အကျင့်ပျက် တရားစီရင်ရေးစနစ်

လွန်ခဲ့တဲ့ နှစ်လအတွင်း ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီကို ရောက်လာတဲ့တိုင်စာတွေ ထောင်နဲ့ချီရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒီအထဲမှာ ဥပဒေရေးရာကော်မတီကို ပေးပို့တဲ့တိုင်စာ တထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။ မမှန်ကန်တဲ့ တရားစီရင်မှုတွေကို စစ်ဆေးဖို့အတွက် လွန်ခဲ့တဲ့ စက်တင်ဘာလမှာ ကန်ပက်လက် မဲဆန္ဒနယ်က သူရဦးအောင်ကို ဥက္ကဌလုပ်တဲ့ တရားစီရင်ရေးနဲ့ ဥပဒေရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ အောက်ပိုင်းက တရားရုံးတွေဟာ အဟန့်အတားလို ဖြစ်နေတယ်လို့ သူရဦးအောင်ကို က ပြောင်းပါတယ်။ ခိုင်းသလိုလုပ်တဲ့ တရားသူကြီးတွေပဲလို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအောင်ငြိမ်း ဥက္ကဋ္ဌလုပ်တဲ့ ပြည်သူတိုင်ကြားစာနဲ့ အသနားခံစာဆိုင်ရာ ကော်မတီကို ၂၀၁၁ သြဂုတ်လမှာ ဖွဲ့စည်းပါတယ်။ ဒီကော်မတီတွေမှာ လုပ်နိုင်စွမ်း ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။ တရားရေးဌာနကို ပြုပြင်ဖို့ အရေးတကြီး လိုအပ်နေတာကို အတိုက်အခံဘက်ကရော အစိုးရဘက်ကပါ ထောက်ပြနေကြပါတယ်။ အဂတိလိုက်စားပြီး မတရားလုပ်တဲ့အမှုတွေများလွန်တဲ့အတွက် အခုလို ဥပဒေပြုလွှတ်တော်ကို တိုင်စာတွေ ပေးပို့နေကြတာ ဖြစ်ပါတယ်။

အနှစ် (၄၀) ကျော် အကျင့်ပျက်ခဲ့တဲ့ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးဟာ အချိန်ကြာနိုင်ပါတယ်။ စစ်ကောင်စီက ၁၉၇၂ သြဂုတ်လမှာ ပြည်သူ့တရားရုံးစနစ် တည်ထောင်ချိန်ကစပြီး မြန်မာ့တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီတယ်လို့ ပြောနိုင်ပါတယ်။ ဥပဒေနားမလည်တဲ့ မဆလပါတီဝင်တို့ကို တရားသူကြီးလုပ်ခိုင်းပြီး စီရင်ဆုံးဖြတ်ခိုင်းတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ ဥပဒေနားမလည်တဲ့ မဆလပါတီဝင်ကို တရားသူကြီးလုပ်ခိုင်းပြီး စီရင်ဆုံးဖြတ်ခိုင်းတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ တကယ့် တရားသူကြီးဟာ အကြံပေးအဆင့်ကို ရောက်သွားပါတယ်။ အဲဒီအချိန်ကစပြီး တရားရုံးတွေဟာ ပါတီကောင်စီလက်အောက်ခံလို ဖြစ်လာတဲ့အတွက် လွတ်လပ်စွာစီရင်ဆုံးဖြတ်ခွင့် မရှိတော့ပါဘူး။ ၁၉၇၄ အခြေခံဥပဒေအရဖွဲ့တဲ့ ပြည်သူ့တရားသူကြီးကောင်စီမှာ ကောင်စီဝင် (၅) ဦးရှိတဲ့အနက် တဦးကသာ ဥပဒေပညာရှင် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ တရားစီရင်ရေးစနစ်ဟာ ဖိနှိပ်ရေးယန္တရား ဖြစ်လာပါတော့တယ်။

