ပြည်ပရောက် တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုအိမ်၊ အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်တွေကို အားသွန်ခွန်စိုက် ကာကွယ်ရမယ်လို့ ၂၀၀၅ ခုနှစ် မတ်လ (၅) ရက်နေ့က တရုတ်ပြည်သူ့ ကွန်ဂရက်ကို ဝန်ကြီးချုပ် ဝမ်ဂျာဘောင်း တင်သွင်းတဲ့ အစိုးရလုပ်ငန်းစဉ် အစီရင်ခံစာမှာ အတိအလင်းဖော်ပြထားပါတယ်။ ဒီ မူဝါဒအတိုင်း မြန်မာပြည်ရောက် တရုတ်တွေ စားဝတ်နေရေး ပညာရေး အဆင်ပြေအောင် ဂရုစိုက်ဖို့ ဧည့်သည်တော် ဗမာဗိုလ်ချုပ်တွေကို သတိပေးလေ့ရှိပါတယ်။ တရုတ်အစိုးရရဲ့ ကူညီထောက်ပံ့မှုကို ရယူနေတဲ့ ဗမာအစိုးရဟာ ဗမာပြည်မှာ နေထိုင်နေတဲ့ တရုတ်တွေကို ကြည့်ရှုစောင်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ဗြောင်ပြောနေတာပါ။
တဆက်တည်းမှာ မြန်မာပြည်တွင်းရေးမှာ တရုတ်အစိုးရက ဝင်ရောက်စွက်ဘက်မှာ မဟုတ်ဘူးလို့ တရုတ်အစိုးရက ပြောလေ့ရှိပါတယ်။ မြန်မာပြည်ထဲက တရုတ်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ တိုက်တွန်းပြီး မြန်မာ့ပြည်တွင်းရေး မဟုတ်သလို ဖြစ်နေပါတယ်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ ထောက်လှမ်းရေးဗိုလ်ချုပ် ခင်ညွန့် တို့ခေါင်းဆောင်တဲ့ ဗမာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်မှာ (၁၂) ရက် နေထိုင်ပြီး အကူအညီတောင်းချိန်ကစပြီး တရုတ်အစိုးရကို မှီခိုလာတယ်လို့ ပြောနိုင်ပါတယ်။
နောက်တော့ တရုတ်ခေါင်းဆောင်တွေ မကြာခဏ မြန်မာပြည်ကိုလာကြပြီး ဗမာဗိုလ်ချုပ်တွေလည်း တရုတ်ပြည်ကို မကြာခဏ သွားကြပါတယ်။ တရုတ်ကွန်မြူနစ်ဟာ နိုင်ငံခြားအစိုးရ အထူးသဖြင့် မြန်မာပြည်လို အိမ်နီးချင်းနိုင်ငံမျိုးနဲ့ ဆက်ဆံရာမှာ နည်းမျိုးစုံသုံးပါတယ်။ ငွေကြေးကူညီထောက်ပံ့မှု၊ စစ်ပစ္စည်းရောင်းချမှု၊ ပူးတွဲစစ်ရေး လေ့ကျင့်မှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ စီးပွားရေးစာချုပ်ချုပ်ဆိုမှု၊ အပြည်ပြည်ဆိုင်ရုာ အဖွဲ့အစည်းမှာ ပါဝင်မှု စတဲ့ နည်းတွေသုံးပြီး စီးပွားရေးလွှမ်းမိုးနိုင်အောင် ကြိုးစားနေပါတယ်။ ဒီ ပရိယာရ်ကွန်ချာထဲမှာ အိမ်နီးချင်းနိုင်ငံတွေဟာ တဝဲလည်လည် ဖြစ်နေတတ်ပါတယ်။ ကမ္ဘောဒီယား၊ လာအို နဲ့ ဗိယက်နမ်နိုင်ငံတွေမှာလည်း တရုတ် စီးပွားရေးလွှမ်းမိုးမှု နှစ်ဆတိုးလာတာ တွေ့ရပါတယ်။
ဒါပေမဲ့ နေရာတကာ တရုတ်ဝင်နေတာကို ထင်ရှားစွာ တွေ့မြင်ရတဲ့နေရာဟာ မြန်မာပြည်ပါ။ ပြည်ကြီးက တရုတ်တင်မကဘဲ စင်္ကာပူ-တရုတ်၊ မလေးရှား-တရုတ်၊ ဟောင်ကောင်-တရုတ်၊ ထိုင်ဝမ်-တရုတ် စသဖြင့် တရုတ်မှန်သမျှ မြန်မာပြည်မှာ တွေ့နိုင်ပါတယ်။ လာဘ်ပေးလာဘ်ယူ များလှတဲ့ တိုင်းပြည်မှာ လာဘ်ပေးဖို့ ဝန်မလေးတဲ့ တရုတ်တွေ အလုပ်ဖြစ်နေပါတယ်။
