အကြံအဖန် ရွေးကောက်ပွဲ

အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက မျှော်လင့်နေတဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိတဲ့ အတုအယောင်ဆောင် ရွေးကောက်ပွဲသာ ဖြစ်လိမ့်မယ်လို့ ကမ္ဘာ့စာနယ်ဇင်းလောကက တသံတည်းထွက်နေပါတယ်။ စစ်အစိုးရရဲ့ ချုပ်ကိုင်ချယ်လှယ်ပုံတွေကို ကြည့်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အကြံပေးအဖွဲ့တွေက ယူဆပါတယ်။ စစ်အစိုးရဖွဲ့ထားတဲ့ နိုင်ငံရေးပါတီ ယှဉ်ပြိုင်အနိုင်ရဖို့အတွက် စစ်အစိုးရက ကြံဖန်ကျင်းပပေးတဲ့ ရွေးကောက်ပွဲဖြစ်နေတာမို့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက မယုံကြည်နိုင်တာပါ။ ဒါတင်မကသေးပါဘူး နေရာတကာ အဂတိ လိုက်စားနေတဲ့ တိုင်းပြည်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ သန့်ရှင်းဖို့ခက်ခဲပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးဟာ ကျပ် (၅) သိန်း ရွေးကောက်ပွဲ ကြေးပေးရမှာမို့ ကိုယ်စားလှယ်နေရာများများ ယှဉ်ပြိုင်မယ့်ပါတီဟာ ငွေအင်အားကောင်းဖို့ လိုပါတယ်။ ငွေကြေးမလုံလောက်လေလေ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေလည်း နည်းသွားလေလေ ဖြစ်နေပါတယ်။ လွတ်လွတ်လပ်လပ် စည်းရုံးနိုင်ရင်တော့ ကိုယ်စားလှယ်လောင်းတဦးအနေနဲ့ ရွေးကောက်ပွဲကြေး (၅) သိန်း ရှာဖွေဖို့ ခက်ခဲမှာ မဟုတ်ပေမယ့် ပြည်သူ့ပါတီတွေဟာ ရွေးကောက်ပွဲကြေး ပေးနိုင်အောင် ကြိုးစားနေရပါတယ်။

ကြံ့ဖွံ့ပါတီ တည်ထောင်ပြီး မကြာမီ ကွမ်းခြံကုန်းနဲ့ ကော့မှုးမြို့နယ်က လယ်သမားတွေကို တစ်ဧက ကျပ်တသောင်းနှုန်းနဲ့ ငွေထုတ်ချေးပါတယ်။ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာလည်း တဦးကျပ်ငါးထောင် ထုတ်ပေးနေတယ်လို့ ဇွန်လ (၂၈) ရက်နေ့ထုတ် ဧရာဝတီသတင်းစာစောင်မှာ ဖော်ပြခဲ့ပါတယ်။ ကြံ့ဖွံ့ပါတီကို ဖွဲ့စည်းလိုက်တဲ့ ကြံ့ဖွံ့အသင်းဟာ အစိုးရဖွဲ့စည်းထားတဲ့ အသင်းဖြစ်တဲ့အတွက် အစိုးရရဲ့ ထောက်ပံ့မှုကို အပြည့်အဝရပြီး အချမ်းသားဆုံး ဖြစ်လာပါတယ်။ ဥပမာ ဓါတ်ဆီဆိုင် (၂၄၀) ကျောက်ကို ပုဂ္ဂလိကပိုင် ပြုလုပ်စဉ်က စစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီနဲ့ ကြံ့ဖွံ့အသင်းဟာ (၃၀) ရာခိုင်နှုန်းလောက် အသီးသီး ရရှိကြပြီး ကျန် (၄၀) ရာခိုင်နှုန်းကို စစ်အုပ်စု အသိုင်းအဝိုင်းက ကုမ္မဏီတွေ ရရှိသွားတယ်လို့ သိရပါတယ်။

ဒါတင်မကသေးပါဘူး ကြံ့ဖွံ့ပိုင်တဲ့ ဘိလပ်မြေစက်ရုံတွေလည်း ရှိပါသေးတယ်။ အစိုးရနဲ့ ကြံ့ဖွံ့ ပုလင်းတူဘူးဆို့ ဖြစ်နေတာကြာခဲ့ပါပြီ။ စည်ပင်သာယာရေးဌာနကို အသုံးပြုပြီး ကြံ့ဖွံ့ပါတီ စည်းရုံးရေး ဆင်းနေတာကိုလည်း သြဂုတ်လ (၃) ရက်ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ မင်္ဂလာတောင်ညွန့်က မင်္ဂလာဈေးကြီး မီးလောင်လို့ ပျက်စီးသွားတဲ့ဆိုင်တွေ ပြန်လည်တည်ဆောက်တော့ စည်ပင်ဘဏ်က ငွေချေးဖို့ လျှောက်လွှာတင်တဲ့အခါ ကြံ့ဖွံ့ပါတီကတဆင့် တင်ရတယ်လို့ သိရပါတယ်။ မင်္ဂလာဈေးက ဆိုင်ရှင်တွေကို ကျပ်သိန်းပေါင်းတသောင်းကျော် စည်ပင်ဘဏ်က ထုတ်ချေးကြောင်း သိရပါတယ်။ အစိုးရနဲ့ ပြည်သူအကြား ကြံ့ဖွံ့ပါတီက ကြားပွဲစားလုပ်ပေးတာ ဖြစ်ပါတယ်။ မဲဆန္ဒကို အရောင်းအဝယ်လုပ်ရာမှာ နာမည်ကြီးနေတဲ့ ထိုင်ဝမ်၊ ဖိလစ်ပိုင် နဲ့ ထိုင်းနိုင်ငံတွေမှာ မဲရောင်းဝယ်မှု ပပျောက်အောင် ကြိုးစားနေတုန်း မြန်မာ ရွေးကောက်ပွဲမှာ မဲဆန္ဒတွေကို အစိုးရကိုယ်တိုင်က ဝယ်ယူနေတာဖြစ်လို့ အစဉ်အလာ မကောင်းပါဘူး။

