့ မီဒီယာတွေအားလုံး အစိုးရမူဝါဒအတိုင်း ထုတ်လုပ်ရပါတယ်။ မြန်မာပြည်မှာ ထုတ်ဝေတဲ့ စာစောင်တွေများပေမယ့် ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီး အာဏာပိုင်တွေ မတရားလုပ်တာကို ထုတ်ဖော်ရေးသားတာမျိုး မရှိသလောက် ဖြစ်နေတာ တွေ့ရပါတယ်။

အာဏာတည်မြဲရေးနဲ့ အာဏာရယူရေးမှာ သတင်းမီဒီယာ ချုပ်ကိုင်မှုဟာ အရေးကြီးတာကို ဒီမိုကရေစီနိုင်ငံမှာရော အာဏာရှင်နိုင်ငံမှာရော ကောင်းကောင်းသဘောပေါက်ကြပါတယ်။ ဒီမိုကရေစီစနစ်မှာ လွတ်လပ်မှုရှိတာကြောင့် သတင်းမီဒီယာကို ချုပ်ကိုင်ဖို့ကြိုးစားတဲ့ နိုင်ငံရေးပါတီတွေရဲ့ လုပ်ရပ်ကို သိမြင်နိုင်ပါတယ်။ အာဏာရှင်နိုင်ငံမှာတော့ လွတ်လပ်မှုမရှိတဲ့အတွက် အစိုးရဝါဒဖြန့်လုပ်ငန်းမှာ သတင်းမီဒီယာတွေ အသုံးခံနေရပါတယ်။ ဒါကြောင့် သတင်းအချက်အလက်ကို သိရှိနိုင်ရေးနဲ့ သတင်းအချက်အလက် ချုပ်ကိုင်နိုင်ရေးဟာ အမြဲတမ်း ပဋိပက္ခ ဖြစ်နေပါတယ်။ သတင်းမီဒီယာ လွတ်လပ်မှုရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာလည်း အာဏာရအစိုးရက သတင်းထိမ်ချန်ထားပြီး အဖြစ်မှန်ကို ဖုံးကွယ်ထားတတ်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက် သိရှိပိုင်ခွင့်ဥပဒေ Freedom of Information Act ကို ပြဌာန်းထားရပါတယ်။ ဒီ ဥပဒေကို ကျင့်သုံးရာမှာလည်း အခက်အခဲနဲ့ ကြုံရတတ်ပါတယ်။

စီမံကိန်းကြီးတွေမှာ အစိုးရက အဖြစ်မှန်ကို သတင်းအမှောင်ချပြီး ဝါဒဖြန့်တာကို သံယောင်လိုက်ပြီးရေးနေတာဟာ မြန်မာ့သတင်းမီဒီယာရဲ့ အစဉ်အလာလို ဖြစ်နေပါတယ်။ ဥပမာ လောပီတာ ရေအားလျှပ်စစ်အတွက် မိုးဗြဲရေကာတာ ဆောက်တုန်းက ကရင်နီကျေးရွာပေါင်း တရာကျော် ပြောင်းရွှေ့ပေးရပါတယ်။ မိုးဗြဲဆည် ရေတက်လာတော့ ဖယ်ခုံမြို့နယ်မှာ ထောင်သောင်းချီပြီး ရွှေ့ပြောင်းပေးရပါတယ်။ ဒါပေမဲ့ ဒေသခံပြည်သူလူထု ရေအလုံအလောက်ရရှိဖို့ ရည်ရွယ်ကြောင်း မိုးဗြဲဒေသက ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရရှိမှာဖြစ်ကြောင်း အစိုးရဝါဒဖြန့်တဲ့အတိုင်း သတင်းစာဆရာကြီး ဦးသိန်းဖေမြင့် က ဗိုလ်တထောင်သတင်းစာမှာ ၁၉၆၉ က ရေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အစိုးရလုပ်သမျှ အားလုံးကောင်းတဲ့ သုံးသပ်ချက်မျိုး ရေးလာကြတာ အနှစ် (၅၀) နီးပါးရှိနေပါပြီ။

သတင်းမီဒီယာ လွတ်လပ်မှုဟာ အရေးကြီးတဲ့ လူ့အခွင့်အရေးတခု ဖြစ်ပါတယ်။ အစိုးရလုပ်သမျှ အစိုးရမှာ တာဝန်ရှိတာကို လွတ်လပ်တဲ့ မီဒီယာကသာ ထောက်ပြနိုင်ပါတယ်။ မတရားလုပ်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေကြတာကိုလည်း လွတ်လပ်တဲ့ မီဒီယာက ထောက်ပြနိုင်ပါတယ်။ သတင်းမီဒီယာ စည်းမျဉ်းစည်းကမ်းကို ပြဌာန်းနိုင်ဖို့ လွှတ်တော်မှာ ပြင်ဆင်နေတယ်လို့ ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးကျော်ဆန်း က ပြောသွားပါတယ်။ သတင်းမီဒီယာရဲ့ တာဝန်တွေကို ဆွေးနွေးရာမှာ နိုင်ငံခြားမှာလို ပုဂ္ဂလိက မီဒီယာနဲ့ တသီးပုဂ္ဂလ NGO တွေကို ပါဝင်ခွင့်မပေးဘဲ လုပ်နေကျအတိုင်း တဖက်သတ် ရေးဆွဲပြဌာန်းဖို့ စီစဉ်နေပုံရပါတယ်။

အစိုးရပြဌာန်းတဲ့ မီဒီယာဥပဒေကို လိုချင်သလိုသုံးပြီး သတင်းသမားကို ဖမ်းဆီးနိုင်သလို တရားစွဲပြီး ဒဏ်ငွေဆောင်ခိုင်းနိုင်ပါတယ်။ ထုတ်ဝေခွင့်ကို ချုပ်ချယ်နိုင်တာမို့ စာပေစီစစ်ရေး မရှိတာနဲ့ သတင်းမီဒီယာ လွတ်လပ်မယ်လို့ မပြောနိုင်ပါဘူး။ ဥ့မာ နိုင်ငံတော် လုံခြုံရေးထိခိုက်ရင် အရေးယူနိုင်တယ်ဆိုတဲ့ ယေဘုယျ အသုံးအနှုန်းမျိုးဟာ ထင်သလိုအရေးယူနိုင်အောင် အကွက်ဆင်ထားတဲ့ သဘောဖြစ်ပါတယ်။ လွတ်လပ်တဲ့ တာဝန်သိ သတင်းမီဒီယာကသာ စံသတ်မှတ်ချက်အတိုင်း မျှမျှတတ သတင်းပေးနိုင်ပါတယ်။ သတင်းမီဒီယာဟာ ဝါဒဖြန့်အဖွဲ့အစည်း မဟုတ်ဘဲ ပြည်သူ့အကျိုး စီးပွားဘက်က သမာသမတ် ရပ်တည်သူသာ ဖြစ်ပါတယ်။