အခွန်အတုတ်ဒဏ် ပြည်သူလူထုခံ

အခွန်အတုတ်ဒဏ် ပြည်သူလူထုခံ

ဗမာစစ်အစိုးရနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အခွန်အတုတ်နဲ့ ဆက်ကြေးမျိုးစုံ ကောက်ယူနေလို့ မြန်မာပြည်သူပြည်သားတွေ အကြီးအကျယ် ဒုက္ခရောက်နေရပုံကို ရှင်းလင်းတင်ပြထားတဲ့ စာအုပ်တအုပ် မကြာမီက ထွက်ပေါ်လာပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် မြန်မာ့လူ့အခွင့်အရေး ကွန်ယက်က အချိန်ယူ ကွင်းဆင်းသုတေသနလုပ်ပြီး အင်္ဂလိပ်-မြန်မာ (၂) ဘာသာနဲ့ ထုတ်ဝေလိုက် တာပါ။ စာမျက်နှာ တရာကျော်ရှိပါတယ်။ မြန်မာပြည်နေရာအနှံအပြားမှာ (၃) နှစ်လောက် ကွင်းဆင်းလေ့လာ မေးမြန်းခဲ့တဲ့အပြင် ပြည်သူလူထုပေးပို့တဲ့ စာပေါင်း (၂၅၀၀) ကျော်ကိုလည်း ကိုးကားထားပါတယ်။ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားအင်အားစုရဲ့ ‘ရင်ဖွင့်သံ လှုပ်ရှားမှု’ မှာ ပြည်သူက ပေးပို့တဲ့ စာတွေ ဖြစ်ပါတယ်။

အခု အစိုးရလက်ထက်မှာ အခွန်တော်ဌာနအပြင် အခွန်ကောက်ခံတဲ့ အဖွဲ့အစည်း အများအပြား ရှိပါတယ်။ ဒီအထဲမှာ ထင်ရှားသူတွေဟာ နယ်မြေခံစစ်တပ်၊ ကျေးရွာနဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရဲအဖွဲ့၊ မီးသတ်အဖွဲ့၊ မိခင် နဲ့ ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်၊ ကြံ့ဖွံ့အသင်း နဲ့ အပစ်ရပ် ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ဒီအဖွဲ့မျိုးစုံက အခွန်မျိုးစုံ ကောက်ယူနေပါတယ်။

အခွန်အတုတ် အတင်းအကျပ်ကောက်ခံမှုနဲ့ အစိုးရအမှုထမ်း အကျင့်ပျက်မှုဟာ ဆက်စပ်နေပါတယ်။ ဥပမာ စည်ပင်သာယာ အခွန်ကောက်ယူပြီး အမှိုက်မှန်မှန် မသိမ်းတာမျိုး နေရာတိုင်းမှာ ရှိနေပါတယ်။ နယ်မြေခံအစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အလွယ်တကူ ငွေရှာနေတဲ့နည်းဟာ စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး လာသမျှလူကို ဂိတ်ကြေးကောက်တာပါ။ နယ်မြေခံအစိုးရတပ်ရဲ့ အသုံးစရိတ်အတွက် ဒေသခံ အိမ်ထောင်စုတွေက အခွန်ဆောင်ရပါတယ်။ အပစ်ရပ်အဖွဲ့တွေကလည်း သူတို့ပိုင်နက်မှာ အိမ်ထောင်စု တွေကို အခွန်စည်းကြပ်ပါတယ်။ စစ်အရာရှိတွေ ခရီးလှည့်လည်တဲ့အခါ ခရီးစရိတ်နဲ့ အခမ်းအနား ဧည်ခံစရိတ်အတွက် အခွန်တော်ငွေကို သုံးကြပါတယ်။ အစိုးရအရာရှိတွေ ခရီးသွားတဲ့အခါ လမ်းခရီးက အနားယူစခန်းတွေမှာ အလကားကျွေးတဲ့နေရာမှာလည်း အခွန်တော်ကို သုံးပါတယ်။

သွယ်ဝိုက်တဲ့နည်းနဲ့ ပေးဆောင်ရတဲ့ အခွန်အတုတ်တွေကလည်း အများကြီးပါ။ အခမဲ့ ခိုင်းစေတာကို မလုပ်ချင်ရင် ငွေပေးရသလို ကလေးစိတ်ထဲ အသွင်းမခံရအောင် တောင်းတဲ့ငွေကို ပေးရပါတယ်။ စစ်တပ်က စိုက်ခိုင်းတဲ့ သီးနှံကိုစိုက်ပြီး စစ်တပ်ကို လျှော့ဈေးနဲ့ သွင်းရတာမျိုးလည်း ရှိပါတယ်။ စစ်စခန်းရှိရာအရပ်မှာ အခွန်ကောက်ခံတာ အများဆုံးပါ။ ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့နေရာတွေမှာ အခွန်အတုတ်တိုးပြီး ကောက်ခံတာတွေ့ရပါတယ်။ အရပ်သားကို လုပ်ခမပေးဘဲ ပိုက်လိုင်းစောင့်ခိုင်းတုန်းက အခွန်မကောက်ပါဘူး။ စစ်တပ်က ပိုက်လိုင်းစောင့်တဲ့အခါကျမှ ပိုက်လိုင်းစောင့်ခဆိုပြီး ဒေသခံပြည်သူလူထုဆီက အခွန်ကောက်ယူပါတယ်။ ရှမ်းပြည်နယ် မူဆယ်ခရိုင်မှာ ၂၀၀၉ ခုနှစ်နောက်ပိုင်းက မီးသတ်အဖွဲ့ဟာ လူထုဆီက သင်တန်းကြေး ကောက်ပါတယ်။ ဒါပေမဲ့ မီးသတ်သင်တန်းမဟုတ်ဘဲ စစ်သင်တန်း ဖြစ်နေတာတွေ့ရပါတယ်။ မွန်ပြည်နယ် မုဒုံမြို့နယ်မှာလည်း မီးသတ်စက်အတွက် ငွေကောက်ခံနေပေမယ့် မီးသတ်ကားကို တခုမှ မတွေ့ရဘူးလို့ ဆိုပါတယ်။

