တရုတ်-မြန်မာ ရေကာတာ ရပ်ဆိုင်းမှု

တရုတ်-မြန်မာ ရေကာတာ ရပ်ဆိုင်းမှု

မြစ်ဆုံဆည်တည်ဆောက်မှုကို သမ္မတဦးသိန်းစိန် ဟန့်တားလိုက်တာဟာ ယူနန်နယ်က နုကျန်ဆည်ကို တရုတ်ဝန်ကြီးချုပ် ဝမ်ဂျာဘောင်း ရပ်ဆိုင်းလိုက်တာနဲ့ အတော်လေးအသွင်တူနေပါတယ်။ သံလွင်မြစ် အထက်ပိုင်း ယူနန်ပြည်နယ်က နုမြစ်မှာ ရေကာတာတွေ တည်ဆောက်ခွင့်ပြုခဲ့ပြီးမှ ပြည်သူပြည်သားတွေ ဝိုင်းဝန်းကန့်ကွက်ကြလို့ ၂၀၀၄ မှာ ဝန်ကြီးချုပ် ဝမ်ဂျာဘောင်း က စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို အသေအချာလေ့လာဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၅ မှာ ပတ်ဝန်းကျင်လေ့လာမှု ပြီးစီးကြောင်း သက်ဆိုင်ရာကုမ္မဏီက တင်ပြပေမယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံတော်ကောင်စီက ခွင့်မပြုပါဘူး။ ဒီနေရာမှာ တရုတ်ကုမ္မဏီတွေနဲ့ တရုတ်အစိုးရ သဘောထားကွဲပြားနေပါတယ်။

ဒီနှစ်ကစတဲ့ ငါးနှစ်စီမံကန်းမှာ ရေအားလျှပ်စစ်စွမ်းအားတိုးချဲ့ဖို့ ရည်ရွယ်ထားတာကြောင့် ရေကာတာထောက်ခံတဲ့အုပ်စုက အလိုဆန္ဒပြည့်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ယူနန် ကွန်မြူနစ်ပါတီအတွင်းရေးမှူးကတော့ အသေအချာသုတေသနလုပ်ဖို့သာ ငါးနှစ် စီမံကိန်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ သုတေသနလုပ်ပြီးမှ ရေကာတာကိစ္စကို အစိုးရက ဆုံးဖြတ်ပါလိမ့်မယ်။

မြန်မာ့ရေအားလျှပ်စစ်မှာပါဝင်နေတဲ့ တရုတ်ကုမ္မဏီ (၄၅) ခုမှာ YMEC (ခေါ်) ယူနန်စက်မှုပစ္စည်း တင်ပို့ရေးကုမ္မဏီဟာ ထင်ရှားပါတယ်။ YMEC ယူနန်ကုမ္မဏီဟာ ကြိမ်ခရမ်၊ ရွှေလီ၊ ပေါင်းလောင်း စတဲ့ ရေကာတာကြီးငယ်တွေ ဆောက်လုပ်ရာမှာ အဓိကပါဝင်ခဲ့ပါတယ်။ ဧရာဝတီမြစ်ညှာမှာ ရေကာတာ (၇) ခု တည်ဆောက်ဖို့ မြန်မာလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနဲ့ ၂၀၀၆ မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့တဲ့ တရုတ်ကုမ္မဏီတွေမှာ YMEC လည်း ပါဝင်ပါတယ်။ မြစ်ကြီးနားမြို့ မြောက်ဘက်က ကြိမ်ခရမ် ရေအားလျှပ်စစ်အသေးစားကို YMEC ယူနန်ကုမ္မဏီက ၁၉၉၃ ခုနှစ်မှာ တည်ဆောက်ပြီးစီးပါတယ်။ ၂၀၀၆ ဇူလိုင်လမှာ ရက်အတော်ကြာ မိုးသည်းထန်တဲ့အတွက် ဇူလိုင်လ (၁၁) ရက်နေ့မှာ ဆည်ကျိုးပေါက်ပြီး ဓါတ်အားပေးစက်ရုံတခုလုံး ရေစီးထဲ ထိုးကျသွားပါတယ်။ အိမ် (၅) လုံး ရေထဲမျောပါသွားပြီး စက်ရုံအမှုထမ်း (၅) ဦး သေဆုံးပေမယ့် ဒေသခံပြည်သူတွေ အသေအပျောက် မရှိကြောင်းသိရပါတယ်။