ဗမာစစ်တပ်ဟာ လက်နက်ပစ္စည်းအတွက် တရုတ်ကို အားကိုးနေရပါတယ်။ တရုတ်ပြည်မှာ သင်တန်းတက်ထားတဲ့ တပ်မတော်သားလည်း အတော်များနေပါပြီ။ အခြေခံ အဆောက်အအုံဖြစ်တဲ့ ကားလမ်း၊ ရထားလမ်း၊ ရေကာတာ၊ လေဆိပ် နဲ့ သင်္ဘောဆိပ်တွေကို တရုတ်က ဆောက်လုပ်ပေးနေတာ မြန်မာပြည်ကို ဖြတ်လမ်းအဖြစ် အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ယူနန်က တရုတ်တွေ ဗန်းမော်ကတဆင့် ဧရာဝတီမြစ်ကို စုံဆင်းပြီး ဘင်္ဂလားပင်လယ်အော်ကွေ့ထဲကို ဝင်ရောက်တော့မယ်အချိန်ဟာ မဝေးတော့ပါဘူး။ နောင်ဆိုရင် တရုတ်စာ၊ တရုတ်စကားတတ်မှ စီးပွားရေးလောကမှာ လူရာဝင်မလို ဖြစ်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ တိုင်းပြည်လူဦးရေရဲ့ (၃) ရာခိုင်နှုန်းသာရှိတဲ့ တရုတ်တွေဟာ တိုင်းပြည်ရဲ့ အရင်းအနှီး (၇၀) ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတယ်လို့ တွက်ဆကြတာရှိပေမယ့် မြန်မာပြည်မှာတော့ ဒီလိုတွက်ချက်ပြီး ခန့်မှန်းတာမျိုး မလုပ်နိုင်တဲ့အတွက် တရုတ်လွှမ်းမိုးတဲ့ အတိုင်းအတာကို သိဖို့မလွယ်လှပါဘူး။ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုအများစုဟာ အစိုးရရင်းနှီးမြုပ်နှံမှု ကော်မရှင်ကတဆင့် သွားတာမဟုတ်တဲ့အတွက် စာရင်းဇယားကို သိဖို့ ခက်ခဲပါတယ်။ တရုတ်ကိစ္စကို ဗမာစစ်အစိုးရ အများဆုံး ဖုံးဖိထားပါတယ်။ ဥပဒေမဲ့ နယ်ခြားကိုဖြတ်ပြီး ဝင်လာတဲ့တရုတ်နဲ့ အကြံအဖန်လုပ်ပြီး ဝင်လာတဲ့ တရုတ်ကိုပေါင်းလိုက်ရင် အနှစ် (၂၀) အတွင်းမှာ မြန်မာပြည်ကို ဝင်ရောက်အခြေချတဲ့ တရုတ်ဦးရေ တသန်းကနှစ်သန်းအထိ ရှိနိုင်မယ်လို့ မြန်မာ့ရေးရာ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ မန္တလေးမှာ ယူနန်တရုတ်က ငါးပုံ တပုံ ရှိပြီး လားရှိုးမှာတော့ လူဦးရေတဝက်လောက်က တရုတ်ဖြစ်နေပြီလို့ ကြားသိရပါတယ်။
ကိုးကန့်နဲ့ ဝဒေသက စာသင်ကျောင်းတွေမှာ တရုတ်ဘာသာစကားနဲ့ သင်ကြားပို့ချနေတာကို ကြည့်ရင် ဗမာစစ်အစိုးရရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်မှု အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ မြန်မာပြည်မှာ စစ်အစိုးရတက်လာပြီး ဈေးကွက်စနစ်ကျင့်သုံးလို့ တရုတ်တွေ ကြီးပွားချမ်းသာလာပုံဟာ ဆူဟာတိုခေတ် အင်ဒိုနီးရှားမှာ တရုတ်တစု ချမ်းသာလာပုံနဲ့ သိပ်တူတယ်လို့ အမေရိကန် ယေးလ်တက္ကသိုလ် ဥပဒေပါမောက္ခ Amy Chua က ဆိုပါတယ်။ တရုတ်စီးပွားရေး သမားကို အားကိုးလွန်းတဲ့ ဆူဟာတိုအစိုးရ ပြုတ်ကျသွားတာနဲ့ တရုတ် ဆန့်ကျင်ရေး အထိကရုဏ်း ဖြစ်ပွားရပုံဟာ အလွန်သင်ခန်းစာယူစရာ ကောင်းတယ်လို့ အမေရိကန်တရုတ်ဖြစ်တဲ့ ဒေါက်တာအေမီချုး က သုံးသပ်ပါတယ်။ မြန်မာ့ဈေးကွက်စနစ်မှာ စစ်အစိုးရနဲ့ နီးစပ်တဲ့ လူတစုဟာ ကြီးပွားချမ်းသာနေပါတယ်။ ဒီအထဲမှာ ဒေသခံတရုတ်တွေ ထိပ်တန်းက ပါဝင်နေပါတယ်။ ကိုးကန့် တရုတ် အိုက်ထွန်း၊ ရှမ်းတရုတ် ကျော်ဝင်း၊ ကိုးကန့် တရုတ် ဘိန်းမှောင်ခို လောစစ်ဟန် ကွယ်လွန်သူ ရှမ်းတရုတ် ဘိန်းဘုရင်ခွန်ဆာ စတဲ့ ပုဂ္ဂိုလ်များကို လူသိများကြပါတယ်။
လွတ်လပ်တဲ့ ဈေးကွက်စနစ်ရဲ့ အခြေခံတွေဖြစ်တဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း၊ လုပ်ထုံးလုပ်နည်းနဲ့ တရားဥပဒေ မခိုင်မာသေးဘဲ အလျင်စလို ဈေးကွက်စနစ် ကျင့်သုံးတာကြောင့် အစိုးရနဲ့ နီးစပ်သူတစုသာ ချမ်းသာပြီး ပြည်သူလူထုအများစုဟာ ဆင်းရဲနေရတယ်လို့ သုံးသပ်ကြပါတယ်။