လက်ဝါးကြီးအုပ် နိုင်ငံရေးစနစ်

လက်ဝါးကြီးအုပ် နိုင်ငံရေးစနစ်

စက်တင်ဘာ (၁၅) ရက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ဒီမိုကရေစီစနစ်ကောင်းကြောင်းတွေကို ပြောဆိုကြပါတယ်။ ဒီဖြစ်ရပ်မျိုးကို မကြုံစဘူး လွတ်လွတ်လပ်လပ် သတင်းယူနိုင်ကြတာ တွေ့ရပါတယ်။ စစ်အစိုးရ တည်ထောင်တဲ့ ပြည်ခိုင်ဖြိုး (ခေါ်) ကြံ့ဖွံ့ပါတီ ပြည်သူ့ဆက်ဆံရေး မျက်နှာပန်းလှနေပုံကို လွှတ်တော်မှာ တွေ့နိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် (၈၀) ရာခိုင်နှုန်း နီးပါးရှိတဲ့ ကြံ့ဖွံ့ပါတီဟာ အဆုံးအဖြတ်ပေးနိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။

စစ်တပ်တည်ထောင်တဲ့ နိုင်ငံရေးပါတီက အရပ်သားအစိုးရဖွဲ့တာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ် ၁၉၇၄ ခုနှစ်မှာ စစ်တပ်တည်ထောင်တဲ့ မဆလ - ဆိုရှယ်လစ်ပါတီက အရပ်သားအစိုးရအဖွဲ့ ဖွဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ မဆလ အရပ်သားအစိုးရနိဂုံးချုပ်ပြီး စစ်အစိုးရ တက်လာပြန်ပါတယ်။ အဲဒီစစ်အစိုးရက ကြံ့ဖွံ့ပါတီတည်ထောင်ပြီး အရပ်သားအစိုးရ ဖွဲ့စည်းတာပါ။ ၁၉၇၄ ခုနှစ်မှာ တပါတီ အရပ်သားအစိုးရကို စစ်တပ်က တည်ထောင်ပြီး အခုတခါ ဒီမိုကရေစီအမည်ခံ အရပ်သားအစိုးရကို တည်ထောင်ပါတယ်။ ဒီနည်းနဲ့ စစ်ဗိုလ် လူတန်းစား အာဏာယူထားတာ အနှစ် (၅၀) နီးပါး ရှိနေပါပြီ။

ဗမာအစိုးရ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေဟာ စစ်ဗိုလ်ကို တရားဝင်နိုင်ငံရေး လုပ်ပိုင်ခွင့်ပေးတဲ့ အင်ဒိုနီးရှား အာဏာရှင် ဆူဟာတိုရဲ့ ဒွိဖန်စီ (Dwifungsi) သဘောတရား ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ စစ်တပ်ဟာ ကာကွယ်ရေးမှာ လုပ်ပိုင်ခွင့်ရှိသလို နိုင်ငံရေး၊ စီးပွားရေးမှာ လုပ်ပိုင်ခွင့် ရှိတယ်လို့ဆိုတဲ့ လုပ်ပိုင်ခွင့် နှစ်ရပ်ကို ဥပဒေပြုပြီး ပြဋ္ဌာန်းတာဟာ ဆူဟာတို လမ်းစဉ် ဖြစ်ပါတယ်။ စစ်ဝတ်စုံချွတ်ပြီး သမ္မတအဖြစ် နှစ်ပေါင်းများစွာ အာဏာရှင်လုပ်ခဲ့တဲ့ ဆူဟာတိုဟာ ဗမာဗိုလ်ချုပ်တွေရဲ့ စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဇွန်လမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆူဟာတို အား သွားရောက်ဂါရဝပြုပြီး ဆူဟာတို ကိုယ်တိုင် ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလမှာ မြန်မာပြည်ကို လာလည်တဲ့အတွက် မြန်မာနဲ့ အင်ဒိုနီးရှားကို အသွင်တူတဲ့ နိုင်ငံတွေအဖြစ် ဗမာအစိုးရ စာနယ်ဇင်းတွေက အမွှမ်းတင် ရေးသားခဲ့ကြပါတယ်။

