လွန်ခဲ့တဲ့ အောက်တိုဘာလ (၁၁) ရက်နေ့က ထိုင်းဝန်ကြီးချုပ် နေပြည်တော်ကို သွားရောက်နိုင်တဲ့အတွက် ဆယ်နှစ်ကျော် ပြောဆိုဆွေးနွေးလာတဲ့ မဟာမဲခေါင်တောင်ပိုင်း (Greater Mekong Subregion) ဒေသ စီးပွားရေးလမ်းကြောင်း အကောင်အထည်ဖော်ဖို့ အခွင့်အလမ်းပွင့်သွားပါတယ်။ ထားဝယ်မှာ ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီး အနီးနားမှာ ဧကတသိန်းကျယ်ဝန်းတဲ့ အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့နဲ့ ထားဝယ်နဲ့ ထိုင်းနိုင်ငံအနောက်ပိုင်းကို ကားလမ်း၊ ရထားလမ်း ဆက်သွယ်ဖို့လည်း သဘောတူလိုက်ကြပါတယ်။ အမေရိကန် ဒေါ်လာသန်းပေါင်း တသောင်းသုံးထောင်ကျော် ကုန်ကျနိုင်တဲ့ ဒီ စီမံကိန်းကို ထိုင်းကုမ္မဏီက အကောင်အထည်ထော်မှာ ဖြစ်ပါတယ်။ ထားဝယ် စီမံကိန်းဟာ မဟာမဲခေါင် တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးနဲ့ ဆက်စပ်နေပါတယ်။
မဟာမဲခေါင်ဒေသ တိုးတက်ဖွံ့ဖြိုးရေးစိမံကိန်းမှာ အဓိက စီးပွားရေးလမ်းကြောင်း (၃) ခု ရှိပါတယ်။ ပထမလမ်းကြောင်းက မော်လမြိုင် ကနေ ဗိယက်နမ်နိုင်ငံ ဒါနန် (Danang) ဆိပ်ကမ်းအထိ ဖောက်လုပ်မယ့် အရှေ့အနောက် စီးပွားရေးလမ်းကြောင်း ဖြစ်ပါတယ်။ မြန်မာ၊ ထိုင်း၊ လာအို၊ ဗိယက်နမ် တို့ကို ဆက်သွယ်မယ့် ကားလမ်းဖြစ်ပါတယ်။ မြဝတီ-မော်လမြိုင်အပိုင်းကို ထိုင်းကုမ္မဏီတွေက ဆောက်လုပ်နေပါတယ်။ ဒုတိယ လမ်းကြောင်းကို မြောက်-တောင် စီးပွားရေးလမ်းကြောင်းလို့ခေါ်ပြီး မြန်မာနဲ့ လာအို တို့ကို ဖြတ်ပြီး ဘန်ကောက် နဲ့ ကူမင် (Kunming) ကို ဆက်ထားပါတယ်။ တတိယလမ်းကြောင်းကို မဟာမဲခေါင်တောင်ပိုင်းဒေသ စီးပွားရေးလမ်းကြောင်းလို့ ခေါ်ပါတယ်။ ထားဝယ်နဲ့ ဗိယက်နမ်တောင်ပိုင်း၊ ဗန်တူ (Vung Tau) ဆိပ်ကမ်းကို ဆက်သွယ်ထားတဲ့ ကားလမ်းဖြစ်ပြီး ဘန်ကောက်၊ ဖနွိုင်ပင် (Phnom Penh)၊ ဟိုချီမင်း (Hochiminh) စတဲ့ မြို့တွေကို ဖြတ်သွားပါတယ်။
မဟာမဲခေါင်ဒေသမှာ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗိယက်နမ် နဲ့ ယူနန်ပြည်နယ် ပါဝင်ပါတယ်။ ဒီဒေသနဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ကို ဆက်သွယ်ရာမှာ မြန်မာပြည်ဟာ ပေါင်းကူးတံတားလို ဖြစ်နေပါတယ်။ နယ်ခြားဖြတ် ကုန်သွယ်ရေး သဘောတူညီချက်ကို ၂၀၀၃ မှာ မြန်မာက နောက်ဆုံးလက်မှတ်ထိုးပါတယ်။ အာရှ အဝေးပြေးလမ်းမတွေ ဖြတ်သန်းရာ နယ်စပ်ဒေသ၊ လမ်းဆုံတွေနဲ့ ဆိပ်ကမ်းတွေမှာ အထူး စီးပွားရေးဇုံတွေ ဖွင့်လှစ်နိုင်မယ်ဆိုရင် ဒီ စီးပွားရေးလမ်းကြောင်းတလျှောက်မှာ ခရီးသွားလုပ်ငန်းပါ တိုးတက်ဖွံ့ဖြိုးလာမယ်လို့ ယူဆကြပါတယ်။ တရုတ်၊ ထိုင်း၊ ဗိယက်နမ်၊ မလေးရှား၊ စင်္ကာပူ တို့ကို ကားလမ်းပေါက်နေတာ ကြာခဲ့ပါပြီ။ အာရှဒေသ ကုန်သွယ်ရေးမှာ အကောက်ခွန်ကြောင့် စရိတ်ကြီးလေးနေတာ မဟုတ်ဘဲ သယ်ယူပို့ဆောင်ခ များလွန်းလို့သာဖြစ်ကြောင်း ၂၀၀၉ ဇွန်လထုတ် အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank - ADB) သုတေသနစာတမ်း အမှတ် (၁၄၀) မှာ ဖော်ပြထားပါတယ်။