ထိုင်းနိုင်ငံ ၁၉၉၆ ရွေးကောက်ပွဲမှာ မဲဆန္ဒ (၃၀) ရာခိုင်နှုန်းကို ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ ၂၀၁၀ ထိုင်း ရွေးကောက်ပွဲမှာ အမေရိကန်ဒေါ်လာ သန်း (၅၀၀) နီးပါးသုံးပြီး မဲဝယ်တယ်လို့ ဆိုပါတယ်။ ဆင်းရဲချမ်းသားကိုလိုက်ပြီး မဲဈေးနှုန်း ကွဲပြားတာလည်း ရှိပါတယ်။ ဖိလစ်ပိုင်မှာ တမဲ တစ်ဒေါ်လာ ဈေး ရှိပေမယ့် ထိုင်ဝမ်မှာ တမဲ ဒေါ်လာ (၆၀) အထိ ရှိတတ်ပါတယ်။ ထိုင်ဝမ် လွှတ်တော် ကိုယ်စားလှယ်တဦးဟာ ဒေါ်လာ (၃) သန်းအထိ အကုန်အကျခံကြောင်း သိရပါတယ်။ ရပ်ကွက်နဲ့ ရင်းနှီးသူတွေကို အသုံးပြုပြီး တအိမ်တက် တအိမ်ဆင်း လက်ဆောင်ပေး မဲဆွဲတဲ့နည်းကိုလည်း သုံးကြပါတယ်။ လက်ဆောင်ပေးတာကို လက်မခံတဲ့ မဲဆန္ဒရှင်တွေကို ဆန့်ကျင်မဲပေးသူအဖြစ် မြင်ကြတဲ့အတွက် ပေးသမျှလက်ဆောင်ကို ယူကြတာများပါတယ်။ ဒါကြောင့် မဲဆန္ဒရောင်းဝယ်မှု နည်းနိုင်သမျှနည်းအောင် အမြဲတမ်း ကြိုးပမ်းနေကြတာ တွေ့ရပါတယ်။ မြန်မာပြည် ပါတီမှတ်ပုံတင်ဥပဒေကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးဟာ ရွေးကောက်ပွဲ စရိတ်သိန်းတရာအထိ သုံးစွဲနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

အာဏာအလွဲသုံးစားလုပ်မှု၊ အဂတိလိုက်စားမှု၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကင်းမဲ့မှု စတာတွေနဲ့ ရောထွေးယှက်တင်ဖြစ်နေတဲ့ အခြေအနေမှာ ကျင်းပမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိနိုင်ဖို့ အလားအလာ နည်းလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်ခွင့် မပေးလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသာဆိုရင် ကြံ့ဖွံ့ပါတီ ရှုံးမှာသေချာတယ်လို့ တွက်ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ဒေါ်စုကို အကျယ်ချုပ်ထားတုန်း NLD အဖွဲ့ချုပ် အနိုင်ရသွားပါတယ်။ ဒါကြောင့် ဒီတခါတော့ ဒေါ်စုနဲ့ NLD မပါနိုင်အောင် စစ်အစိုးရက အကြံအဖန်လုပ်ထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ကြံ့ဖွံ့ပါတီ လက်ဝါးကြီးအုပ်ပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေသည်ကို တုံ့ပြန်နိုင်ဖို့အတွက် လွတ်လပ်ဖို့လိုပါတယ်။ လွတ်လပ်စွာ စည်းရုံးခွင့်ရှိဖို့ လိုပါတယ်။ လွတ်လပ်မှုမရှိသော ပြည်သူမပါဝင်သော ရွေးကောက်ပွဲဟာ မဆလခေတ်က အခမ်းအနာသာ ဖြစ်ပါလိမ့်မယ်။ ဆူဒန်နိုင်ငံမှာ အတိုက်အခံပါတီ သပိတ်မှောက်ထားတဲ့ကြားက အကြံအဖန် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပနိုင်တဲ့အတွက် အာဏာရှင် အိုမာဘတ်ရှား (Omar Hassan al-Bashir) အနိုင်ရပြီး အပြည်ပြည်ဆိုင်ရာ ဖိအားပေးမှုကို အာခံနိုင်တဲ့ သာဓကများရှိကြောင်း တင်ပြလိုက်ပါတယ်။