ဒွိဖန်စီ သဘောတရားကို အမျိုးသားရေးဝါဒအဖြစ် အသုံးပြုပြီး တိုင်းပြည်နေရာ အနံှအပြားမှာ စစ်မှုထမ်းတွေ စွက်ဖက်လာကြပါတယ်။ စစ်တပ်ရဲ့ လက်ဝါးကြီးအုပ်ချုုပ်မှုကြောင့် တပြည်လုံး ချွတ်ခြုံကျလာရတယ်လို့ အင်ဒိုနီးရှား ဗိုလ်ချုပ်တွေက ယုံကြည်လာတဲ့အခါမှာ ဒွိဖန်စီ စနစ် နိဂုံးချုပ်သွားပါတယ်။ ဒွိဖန်စီ စနစ် ကျင့်သုံးလာတဲ့ အနှစ် (၃၀) ကျော်မှာ အင်ဒိုနီးရှား လွှတ်တော်မှာ စစ်ဗိုလ်ပါဝင်တဲ့ အချိုးအစား နည်းလာပါတယ်။ ဆူဟာတို စနစ်နိဂုံးချုပ်တဲ့ ၁၉၉၈ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ် (၅၀၀) မှာ စစ်ဗိုလ် (၇၅) ဦးပဲ ရှိပါတော့တယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ ၁၉၉၉ ခုနှစ်မှာ စစ်ဗိုလ် (၃၈) ဦးအထိ လျော့နည်းလာပြီး နောက်ပိုင်း ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ စစ်ဗိုလ်ကိုယ်စားလှယ် မပါတော့ပါဘူး။ စစ်တပ်အားကိုးပြီး တိုင်းသူပြည်သားများကို ဖိနှိပ်နေလို့ စီးပွားရေး၊ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေး ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာတာဟာ အာဏာရှင်စနစ်ရဲ့ နိဂုံး ဖြစ်ပါတယ်။

တချို့ကလည်း ပျက်စီးသွားတဲ့ အင်ဒိုနီးရှား အာဏာရှင်စနစ်ကို ဗမာက အတုမခိုးတော့ဘူးလို့ ဆိုပါတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို နိုင်ငံရေးပါတီအဖြစ် အရင်ကတည်းက အသိအမှတ်ပြုသူဟာ တရုတ်ကွန်မြူနစ် ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ဘေဂျင်းမှာ ကျင်းပတဲ့ အာရှနိုင်ငံရေးပါတီ ညီလာခံကို ကြံ့ခိုင်အသင်း တက်ရောက်ခဲ့ချိန်ကစပြီး အာဏာမြဲတဲ့ တရုတ်နိုင်ငံရေးစနစ်ကို ဗမာစစ်ဗိုလ်တွေ မျက်စိကျလာတယ်လို့ သုံးသပ်တာမျိုး ရှိလာပါတယ်။ တရုတ်ပြည်မှာ တပါတီ အာဏာရှင်စနစ် ကျင့်သုံးတယ်လို့ လူသိများပေမယ့် တရုတ်ကတော့ ပါတီစုံ ဒီမိုကရေစီစနစ်သာ ဖြစ်ကြောင်း စောဒက တက်ထားပါတယ်။ ပါတီဝင်သန်း (၉၀) ရှိတဲ့ ကွန်မြူနစ်ပါတီအပြင် အခြား နိုင်ငံရေးပါတီ (၈) ပါတီရှိတာကို ထောက်ပြပါတယ်။ ကွန်မြူနစ် မဟုတ်တဲ့ (၈) ပါတီမှာ ပါတီဝင် (၁) သန်းလောက်ရှိပြီး အသိပညာရှင် အတက်ပညာရှင်တွေ အများဆုံး ပါဝင်ကြတယ်လို့ သိရပါတယ်။

၂၀၀၇ မှာ နိုင်ငံတော်ကောင်စီကထုတ်တဲ့ တရုတ်နိုင်ငံရေးပါတီစနစ် ဆိုတဲ့ စာတမ်းမှာ ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တိုင်ပင်ဆွေးနွေးရေးဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးဘဝ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးပါတီ (၈) ပါတီကို အတိုက်အခံအဖြစ် မသတ်မှတ်ဘဲ အေးအတူပူအမျှ ကွန်မြူနစ်ပါတီနဲ့ လက်တွဲ လုပ်ကိုင်သူအဖြစ် သတ်မှတ်ထားပါတယ်။ (၈) ပါတီက ပုဂ္ဂိုလ်တွေဟာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီမှာရော အစိုးရဌာနတွေမှာရော ပါဝင်ကြပါတယ်။ တိုင်ပင်ဆွေးနွေး ပူးပေါင်းလုပ်ကိုင်ရေး စနစ်ကြောင့် ပြိုင်ဆိုင်ရမှုနဲ့ ထိပ်တိုက်တွေ့မှုကင်းပြီး နိုင်ငံရေး တည်ငြိမ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တိုင်ပင်ဆွေးနွေးရမယ်ကိစ္စနဲ့ ဘယ်သူတွေ ပါဝင်ရမယ်ဆိုတာကို အာဏာရပါတီကသာ ဆုံးဖြတ်ပါတယ်။ ၁၉၉၀ က ၂၀၀၆ အထိ (၁၆) နှစ်အတွင်း တိုင်ပင်ဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲပေါင်း (၂၃၀) ကျော် ကျင်းပခဲ့ပြီး အယူအဆအမျိုးမျိုးကို ကွန်မြူနစ်ပါတီက ကြားနာခဲ့တယ်လို့ ဆိုပါတယ်။ တရုတ် ဒီမိုကရေစီ အနှစ်သာရဟာ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ပါ။ နေပြည်တော်မှာ ကျင့်သုံးတဲ့ ဒီမိုကရေစီဆိုတာဟာလည်း ကြံ့ဖွံ့ပါတီ ကြီးကြပ်မှုအောက်မှာ ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ကြတာကို ဆိုလိုတာဖြစ်ပုံ ရပါတယ်။