နေပြည်တော် နဲ့ ပေါင်းလောင်းဆည်

နေပြည်တော် နဲ့ ပေါင်းလောင်းဆည်

နေပြည်တော်ကို မီးပေးနေတဲ့ အောက်ပေါင်းလောင်း ရေအားလျှပ်စစ် စက်ရုံရဲ့အထက် (၁၅) မိုင်အကွာမှာ တည်ဆောက်နေတဲ့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဇူလိုင်လ (၁၆) ရက်နေ့က သွားရောက်စစ်ဆေးကြောင်း အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရသတင်းစာထဲမှာ မပါတာကတော့ ဆည်ရေတက်လာလို့ နစ်မြုပ်သွားမယ့် ရွာပေါင်း (၂၀) ကျော်ကို လာမယ့် အောက်တိုဘာလ နောက်ဆုံးထားပြီး ရွှေ့ပြောင်းခိုင်းတာပဲ ဖြစ်ပါတယ်။ အထက်ပေါင်းလောင်းဆည်ကြောင့် နေရာရွှေ့ပြောင်းရမည်သူ ရှစ်ထောင်ကျော်ရှိကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က မကြာမီက ကြေညာခဲ့ပါတယ်။ အထက်ပေါင်းလောင်းဆည် တည်ဆောက်တဲ့အတွက် နေပြည်တော်သာ အကျိုးခံစားရမှာဖြစ်ပြီး ဒေသခံကျေးရွာတွေ ပျက်စီးမယ့်အကြောင်း၊ ကယန်းအမျိုးသမီးအဖွဲ့က ၂၀၀၈ မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသေးတယ်။

ပေါင်းလောင်မြစ်က ရေအားလျှပ်စစ်ထုတ်ယူဖို့ ၁၉၅၃ ခုနှစ်ကတည်းက အမေရိကန်ကုမ္မဏီတခုက လေ့လာခဲ့ပါတယ်။ နောက်တော့ ၁၉၆၄ ခုနှစ်နဲ့ ၁၉၇၆ ခုနှစ်မှာ နှစ်ကြိမ်လေ့လာပါတယ်။ နော်ဝေးကုမ္မဏီက ၁၉၈၂ ခုနှစ် နဲ့ ၁၉၉၀ ခုနှစ်အကြား (၄) ကြိမ် လေ့လာခဲ့ပြီး ရေကာတာဆောက်ဖို့ ၁၉၉၀ မှာ ဗမာစစ်အစိုးရက ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ ငွေရှိမှာ တည်ဆောက်နိုင်မှာ ဖြစ်တာမို့ တရုတ်ဆီက ဒေါ်လာသန်း (၁၇၀) ရတော့မှ အောက်ပေါင်းလောင်းရေအားလျှပ်စစ်ကို ၁၉၉၇ ခုနှစ်မှာ စတင်တည်ဆောက်ပြီး ၂၀၀၄ မှာ ပြီးစီးခဲ့ပါတယ်။ ဒါကြောင့် နေပြည်တော်နဲ့ ပေါင်းလောင်းရေအားလျှပ်စစ်ဟာ ဖွားဘက်တော် ဖြစ်နေပါတယ်။ အောက်ပေါက်လောင်း ရေအားလျှပ်စစ်ပြီးတာနဲ့ အထက်ပေါင်းလောင်း စီမံကိန်း စတင်တာ တွေ့ရပါတယ်။

အောက်ပေါက်လောင်းဆည်ဟာ နေပြည်တော်ကိုတောင် မီးအလုံအလောက်ပေးနိုင်တာ မဟုတ်ပါဘူး။ မိုးရာသီ ဆည်ရေပြည့်ချိန်မှသာ စက်တလုံး (သို့မဟုတ်) နှစ်လုံးသာ လည်နိုင်ပါတယ်။ ဒါကြောင့် အောက်ပေါင်းလောင်းဆည်အထက် (၁၅) မိုင်အကွာမှာ တရုတ်ချေးတဲ့ငွေနဲ့ အထက်ပေါင်းလောင်းဆည်နဲ့ ဓါတ်အားပေးစက် နှစ်လုံးကို တည်ဆောက်ဖို့ စီမံတာဖြစ်ပါတယ်။ ကယန်းဌာနေရဲ့ မြေသြဇာအကောင်းဆုံး မြစ်ဝှမ်းဒေသ ဆည်ရေလွှမ်းမိုးသွားပါလိမ့်မယ်။ ဒါပေမဲ့ ကယန်းလူ့အဖွဲ့အစည်းကို ထိခိုက်မယ့် ဆိုးကျိုးတွေကို အစိုးရက စဉ်းစားတာ မဟုတ်ပါဘူး။ ပြင်းထန်တဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အလွန်ခိုင်ခံတဲ့ ဆည်ကြီးဖြစ်ဖို့သာ လိုလားပါတယ်။ ပေါင်းလောင်းအထက်ပိုင်းဆည်မှာ ရေသိုလှောင်မှုများလာလေလေ အောက်ပိုင်းဆည်မှာ ရေအားများလေလေ ဖြစ်လာဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ အစိုးရသတင်းမီဒီယာမှာ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်တာကို အသားပေးဖော်ပြကြပေမယ့် ဒေသခံတွေ ဒုက္ခရောက်ပြီး ဘုံပျောက်ရပုံကိုတော့ သတင်းအမှောင်ချထားပါတယ်။