အစိုးရကျောင်းတွေကလည်း ကျောင်းအဆောက်အဦးနဲ့ ကျောင်းသုံးပစ္စည်းတွေအတွက် အလှုငွေကောက်ခံပြီး ပြက္ခဒိန်ရောင်းလေ့ ရှိပါတယ်။ အစိုးရအမှုထမ်းတွေ လစာနဲ့ မစားလောက်လို့ ငွေပိုရှာတာကို ပြည်သူလူထုက အခွန်အတုတ် (သို့မဟုတ်) ဆက်ကြေးအနေနဲ့ ထောက်ပံ့နေရပါတယ်။ လူထုကို တိုက်ရိုက် အခွန်မကောက်နိုင်တဲ့ဌာနတွေဟာ အကြံအဖန်လုပ်ပြီး ငွေပိုရှာကြပါတယ်။ နှစ်ဆန်းပိုင်းက စာတိုက်နဲ့ ကြေးနန်းဆက်သွယ်ရေး ဝန်ကြီးဌာနက ပြည်နယ်နဲ့ တိုင်း (၉) ခုကို လက်ကိုင်ဖုန်းတွေ ချပေးခဲ့ပါတယ်။ တရားဝင် ဖုန်းသုံးစွဲခ တလ (၅) သိန်း ဖြစ်ပေမယ့် မွန်ပြည်နယ်မှာ (၇) သိန်း ဖြစ်နေပါတယ်။ ၂၀၀၈ ခုနှစ်ကလည်း ဂဏန်း (၂၅) နဲ့ စတဲ့ တယ်လီဖုန်းတွေ ဖုန်းခေါ်တဲ့အခါမှာ ပြဿနာ ရှိနေတာမို့ ဖုန်းနံပါတ် ပြောင်းပေးရပါတယ်။ အဲဒီအခါမှာ ဖုန်နံပါတ်ပြောင်းခ (၅) သိန်း ကောက်ယူပါတယ်။

ဒဏ်ငွေဆောင်ခိုင်းတာဟာလည်း အစိုးရဌာနတွေရဲ့ ငွေပိုရှာနည်းတမျိူး ဖြစ်ပါတယ်။ ဥပဒေစည်းကမ်းတွေကို မလိုက်နာဘူးလို့ အကြောင်းပြပြီး ဒဏ်ရိုက်တာ ဖြစ်ပါတယ်။ ဒီအထဲမှာ လက်သုံးအများဆုံးဟာ နိုင်ငံရေး အကြောင်းပြချက်ပါ။ ဥပမာ အစိုးရ ကျင်းပတဲ့ လူထုအစည်းအဝေးပွဲကို တက်ရောက်ဖို့ ပျက်ကွက်မှုနဲ့ ဒဏ်ရိုက်တာမျိုး ရှိပါတယ်။ ဧည်စာရင်း မတိုင်လို့ ဒဏ်ရိုက်တာကတော့ လုပ်ရိုး လုပ်စဉ် ဖြစ်နေပါပြီ။ စစ်တပ်ကခိုင်းလို့ အခမဲ့ ကင်းစောင့်နေတုန်း အိပ်ပျော်သွားတဲ့အတွက် ဒဏ်ငွေတောင်းတာလည်း ရှိပါတယ်။ လက်နက်ရှိသူနဲ့ အာဏာရှိသူက အချိန်မရွေး ငွေတောင်းနိုင်တာကို ပြနေပါတယ်။

တရားဥပမဒေကို မလေးစားတဲ့ တိုင်းပြည်မှာ ဒဏ်ရိုက်ပြီး စီးပွားရှာလို့ အကောင်းဆုံးဌာနဟာ ရဲအဖွဲ့ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့မှာ မသင်္ကာသူ ကို ဖမ်းချုပ်နိုင်တဲ့ အာဏာရှိတာကြောင့် ငွေတောင်းလို့ မပေးနိုင်ရင် ဖမ်းချုပ်ပြီး ငွေရမှ လွှတ်ပေးပါတယ်။ ပြစ်မှုအမျိုးမျိုးကို အကြောင်းပြ ပြီး ငွေညစ်တာဟာ ရဲအဖွဲ့ရဲ့ အလုပ်တခုကို ဖြစ်နေပါတယ်။ အဆမတန် ငွေညစ်တာကြောင့် အခြေပျက်သွားတဲ့ အိမ်ထောင်စုတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီလို မတရားသဖြင့် အခွန်အတုတ်နဲ့ ဒဏ်ငွေတွေ ပေးဆောင်နေရတာကို သက်ဆိုင်ရာ ဒေသခံ ဖွံ့ဖြိုးရေး ကောင်စီနဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကို တိုင်ကြားဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် က အကြံပေး ထားပါတယ်။