ဥရောပအဖွဲ့နဲ့ မြန်မာအစိုးရသစ်

ဥရောပအဖွဲ့နဲ့ မြန်မာအစိုးရသစ်

မြန်မာအစိုးရနဲ့ ပတ်သက်လာရင် အနောက်တိုင်းမှာ အမြင် နှစ်မျိုးပဲ ရှိတယ်လို့ အကျဉ်းချုံး ပြောနိုင်ပါတယ်။ ပထမအမြင်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ဖြစ်ပြီး ဒုတိယအမြင်က ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဖြစ်ပါတယ်။ ဒဏ်ခတ်အရေးယူလို့ ဗမာအစိုးရ ကောင်းမွန်မလာတဲ့အတွက် ဒဏ်ခတ် အရေးယူမှုကို မရုပ်သိမ်းဘဲ ထိတွေ့ဆက်ဆံနေတဲ့ နည်းလမ်းကို သဘာဝမကျဘူးလို့ ဝေဖန်သူတွေ ရှိပါတယ်။

ဗမာအစိုးရကို ဒဏ်ခတ်အရေးယူတာတွေ ရုပ်သိမ်းကြဖို့ အမေရိကန်နဲ့ ဥရောပအဖွဲ့တွေကို အာဆီယံ အသင်းကလည်း ပန်ကြားထားပါတယ်။ ဒီအတောအတွင်း မြန်မာပြည်က နိုင်ငံရေးပါတီအချို့ကလည်း ဒဏ်ခတ်ပိတ်ပင်မှုကို ရုပ်သိမ်းဖို့ တောင်းဆိုကြပါတယ်။ မြန်မာနဲ့ ကုန်သွယ်တာကို ဥရောပအဖွဲ့က အကန့်အသတ် လုပ်ထားပါတယ်။ ဗမာအစိုးရနဲ့ အသိုင်းအဝိုင်းကို ကန့်သတ်အရေးယူထားတဲ့ကိစ္စကို ဥရောပအဖွဲ့က ဧပြီလ (၁၂) ရက်နေ့က သက်တမ်းတနှစ် ထပ်တိုးလိုက်ပေမယ့် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဝန်ကြီးလေးဦးနဲ့ ဒု-ဝန်ကြီးအဆင့် (၁၈) ဦး ဥရောပကို ဝင်ခွင့်ပြုလိုက်တဲ့အတွက် ဥရောပအဖွဲ့မှာ သဘောထား ပျော့ပျောင်းလာတယ်လို့ သုံးသပ်ကြပါတယ်။

ဒီလို ပြည်ဝင်ခွင့်ပေးလိုက်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အဖွဲ့ဟာ ဇွန်လ (၆) ရက် (၇) ရက်မှာ ဟန်ဂေရီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက် နိုင်ခဲ့ပါတယ်။ ဒီသတင်းကို မြန်မာ့အလင်း သတင်းစာမှာ ဇွန်လ (၁၀) ရက်နေ့က စာမျက်နှာပြည့် ဖော်ပြထားပါတယ်။ ဥရောပကောင်စီအရာထမ်း Robert Copper နဲ့အဖွဲ့ နေပြည်တော်သွားတာကို ဥရောပ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ ရည်ရွယ်တဲ့သဘောနဲ့ ဇွန်လ (၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းမှာ ဖော်ပြထားပါတယ်။ ဥရောပကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဥရောပကိုယ်စားလှယ်ရဲ့ လေ့လာရေးခရီးကို ဗမာအစိုးရက အမြတ်ထုတ် ဝါဒဖြန့်တာ ထင်ရှားပါတယ်။

ဒီအတောအတွင်း ဂျာမဏီလူ့အခွင့်အရေးပေါ်လစီ ထိပ်တန်းအရာရှိ Markus Loening က အင်္ဂလိပ် သတင်းစာမှာ ဆောင်းပါးရေးပြီး ကန့်သတ်အရေးယူမှုကို ပြုပြင်ဖို့ တင်ပြလာတဲ့အတွက် လန်ဒန် အခြေစိုက် Burma Campaign (UK) ရဲ့ ချေပတိုက်ခိုက်တာကို ခံလိုက်ရပါတယ်။ တကယ်တော့ ဥရောပအဖွဲ့ဝင် (၂၇) နိုင်ငံမှာ သဘောထားကွဲလွဲလာတာ ကြာပါပြီ။ ဗမာအစိုးရက ဖိနှိပ်ညှဉ်းပမ်းတိုင်း တိုးပြီး ဒဏ်ခတ်ဖို့ ဗြိတိန်၊ ချက်၊ နယ်သာလန်၊ အိုင်ယာလန်၊ ဆွီဒင်နဲ့ ဒိန်းမတ်က လိုလားပေမယ့် ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ စပိန် နဲ့ ပိုလန်အစိုးရတွေက ထပ်ပြီးအရေးယူတာကို မလိုလားပါဘူး။