လွတ်လပ်ရေးရပြီးစ လက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပွားနေချိန်မှာ “လူသတ်သမား သခင်နုရဲ့ ဖက်ဆစ်အစိုးရ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကွန်မြူနစ်ပါတီက ဖြန့်ဝေတာကို နိုင်ငံတော်လုံခြုံရေးဥပဒေအရ ဖမ်းဆီးပိုင်ခွင့် မရှိဘူးလို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာကို တရားဌာန လွတ်လပ်မှုအဖြစ် ဥပဒေပညာရှင်တွေ ကိုးကားကြပါတယ်။ မျက်မှောက်ခေတ်မှာ ဗမာအစိုးရကို ဝေဖန်လို့ ထောင်အနှစ် (၆၀) ချလိုက်တဲ့ စီရင်ချက်ကိုတော့ တရားဥပဒေဆိုင်ရာဟာသအဖြစ် သတ်မှတ်ကြပါတယ်။ ပြစ်မှုမကျူးလွန်သူကို သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်မှု၊ နှိပ်စက်ညှဉ်းပမ်းပြီးရယူထားတဲ့ ဖြောင့်ချက်ကိုလက်ခံမှုစတဲ့ စီရင်ထုံးမျိုးကြောင့် တရားစီရင်ရေးဌာနဟာ အလွန်နာမည်ပျက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်၊ ရှေ့နေ နဲ့ တရားသူကြီး စီးဝါးရိုက်၊ အကြံအဖန်လုပ်ပြီး ငွေရှာတာဟာ တရားရုံးရဲ့ လုပ်နေကျအလုပ် ဖြစ်ပါတယ်။

တရားစီရင်ရေးကဏ္ဍ သန့်ရှင်းရေးအတွက် လာဘ်ပေးလာဘ်ယူမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ ကြိုတင်ကာကွယ်မှုနဲ့ အရေးယူမှုဆိုပြီး အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်နေတယ်လို့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ၂၀၁၁ စက်တင်ဘာလ (၂၃) ရက်နေ့က အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။ ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်နိုင်ဖို့ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှာဖြစ်ပြီး တာဝန်မဲ့မှု၊ အဂတိလိုက်စားမှု နဲ့ အကျင့်ပျက်မှုတွေကို တွေ့ရှိရင် ကျူးလွန်သူကိုသာမကပဲ အနီးကပ်ကြီးကြပ်သူတွေကိုပါ အရေးယူမယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အကြီးအကဲ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို သမ္မတက ခန့်တာကြောင့် တရားစီရင်ရေးဌာနဟာ အုပ်ချုပ်ရေးဌာနလက်အောက်ခံလို ဖြစ်နေတယ်လို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။

အဂတိလိုက်စားတဲ့ အစိုးရဝန်ထမ်းရဲ့ ဘေးရန်က ပြည်သူလူထုကို ကာကွယ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၄၈ မှာ အဂတိလိုက်စားမှု နှိမ်နှင်းရေး အက်ဥပဒေကို ပြဌာန်းပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ဝန်ထမ်းကို ထောင် (၇) နှစ်အထိချပြီး သူရယူထားတဲ့ ဓနဥစ္စာကို နိုင်ငံပိုင် ပြုလုပ်နိုင်ပါတယ်။ အစိုးရဝန်ထမ်းတွေ ကျူးလွန်တဲ့ပြစ်မှုကို ရာဇသတ်ကြီးအရ စစ်ဆေးဖို့အတွက် အထူးတရားသူကြီးကို သမ္မတက ခန့်အပ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းကျူးလွန်တဲ့ပြစ်မှုကို လွှတ်တော်မှာ ဆွေးနွေးတာမျိုး မကြားရသေးပါ။

တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို သမ္မတ (သို့မဟုတ်) လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင်နိုင်တယ်လို့ ၂၀၀၈ အခြေခံဥပဒေက ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက လက်ခံရင် စွပ်စွဲပြစ်တင်ခံရတဲ့ တရားသူကြီးကို ဖြုတ်ပစ်နိုင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်က တရားသူကြီးတွေကို စွပ်စွဲပြစ်တင်အရေးယူမယ်ဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံဖို့ လိုပါတယ်။ တိုင်းနဲ့ပြည်နယ် တရားရုံးတွေအောက်မှာ ခရိုင်နဲ့မြို့နယ် တရားရုံးတွေ ရှိပါတယ်။ တရားလက်လွတ် စီရင်ချက်ချတယ်လို့ စွပ်စွဲထားတဲ့အမှုတွေ ထောင်နဲ့ချီပြီး ပြည်ထောင်စုလွှတ်တော်ကို ရောက်နေပြီဖြစ်လို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး အရေးယူမယ်ဆိုတာ စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်။