အရပ်သားတွေအပေါ် ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ ကော်မရှင်က စုံစမ်းအရေးယူဖို့ အမေရိကန်အစိုးရက သဘောတူတယ်ဆိုတဲ့သတင်း လွန်ခဲ့တဲ့ အပတ်က ထွက်လာခဲ့ပါတယ်။ ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူသင့်တာ ကြာပါပြီ။ ဒါပေမဲ့ သဘောထားအမျိုးမျိုး ဖြစ်နေတဲ့အတွက် ကြန့်ကြာနေရပါတယ်။ ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး ဗမာအစိုးရကို လက်နက်မရောင်းဖို့ နိုင်ငံပေါင်း (၂၉) နိုင်ငံက လွှတ်တော်အမတ် (၄၄၂) ဦး ကိုယ်စားလှယ် ဂျပန်လွှတ်တော်အမတ် (၂) ဦးက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း ဆီကို စာရေးတင်ပြခဲ့ကြပါတယ်။
ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ က စုံစမ်းပြီးအရေးယူဖို့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တာနား () က လွန်ခဲ့တဲ့ မတ်လ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက စစ်ဆေးနိုင်တဲ့ စစ်ရာဇဝတ်မှုလည်း ဖြစ်နိုင်တယ်လို့ ကင်တာနား အစီရင်ခံစာအပိုဒ် (၁၂၁) မှာ ဖော်ပြထားပါတယ်။ အရပ်သားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံရေးပါတီကြီး (၂) ခုက ဆီးနိတ်လွှတ်တော်အမတ် (၃၃) ဦးကလည်း ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကော်မရှင် ဖွဲ့သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဆီကို ဇူလိုင်လက စာရေးတိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂ က အရေးယူတဲ့နည်းတွေထဲမှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ အရေးယူတာများပါတယ်။ လုံခြုံရေးကောင်စီ က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခံုံရုံးကို တာဝန်လွှဲပေးတဲ့နည်း ရှိပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံက ကျွမ်းကျင်သူများအဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်လို့ ကမ္ဘောဒီးယား (Cambodia) နိုင်ငံမှာ ခမာနီတွေကို ခုံရုံးတင် စစ်ဆေးအပြစ်ပေးနိုင်တဲ့နည်းလည်း ရှိပါတယ်။ နောက်တော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးတာဖြစ်လို့ စုံစမ်းအရေးယူနည်း (၃) မျိုး ရှိတယ်လို့ ပြောနိုင်ပါတယ်။
ဗမာစစ်အစိုးရကို အရေးယူမယ်ဆိုရင် ဆူဒန် (Sudan) အစိုးရကို အရေးယူသလို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို တာဝန်ပေးဖို့ များတယ်လို့ သုံးသပ်ကြပါတယ်။ ဆူဒန်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လုံခြုံရေးကောင်စီက ICC ရာဇဝတ်ခုံရုံးကို ၂၀၀၅ မတ်လမှာ အကြောင်းကြားလိုက်ပြီး (၄) နှစ်ကြာတဲ့အခါ ၂၀၀၉ မတ်လမှာ ဆူဒန်သမ္မတ Omar Hassan al Bashir ကို ဖမ်းဖို့ ဝရမ်းထုတ်နိုင်ပါတယ်။ ဒါကြောင့် Omar Bashir ဟာ ICC ရာဇဝတ်ခုံရုံးကို အသိအမှတ်ပြုထားတဲ့ နိုင်ငံတရာကျော်ကို ခရီးမသွားရဲပါဘူး။ သူ့လိုပဲ ICC ဖမ်းဝရမ်းထုတ်ထားတဲ့ ကွန်ဂို(Congo) နိုင်ငံ ဒု-သမ္မတဟောင်း Jean Pierre Bamba ဟာ ၂၀၀၈ မေလက ဘယ်လ်ဂျီးယန် (Belgium) နိုင်ငံမှာ အဖမ်းခံလိုက်ရပါတယ်။
ဒါပေမဲ့ ICC ရာဇဝတ်ခုံရုံးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပဒေ စတင် အတည်ဖြစ်တဲ့ ၂၀၀၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ မတိုင်မီက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေးယူပိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်မို့ ဗမာစစ်ခေါင်းဆောင်ပိုင်းကို အရေးယူမယ်ဆိုရင် ၂၀၀၂ ဇူလိုင်လ (၁) ရက်နေ့ နောက်ပိုင်းမှာ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းအရေးယူနိုင်ပါလိမ့်မယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပဒေ အပိုဒ် (၇) စာမျက်နှာ (၉) မှာ အရပ်သားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရှင်းပြထားပါတယ်။ လူသတ်မှု၊ အပျောက်ရှင်းမှု၊ ကျွန်ပြုမှု၊ အဓမ္မပြောင်းရွှေ့မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ ပြည့်တန်ဆာ လိုပ်ခိုင်းမှု၊ ကိုယ်စိတ်နှစ်ပါး အလွန်အမင်း ဆင်းရဲဒုက္ခရောက်အောင်လုပ်မှု စတာတွေကို အရပ်သားအပေါ် ကျူးလွန်ရင် အရေးယူနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပေဒက ဆိုပါတယ်။ ဒါပေမဲ့ ICC တရားရုံးကို လက်ခံထားတဲ့ နိုင်ငံကိုသာ အရေးယူနိုင်ပါတယ်။ အာဆီယံ (၁၀) မှာ ကမ္ဘောဒီးယားကသာ ICC တရားရုံးကို လက်ခံပါတယ်။ တရုတ် နဲ့ အိန္ဒိယကလည်း လက်မခံကြပါဘူး။
၂၀၀၇ ခုနှစ်မှာ ရောမစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ နိုင်ငံတွေမှာသာ ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိပေမယ့်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ညွှန်ကြားရင်တော့ စာချုပ်ဝင်နိုင်ငံ မဟုတ်တဲ့ ဆူဒန်ကို စစ်ဆေးနိုင်သလို မြန်မာပြည်ကိုလည်း စစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။ အဲဒီအခါမှာ ICC ရဲ့ စုံစမ်းစစ်ဆေးမှုကို အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံ ဥပဒေအရ ဝိုင်းဝန်းကူညီဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိလာပါတယ်။ ဒီအဆင့်ကို ရောက်မလာခင် အရင်ဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။ လုံခြုံရေးကောင်စီမှာ ထောက်ခံမဲ (၉) မဲ ရရင် ဆုံးဖြတ်ချက် ချနိုင်ပေမယ့် ဗီတိုအာဏာရှိတဲ့ တရုတ် နဲ့ ရုရှားက ပယ်ချနိုင်ပါတယ်။ ပယ်ချဘူးတဲ့ အစဉ်အလာတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဆူဒန်အစိုးရကို စုံစမ်းအရေးယူဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချတဲ့အခါမှာ တရုတ်နဲ့ ရုရှားဟာ အစည်းအဝေးမတက်ဘဲ ရှောင်နေတဲ့အတွက် ICC ရာဇဝတ်ခုံရုံးက ဆူဒန်သမ္မတကို စုံစမ်းစစ်ဆေး အပြစ်ပေးနိုင်တာ ဖြစ်နိုင်ပါတယ်။ ဗမာစစ်ခေါင်းဆောင်ပိုင်းကို ခုံရုံးမှာ စစ်ဆေးအပြစ်ပေးတာဟာ နိုင်ငံရေးအရ မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေအရသာဖြစ်ကြောင်း ပြသနိုင်မယ်ဆိုရင်တော့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လျော့နည်းသွားနိုင်တယ်လို့ မျှော်လင့်ရပါတယ်။