ဧရာဝတီ ရေကာတာ အစီရင်ခံစာ

ဧရာဝတီ ရေကာတာ အစီရင်ခံစာ

ဧရာဝတီမြစ်ညာဖြစ်တဲ့ မလိခနဲ့ အင်မိုင်ခမြစ်ပေါ်မှာ ရေကာတာ တည်ဆောက်မယ့် တရုတ်-မြန်မာ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်နေခဲ့တာ (၅) နှစ်ကျော်ပါပြီ။ ရေကာတာကြောင့် မြစ်ဝှမ်းတလျှောက်မှာ ပေါ်ထွက်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကချင်တိုးတက်ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ၂၀၀၇ ခုနှစ်မှာ အစီရင်ခံစာရေးပြီး အင်္ဂလိပ်-မြန်မာ-တရုတ် သုံးဘာသာနဲ့ ထုတ်ဝေခဲ့ပါတယ်။ လွန်ခဲ့တဲ့ အပတ်ကတော့ ဧရာဝတီမြစ်ညာမှာ တည်ဆောက်မယ့် ရေကာတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလိမ့်မယ်လို့ အကဲဖြတ်ထားတဲ့ မြန်မာ-တရုတ် အစီရင်ခံစာကို Burma Rivers Network အဖွဲ့က ဖော်ထုတ်လိုက်ပါတယ်။

တရုတ်ပညာရှင်တွေနဲ့ ပူးတွဲလေ့လာခဲ့တဲ့ ရန်ကုန်အခြေစိုက် ဇီဝမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်း Biodiversity and Nature Conservation Association က ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ရေးသားထားတဲ့ စာတမ်းဖြစ်ပါတယ်။ မြန်မာနဲ့ တရုတ်ပညာရှင်တွေ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ကနေ မေလအထိ ငါးလလေ့လာပြီး ရေးထားတဲ့ အစီရင်ခံစာပါ။ ဓါတ်ပုံ၊ မြေပုံ၊ စာရင်းဇယားနဲ့ နောက်ဆက်တွဲ အများအပြားပါဝင်တဲ့အတွက် စာမျက်နှာ (၉၄၅) မျက်နှာရှိပါတယ်။ မြန်မာဘက်က စီမံခန့်ခွဲပြီး ရေကာတာ တည်ဆောက်မယ့် CPI (China Power Investment Corporation) တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်းက ကုန်ကျစရိတ် ကျခံပါတယ်။ မြန်မာ-တရုတ် လေ့လာရေးအဖွဲ့မှာ အဖွဲ့ဝင် (၉၀) ကျော်ရှိတဲ့အထဲ မြန်မာ (၈၀) ပါဝင်ပါတယ်။ လေ့လာရေးခရီးအတွင်း ပေါ်တာအထမ်းသမား (၃၀၀) အထိ အသုံးပြုရတယ်လို့ ဆိုပါတယ်။

မြစ်ဆုံရေကာတာကို တည်ဆောက်ဖို့ မသင့်တော်ဘူးလို့ မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အစီရင်ခံစာမှာ အတိအလင်း ဖော်ပြထားပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို မြန်မာဘက်ကရော တရုတ်ဘက်ကရော တကယ်ပဲ စိုးရိမ်တယ်ဆိုရင် မြစ်ဆုံမှာ ရေကာတာကို မတည်ဆောက်သင့်ဘူးလို့ ဆိုပါတယ်။ မြစ်ဆုံအထက်က မလိခနဲ့ အင်မိုင်ခမြစ်တွေပေါ်မှာ ရေကာတာ အသေးစား တစ်ခုစီ တည်ဆောက်မယ်ဆိုရင် လိုချင်တဲ့ လျှပ်စစ်ဓါတ်ကို ရနိုင်ပြီး တန်းဖိုးမဖြတ်နိုင်တဲ့ ကချင်ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းရာရောက်မယ်လို့ မြန်မာ-တရုတ် အကဲဖြတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကချင်ယဉ်ကျေးမှု အချက်အခြာဖြစ်တဲ့ မြစ်ဆုံဒေသ ရေမလွှမ်းရအောင် အခြားသင့်တော်မယ့်နေရာကို ရှာသင့်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ လေ့လာရေးမလုပ်မီ ၂၀၀၆ ခုနှစ်ကစပြီး မြစ်ဆုံဆည်တည်ဆောက်ဖို့ လောစစ်ဟန် သားအဖပိုင်တဲ့ အေရှားဝေါလ် (Asia World) ကုမ္မဏီက ပြင်ဆင်နေပါပြီ။ အေရှားဝေါလ်ကုမ္မဏီ အလုပ်စခန်းကို အစိုးရတပ်က စောင့်ရှောက်ပါတယ်။ အဲဒီအချိန်ကတည်းက ရေကာတာတည်ဆောက်မှုကို အဆက်မပြတ် အကောင်အထည်ဖော်နေတာကြောင့် လေ့လာရေးအတွက် တရုတ်က အကုန်အကျခံပြီး ဗမာအစိုးရက ခွင့်ပြုတာဟာ အမြင်ကောင်းအောင်လုပ်သလို ဖြစ်နေပါတယ်။ ရေကာတာကြောင့် ရွှေ့ပြောင်းခံရသူတွေရဲ့ လူနေမှုဘဝ ထိခိုက်မှု၊ သတ္တဝါနဲ့ သစ်ပင်ပန်းမန် ဇီဝမျိုးကွဲတွေ ပျက်စီးမှု၊ မြစ်ကြောင်းပျက်စီးမှု၊ စတာတွေကို မြန်မာနဲ့ တရုတ်အစိုးရက လုံးဝဂရုမစိုက်တာ ထင်ရှားပါတယ်။ ဒါပေမဲ့ ရေကာတာရဲ့ အကျိုးသက်ရောက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံလေ့လာသင့်တယ်လို့ ၂၀၀၉ ခုနှစ် ဧရာဝတီရေကာတာ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