တရုတ်ပြည်ဟာ နန်နယ်မှာ ၁၉၇၅ ခုနှစ်က ဘန်ချောင်ရွှေခု (ခေါ်) ဘန်ချောင်ဆည် ကျိုးပေါက်လို့ လူပေါင်းနှစ်သိန်းကျော် သေဆုံးပြီး (၁၀) သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမဲ့ သတင်းအမှောင်ချထားတဲ့အတွက် ဆည်ကျိုးပေါက်ပြီး အနှစ် (၂၀) လောက်ကြာတော့မှပဲ အသေးစိတ်သိရတယ်။ ၁၉၇၅ သြဂုတ်လမှာ တနှစ်စာရွာတဲ့မိုးရေကို တနေ့တည်း ရွာချလိုက်တာကြောင့် အဆမတန်ရေလျှံလာတာကို မထိန်းနိုင်တော့လို့ ဘန်ချောင်ဆည် ပျက်စီးရပါတယ်။ တရုတ်ပြည် ကျင်ဟိုင်းနယ်က ဂေါင်ဟူးဆည် ၁၉၉၃ မှာ ကျိုးပေါက်တုန်းကလည်း ဒေသခံ တထောင်ကျော် သေဆုံးသွားပါတယ်။ ဆည်တည်ဆောက်ရာမှာ အသုံးပြုတဲ့ပစ္စည်း အလွန်ညံ့ဖျင်းတာကြောင့် ကျိုးပေါက်ရတာလို့ သိရပါတယ်။ အလွဲသုံးစားလုပ်မှု နေရာတိုင်းမှာရှိနေတဲ့ တရုတ်ပြည်မှာ စံချိန်အဆင်မီတဲ့ အဆောက်အအုံ ရှားပါးနေပါတယ်။ ငလျင်လှုပ်တိုင်း ဖြစ်သလိုဆောက်ထားတဲ့ တိုက်တာအဆောက်အဦးတွေ ပျက်စီးရပါတယ်။

တရုတ်ပြည်မှာ ရေကာတာ အရွယ်အစားအမျိုးမျိုး ရှစ်သောင်းကျော်ရှိတဲ့အနက် သုံးသောင်းဟာ အဆင့်မမီလို့ ပြဿနာမျိုးစုံ ရင်ဆိုင်နေရကြောင်း တရုတ်အစိုးရ ရှင်ဟွာသတင်းက ၂၀၀၇ မှာ ဖော်ပြပါတယ်။ ပြဿနာဖြစ်နေတဲ့ ဆည်တွေထဲမှာ အကြီးစား (၂၀၀) နဲ့ အလတ်စား (၁၆၀၀) ပါဝင်ပါတယ်။ ၁၉၉၈ က စပြီး ဆည်မွမ်းမံပြင်ဆင်မှုတွေကို တပြည်လုံးမှာလုပ်တဲ့အတွက် အဆင်မမီတဲ့ ဆည်အရေအတွက် ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ၁၉၉၈ က တရုတ်ပြည်မှာ အဆင့်မမီတဲ့ဆည် (၄၂) ရာခိုင်နှုန်း ရှိနေပေမယ့် ယွမ်ငွေသန်းပေါင်း ထောင်ချီသုံးပြီး နှစ်စဉ်ပြုပြင် မွမ်းမံနိုင်တဲ့အတွက် ၂၀၀၇ ရောက်တော့ အဆင့်မမီတဲ့ ဆည် (၂၅) ရာခိုင်နှုန်းသာ ကျန်တော့တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မှာ ဆည်တည်ဆောက်ပြီးတဲ့အခါ နောက်ပိုင်းမှာ ငွေကုန်ခံပြီး ပြုပြင်မွမ်းမံနိုင်မှသာ အန္တရာယ်ကင်းတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်အကူအညီနဲ့ တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်စက်ရုံ အကြီးအသေး (၁၇) ခုရှိပြီး တိုင်းနဲ့ပြည်နယ်တွေမှာ တည်ဆောက်ဖို့ စီမံကိန်းချထားတဲ့ ရေအားလျှပ်စစ်က (၃၀) ကျော် ရှိပါတယ်။ ဒါပေမဲ့ မြစ်ဆုံစီမံကိန်းကိုသာ တပြည်လုံး အတိုင်းအတာနဲ့ ကန့်ကွက်တာ ဖြစ်ပါတယ်။ ယူနန်ပြည်နယ် နုမြစ်ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ လူတန်းစားအမျိုးမျိုး ပါဝင်လာတာကြောင့် လူမှုရေးလှုပ်ရှားမှုလို ဖြစ်လာပါတယ်။ လူမှုရေးအုပ်စုတွေက ရေကာတာဆန့်ကျင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို စည်းရုံးပါတယ်။ နိုင်ငံခြားညီလာခံတွေအထိ နုမြစ်ရေကာတာ လှုပ်ရှားမှု ပြန့်ပွားသွားပါတယ်။ နုမြစ်စီမံကိန်းဟာ စိုးရိမ်စရာဖြစ်ကြောင်း ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့က ပြောလာပါတယ်။

ရေကာတာ ဆန့်ကျင်မှုအတိုင်းအတာကို ထောက်ထားပြီး ဝန်ကြီးချုပ် ဝမ်ဂျာဘောင်း က နုမြစ်စီမံကိန်းကို ၂၀၀၄ မှာ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ယူနန် အာဏာပိုင်နဲ့ ပညာရှင်တွေကတော့ နုမြစ်မှာ ရေကာတာ တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးပမ်းနေပါတယ်။ မြစ်ဆုံဆည်ကိစ္စမှာလည်း ထောက်ခံတဲ့ မြန်မာအရာထမ်းတွေကို ယူနန်ဘက်က စည်းရုံးနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်အတွက် ရည်ရွယ်တဲ့ဆည်ဖြစ်တာမို့ ဒီအပြုအမှုဟာ မြန်မာအမျိုးသားအကျိုးစီးပွားကို ဆန့်ကျင်သလို ဖြစ်နေပါလိမ့်မယ်။