အထက်ပေါင်းလောင်းဆည်ကို ၂၀၀၄ မှာ စတင်တည်ဆောက်ပြီး ၂၀၀၉ မှာ ပြီးစီးဖို့ ခန့်မှန်းပေမယ့် ရှေ့နှစ်ကြမှ ပြီးစီးလိမ့်မယ့်လို့ မျှော်လင့်ရပါတယ်။ လာမယ့် အောက်တိုဘာလကို နောက်ဆုံးထားပြီး နေရာရွှေ့ပြောင်းကြဖို့ အစိုးရ အမိန့်ထုတ်ထားပါတယ်။ အခုအချိန်အထိတော့ မပြောင်းတဲ့သူက အများစု ဖြစ်နေပါတယ်။ ပေါင်းလောင်းမြစ်ကမ်းမှာ စပါး၊ အာလူး၊ ပဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ အုန်းပင်၊ ဒညင်းပင်တွေ စိုက်ပျိုးကြပါတယ်။ တစ်ဧကမှာ စပါးတင်း (၈၀) ကနေ (၁၀၀) အထိ တွက်တဲ့အရပ် ဖြစ်ပါတယ်။ အထက်ပေါင်းလောင်းဆည် တည်ဆောက်ပြီးစီးသွားရင် ဒေသခံရွာသားတွေဟာ အိုးအိမ်တွေသာမကပဲ အလွန်မြေသြဇာကောင်းတဲ့ စိုက်ပျိုးမြေတွေပါ ဆုံးရှုံးကြရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးမြေဧက ခြောက်ထောင်လောက် ရေလွှမ်းမိုး ခံရဖွယ်ရှိပါတယ်။

ရွှေ့ပြောင်းတဲ့ မိသားစုတွေကို တအိမ်ထောက်ပံ့ကြေး ကျပ်ငါးသောင်းပေးဖို့ အာဏာပိုင်တွေက ပြောထားပေမယ့် ဒီ ငွေလေးမဖြစ်စလောက်ကို ဂတိအတိုင်းပေးမယ် မဟုတ်ဘူးလို့ ယူဆနေကြပါတယ်။ နည်းလွန်းတဲ့အတွက် လျော်ကြေးပေးတာဟာ စော်ကားတဲ့သဘော ဆောင်နေတယ်လို့ ရွာသားတဦးက ဆိုပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၄၀) ကျော်က ကယန်းပြည်သစ်ပါတီကို တည်ထောင်ပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ရတဲ့ အကြောင်းရင်းတွေထဲမှာ မိုးဗြဲဆည် တည်ဆောက်တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီတုန်းကလည်း ကျေးရွာပေါင်းတရာကျော် နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ၁၉၉၄ မှာ ဗမာအစိုးရနဲ့ အပစ်အခတ်ရပ်စဲတဲ့အတွက် ပေါင်းလောင်းမြစ်ဝှမ်းဒေသကို ထိန်းချုပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ပေါင်းလောင်းဆည် စီမံကိန်းလုံခြုံရေးကိုအကြောင်းပြပြီး အစိုးရတပ်တွေများပြားလာတာကြောင့် ကယန်းပြည်သစ်ပါတီက ထိန်းချုပ်ထားတဲ့ နယ်မြေအများစုဟာ အစိုးရတပ်လက်ထဲ ရောက်သွားပါတော့တယ်။ ကယန်းပြည်သစ်ပါတီအတွက် သမိုင်းသံသရာလည်သလို ဖြစ်နေပါတယ်။ ရေကာတာတည်ဆောက်လို့ ဒေသခံအရပ်သား နစ်နာဆုံးရှုံးရတာကို အလုံအလောက် ဖြေရှင်းပေးနိုင်တဲ့ အစဉ်အလာမရှိသေးကြောင်းပါ။