မြစ်ဆုံအထက်ပိုင်းဒေသဟာ မြန်မာ-အိန္ဒိယနယ်စပ်က အမြဲတမ်း စိမ်းလန်းနေတဲ့ ဂေဟစနစ်နဲ့ ဆက်နေတာကြောင့် မြန်မာပြည်အတွက်သာ မဟုတ်ဘဲ ဒေသဆိုင်ရာအတွက်ပါ အလွန်အရေးကြီးတဲ့ဒေသဖြစ်တယ်လို့ အစီရင်ခံစာအပိုင်း (၁) မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဧရာဝတီရေကာတာ စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကိုရော ကချင်လူ့အဖွဲ့အစည်းကိုရော ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်လည်း ဒီစီမံကိန်းကို ကချင်ပြည်နယ်မှာတင်မကဘဲ နိုင်ငံခြားမှာပါ ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ မြစ်ဆုံရေကာတာ တည်ဆောက်မှုကြောင့် မြန်မာနိုင်ငံမှာ ပြင်တွင်းစစ်ဖြစ်နိုင်ကြောင်း ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့က လွန်ခဲ့တဲ့ မတ်လက တရုတ်အစိုးရကို အကြောင်းကြားထားပါတယ်။

မြန်မာ-တရုတ်အဖွဲ့ ကွင်းဆင်းလေ့လာရေးလုပ်တဲ့အချိန်မှာ အပစ်အခတ်ရပ်စဲထားကြပေမယ့် လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့ဒေသဖြစ်လို့ လွတ်လပ်စွာ သွားလာစုံစမ်းစစ်ဆေးဖို့ အခက်အခဲရှိပါတယ်။ ခွင့်ပြုချက်မရရင် မသွားနိုင်တဲ့အရပ်ဖြစ်တဲ့အတွက် ဒေသခံလက်နက်ကိုင်နဲ့ရော အစိုးရအာဏာပိုင်တွေနဲ့ရော မကြာခဏ စေ့စပ်ဆွေးနွေးရတယ်လို့ ဆိုပါတယ်။ ကူညီတဲ့ သက်ဆိုင်ရာတိုင်းမှူးတပ်မှူး၊ ဝန်ကြီး၊ KIO, NDAK တို့နဲ့ အခြားပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုထားတာကိုကြည့်ရင် ပထမအကြိမ် မြန်မာ-တရုတ် ပူးတွဲလေ့လာရေးခရီးကို ထောက်ခံအားပေးကြတာ သိသာပါတယ်။

ရေကာတာ တည်ဆောက်မယ်ဆိုရင် လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာကို လေ့လာအကဲဖြတ်ဖို့ လိုအပ်ကြောင်း၊ တရုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဥပဒေမှာ ဖော်ပြထားတာကြောင့် စတိအနေနဲ့ ဧရာဝတီ ရေကာတာလေ့လာရေးမှာ တရုတ်ပါဝင်လာတာ ဖြစ်နိုင်ပါတယ်။ မြန်မာမှာလည်း ၂၀၀၆ မှာ ပြဋ္ဌာန်းတဲ့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေနဲ့ သက်ဆိုင်ရာဦးစီးဌာရှိပေမယ့် သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒလမ်းစဉ် မရှိပါဘူး။ ဒါကြောင့် ၂၀၀၉ ခုနှစ် ဧရာဝတီရေကာတာ အစီရင်ခံစာကို လုံးဝဂရုမစိုက်ကြတာ ဖြစ်ပုံရပါတယ်။