မော်လမြိုင်နဲ့ ထားဝယ်ဟာ ရေနက်ပင်လယ်ဆိပ်ကမ်းဖြစ်လာရင် ထိုင်းကုန်ပစ္စည်းတွေ အနောက်တိုင်းကို တင်ပို့ရာမှာ အရေးပါလာပါလိမ့်မယ်။ ထိုင်းကုန်သင်္ဘောဟာ မလ္လကားရေလက်ကြား (Malacca strait) က တဆင့် အိန္ဒိယ သမုဒ္ဒရာကိုရောက်ဖို့ နှစ်ပတ်သုံးပတ် ကြာပေမယ့် ဘန်ကောက်-ရန်ကုန် ခရီးဟာ လမ်းဆိုးတာတောင် (၄) ရက်လောက်ပဲ ကြာတယ်လို့ သိရပါတယ်။ ဒါကြောင့် ထိုင်းကုန်သွယ်ရေးလုပ်ငန်း တိုးတက်ရေးအတွက် ထားဝယ်-ဘန်ကောက်လမ်းနဲ့ မြဝတီ-မော်လမြိုင်လမ်းဟာ အရေးကြီးပါတယ်။ ထားဝယ်၊ မော်လမြိုင်၊ မြိတ်၊ ရန်ကုန်၊ သီလာဝါ နဲ့ မန္တလေးမှာ အထူးစီးပွားရေးဇုံ ဖွင့်သင့်တယ်လို့ ဆိုကြပါတယ်။ အာရှ အဝေးပြေးကားလမ်းတလျှောက်မှာ စီးပွားရေးလမ်းကြောင်း ပေါ်ထွက်ာလမှာ ဖြစ်ပါတယ်။
အာရှ အဝေးပြေးကားလမ်း ဖြတ်သွားတဲ့အတွက် မြန်မာပြည်သားတွေ ပြည်ပနဲ့ အထိအတွေ့များ လာပါလိမ့်မယ်။ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ်ဟာ မြန်မာပြည်ကတဆင့် တရုတ်၊ လာအို နဲ့ ထိုင်း တို့ကို ကားလမ်းနဲ့ ဆက်သွယ်မိပြီဆိုရင် မြန်မာပြည်မှာလည်း အပြောင်းအလဲတွေ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အပြင်လောကနဲ့ ဆက်နေတဲ့ မြန်မာပြည်မှာ တဖတ်သတ်ထင်သလို လုပ်တာမျိုး နည်းပါးလာနိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ အာရှ အဝေးပြေးလမ်းမ ဆောက်လုပ်ဖို့ ဗမာအစိုးရက ငွေကုန်မခံတဲ့အတွက် အကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိနေပါတယ်။
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဟာ ဒဏ်ခတ်အရေးယူခံနေရတဲ့ ဗမာအစိုးရကို ငွေချေးဖို့ မစဉ်းစားပါဘူး။ အာရှ အဝေးပြေးလမ်းမ အမှတ် (၁) ဟာ ထိုင်း-မြန်မာ နယ်စပ် မြဝတီက အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ အထိသွားမှာမို့ အရှည်ဆုံး လမ်းဖြစ်ပါတယ်။ အမှတ် (၂) အဝေးပြေးလမ်းမဟာ တာချီလိတ်က ကျိုင်းတုံတောင်ကြီး မိတ္ထိလာကိုဖြတ်ပြီး တမူးအထိ သွားပါလိမ့်မယ်။ အဝေးပြေးလမ်းအမှတ် (၃) ဟာ မိုင်းလားနယ်စပ်မြို့က ကျိုင်းတုံအထိ ကီလိုမီတာ (၉၀) ကျော်သာ ရှိပါတယ်။ တရုတ်-မြန်မာနယ်စပ် မူဆယ်က လာရှိုးအထိဖြစ်တဲ့ (၂) လမ်းသွား ကားလမ်းဟာ အာရှအဝေးပြေးလမ်းမ အမှတ် (၁၄) ဖြစ်ပါတယ်။ ဒီလမ်းကို ပုဂ္ဂလိက ကုမ္မဏီက ဆောက်လုပ်ပြီး လမ်းခွန်ကောက်ယူနေပါတယ်။
လမ်းလုပ်ငန်းကို ပုဂ္ဂလိပိုင် ကုမ္မဏီ (၆) ခုက တာဝန်ယူလုပ်ကိုင်ပြီး လမ်းခွန်ကောက်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ရောက်မှ အစိုးရလက်ကို လွှဲပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ စံချိန်မီ အဝေးပြေးကားလမ်း တည်ဆောက်ဖို့ကိစ္စမှာတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သဘောတူထားပေမယ့် နိုင်ငံခြားအကူအညီ မရတဲ့အတွက် လက်တွေ့အကောင်အထည် ဖော်ဖို့ခက်ခဲနေပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်ထဲ ဖြတ်သန်းမယ့် စံချိန်မီ အာရှအဝေးပြေးကားလမ်းတွေကို ထိုင်း၊ တရုတ် နဲ့ အိန္ဒိယကသာ တာဝန်ယူ တည်ဆောက်ဖွယ် ရှိပါတယ်။