မြန်မာနဲ့ ကုန်သွယ်ရာမှာ စစ်ပစ္စည်း၊ သစ်၊ ကျောက်မျက် စတာတွေ မရောင်းဝယ်ဖို့၊ စစ်အစိုးရ အသိုင်းအဝိုင်းကို ဥရောပဝင်ခွင့် မပြုဖို့နဲ့ သူတို့ပိုင် ငွေကြေးကို ချုပ်ကိုင်ထားဖို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဟာ ဥရောပနဲ့ အဆက်အသွယ်နည်းတဲ့အတွက် ဒဏ်ခတ်မှုဟာ မထိရောက်ဘူးလို့ သုံးသပ်ကြပါတယ်။ အခုအချိန်အထိ အင်္ဂလန်မှာ ချုပ်ကိုင်ထားနိုင်တဲ့ စစ်အုပ်စုပိုင်ငွေဟာ ပေါင် (၅) သောင်းကျော်သာရှိကြောင်း သိရပါတယ်။ စစ်ပစ္စည်းတင်ပို့မှုကိုလည်း အသေအချာ ပိတ်ပင်နိုင်တာ မဟုတ်ပါဘူး။

ဒဏ်ခတ်အရေးယူတာကို မလိမ့်တပတ်လုပ်ပြီး စစ်ပစ္စည်းတင်ပို့ရာမှာ ပြင်သစ်နဲ့ ဂျာမဏီဟာ ထင်ရှားကြောင်း Amnesty လူ့အခွင့်အရေးအဖွဲ့၊ Lansa လက်နက်ငယ်အဖွဲ့နဲ့ Oxfam အဖွဲ့တို့ ပူးတွဲပြီး ၂၀၀၅ က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနဲ့ တရုတ်ကို လက်နက်တပ်ပို့ရာမှာ ပြင်သစ်ဟာ နာမည်ရပါတယ်။ ကုလသမဂ္ဂ ကုန်သွယ်မှုစာရင်းအရ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ (၃) နှစ် အတွင်း လက်နက်ခဲယမ်း ဒေါ်လာ (၁၆၉,၀၀၀) တန်ဖိုး ပြင်သစ်က မြန်မာကို တင်ပို့ကြောင်း သိရပါတယ်။ ဂျာမဏီလုပ် အင်ဂျင်သုံးတဲ့ ယူခရိန်းလုပ် APC သံချပ်ကားတွေ ဗမာပြည် ရောက်သွားပုံ ဟာလည်း စဉ်းစားစရာပါ။ အရပ်ဘက်ရော စစ်ဘက်ပါ သုံးနိုင်တဲ့ပစ္စည်းမျိုး မြန်မာကို မတင်ပို့ဖို့ ဥရောပအဖွဲ့က ပိတ်ပင်ထားပါတယ်။

မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖျက်မှုတွေ နိဂုံးချုပ်ပြီး ပြည်သူလူထု ရွေးကောက်တင်မြောက်တဲ့ အရပ်သားအစိုးရ တည်ထောင်နိုင်အောင် ကူညီတဲ့အနေနဲ့ ဥရောပအဖွဲ့က ကုန်သွယ်ရေး ကန့်သတ်ချက် လုပ်ပြီး အရေးယူပါတယ်။ ဒါပေမဲ့ (၁၅) နှစ်ကြာတဲ့အထိ ရည်ရွယ်ချက် မအောင်မြင်တဲ့အတွက် ကန့်သတ်အရေးယူမှုကို ရပ်ဆိုင်းလိုသူ များလာတာ ဖြစ်ပုံရပါတယ်။ ဥရောပအဖွဲ့ရဲ့ ကန့်သတ်အရေးယူမှုကြောင့် ဗမာစစ်အုပ်စုရဲ့ အဓိကအကျိုးစီးပွား မထိခိုက်တာ ထင်ရှားနေပါတယ်။ ကန့်သတ်အရေးယူမှုကို အဖွဲ့ဝင်နိုင်ငံ တဦးချင်းအနေနဲ့ အကောင်အထည်ဖော်ရမှာ ဖြစ်ပါတဲ့အတွက် မြန်မာနဲ့ အများဆုံး ကုန်သွယ်နေတဲ့ ဂျာမဏီရဲ့ အခန်းကဏ္ဍကို မယုံသင်္ကာဖြစ်လာကြတာပါ။

ကန့်သတ်မှုကို နှစ်စဉ်သက်တမ်း တိုးနေတာဟာ ဥရောပအဖွဲ့ရဲ့ အဖွဲ့တွင်း နိုင်ငံရေးကြောင့် လုပ်နေရသလို ဖြစ်နေပါတယ်။ ကန့်သတ်မှုထိရောက်တာ မထိရောက်တာ၊ ရည်ရွယ်ချက် အောင်မြင်တာ မအောင်မြင်တာက အရေးမကြီးဘဲ ဥရောပအဖွဲ့ဝင်နိုင်ငံတွေ စိတ်ကျေနပ်ဖို့က ပိုပြီးအရေးကြီးသလို ဖြစ်နေတယ်လို့လည်း ဝေဖန်သုံးသပ်ကြပါတယ်။ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေ မြန်မာနဲ့ဆက်ဆံနေသရွေ့ အနောက်တိုင်းရဲ့ အရေးယူမှု ထိရောက်မှာ မဟုတ်ဘူးလို့ မြင်ကြပါတယ်။