သမ္မတဦးသိန်းစိန် ကို နိုင်ငံတော်အကြီးအကဲအနေနဲ့ ဘေဂျင်းမြို့တော်မှာ တခမ်းတနား ကြိုဆိုဧည်ခံတာဟာ ဗမာစစ်အုပ်စုရဲ့လုပ်ဇာတ်ကို တရုတ်အစိုးရက တရားဝင်အသိအမှတ်ပြုပြီး ချီးကျူးဂုဏ်ပြု လိုက်တာ ဖြစ်ပါတယ်။ နောက်တော့ သဘောတူညီချက် (၉) ခု လက်မှတ်ရေးထိုးပါတယ်။ ဒီအထဲမှာ မြန်မာလိုချင်တာရော၊ တရုတ်လိုချင်တာရော ပါဝင်နေပါတယ်။ အသေးစိတ် ထုတ်ပြန်ကြေညာတာမျိုး မလုပ်ပေမဲ့ မြန်မာလိုချင်တဲ့ ဒေါ်လာသန်း (၇၀၀) ကျော်ကို တရုတ်က ချေးလိုက်ကြောင်း သိရပါတယ်။ မြန်မာပြည်မှာ အများဆုံးရင်းနှီးမြုပ်နှံတဲ့နိုင်ငံဟာ တရုတ်နိုင်ငံပါ။ နိုင်ငံခြားကုန်သွယ်ရေးမှာတော့ ထိုင်းက ပထမဖြစ်ပြီး တရုတ်က ဒုတိယနေရာက လိုက်နေပါတယ်။
ဗမာအစိုးရရဲ့ ထိုးစစ်ကြောင့် ၂၀၀၉ သြဂုတ်လက ကိုးကန့်က တရုတ်သုံးသောင်းကျော် ယူနန်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံရတဲ့ အဖြစ်မျိုး မရောက်စေဖို့အတွက် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့လည်း နှစ်ဘက်အစိုးရခေါင်းဆောင်တွေ သဘောတူလိုက်ကြပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ရေရှည်စီမံကိန်းဟာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှ အကောင်အထည်ပေါ်လာမယ်ဆိုတာကို တရုတ်က သဘောပေါက်ပါတယ်။
ဗမာအစိုးရဟာ မိမိအာဏာတည်မြဲရေးအတွက် တရုတ်ကို အားကိုးနေတာဖြစ်ပြီး တရုတ်ကတော့ ရေရှည်အကျိုးအတွက် ဗမာ့အလိုကျ လုပ်ပေးနေတာဖြစ်ပါတယ်။ တောင်အာရှ၊ အရှေ့တောင်အာရှ နဲ့ တရုတ်ပြည်အကြား တည်ရှိနေတဲ့ မြန်မာပြည်ကို ဖြတ်လမ်းအဖြစ် တရုတ်က အသုံးပြုလိုပါတယ်။ မြန်မာ့ဓါတ်ငွေနဲ့ အရှေ့အလယ်ပိုင်းက ရေနံကို မြန်မာပြည်ကတဆင့် ယူနန်အထိ သွယ်ယူနိုင်ရင် မလက္ကား ရေလက်ကြားကို မှီခိုနေရတဲ့အတိုင်းအတာ နည်းပါးသွားနိုင်တယ်လို့ တရုတ်က တွက်ထားပါတယ်။ မြန်မာ့သဘာဝဓါတ်ငွေ့နဲ့ ရေအားလျှပ်စစ်ကို ရေရှည်အသုံးပြုနိုင်ဖို့ တရုတ်က ရည်ရွယ်ပါတယ်။ တရုတ်ကုန်ပစ္စည်းများကို မြန်မာ့ဆိပ်ကမ်းကတဆင့် နိုင်ငံခြားကို တင်ပို့နိုင်ဖို့နဲ့ မြန်မာ့ဆိပ်ကမ်းမှာ တရုတ်သင်္ဘောတွေ ဆိုက်ကပ်နိုင်ဖို့လည်း တရုတ်က လိုလားပါတယ်။
ဗမာစစ်အုပ်စုဟာ ကမ္ဘာ့အပယ်ခံဖြစ်လာပြီး စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာကို ခံရတာကြောင့် တရုတ်ကို မှီခိုအားထားလာရတာ ဖြစ်ပါတယ်။ ငွေကြေးလက်နက်ပစ္စည်းနဲ့ အတတ်ပညာကို ဗမာအစိုးရက လိုချင်တယ်။ ဗမာအစိုးရလိုချင်တာကို တရုတ်က ပေးနိုင်တဲ့အပြင် သံတမန်ရေးရာမှာလည်း ကူညီနေပါတယ်။ ဥပမာ ဒဧ်ခတ်အရေးယူခံနေရတဲ့ ဗမာအစိုးရကို ကုလသမဂ္ဂမှာ အကာအကွယ်ပေးနိုင်သူဟာ တရုတ်ပါပဲ။ အာဆီယံအသင်းမှာ ဗမာအစိုးရ ဥက္ကဋ္ဌဖြစ်ရေးကိစ္စကိုလည်း တရုတ်က တတ်နိုင်သလောက် အကူအညီပေးမျာ သေချာပါတယ်။ မြန်မာပြည်ကရတဲ့ သယံဇာတဟာ တရုတ်အတွက် အနည်းငယ်သာဖြစ်ပေမယ့် နိုင်ငံရေးပထဝီအနေအထားက တရုတ်အတွက်ပိုပြီး အရေးကြီးတယ်လို့ ယူဆကြပါတယ်။ နိုင်ငံကြီးတခုအနေနဲ့ ဆက်လက်တိုးတက်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့ လိုပါတယ်။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအဆင်ပြေဖို့ တရုတ်အစိုးရက လိုလားပါတယ်။
ဒါပေမဲ့ တရုတ်နဲ့ မြန်မာ အပေးအယူဆက်ဆံရေး အဆင်ပြေဖို့ကိစ္စမှာ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အရေးကြီးတဲ့အခန်းက ပါဝင်နေပါတယ်။ နယ်စပ်စစ်ပွဲကြောင့် တရုတ်ရဲ့ အစီအစဉ်တွေ ပျက်စီးသွားနိုင်ပါတယ်။ နယ်စပ်က လူမျိုးစုတွေဟာ မြန်မာပြည်သားဖြစ်သလို တရုတ်ပြည်သားလည်း ဖြစ်ကြပါတယ်။ ယူနန်ပြည်နယ်မှာ လူမျိုးစု (၂၅) စုလောက် နေထိုင်ကြတာမို့ လူမျိုးစုပြဿနာကြောင့် နယ်စပ်ဒေသ မတည်မငြိမ်ဖြစ်နိုင်တာကို တရုတ်က သဘောပေါက်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ဒီဒေသကို မြန်မာ့နယ်နိမိတ်ထဲ ထည့်သွင်းလိုက်ပေမဲ့ ဒေသခံလူမျိုးစုတွေဟာ ဗမာမင်းရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ နေခဲ့ဖူးတာ မဟုတ်ပါဘူး။ ဒါကြောင့် လူမျိုးစုပြဿနာကို မဆွေးနွေးဘဲ အာဏာပြပြီး တဖတ်သတ်လုပ်လာရင် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်နိုင်ပါတယ်။
ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း ဘေဂျင်းမြို့တော်မှာ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက် (၉) ခုထဲမှာ မြန်မာဆိပ်ကမ်းတွေမှာ တရုတ်စစ်သင်္ဘောတွေ ဆိုက်ကပ်ခွင့်ပြုတဲ့ သဘောတူညီချက်လည်း ပါဝင်တယ်လို့ ခန့်မှန်းကြပါတယ်။ တဖြည်းဖြည်း ကြီးထွားလာတဲ့ တရုတ်ရေတပ်အတွက် ရပ်နားစရာ ဆိပ်ကမ်းရှိရေးဟာ တရုတ်ရဲ့ ရည်ရွယ်ချက်တခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က တရုတ်စစ်သင်္ဘော နှစ်စီး သီလဝါဆိပ်ကမ်းမှာ (၅) ရက်ကြာ ဆိုက်ကပ်သွားတာကို ဗမာက တခမ်းတနားနဲ့ ကြိုဆိုခဲ့ပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေမှာ မိမိတို့ ရေတပ်ရပ်နားနိုင်ဖို့ တရုတ်အစိုးရက လိုလားပါတယ်။
ဒီလို တိုင်းပြည်တွေမှာ ခြေကုတ်ခိုင်မာလေလေ အိန္ဒိယနဲ့ ပြိုင်ဆိုင်ရာမှာ တပန်းသာလေလေလို့ တရုတ်ဖတ်က ယူဆထားပုံရပါတယ်။ ဗမာအစိုးရဟာ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ လွတ်လပ်မှုကို အဓိကထားသူ ဖြစ်တာကြောင့် အိန္ဒိယ၊ ရုရှား နဲ့ တခြားနိုင်ငံတွေဆီကလည်း စစ်လက်နက်ဝယ်ယူပါတယ်။ ဒါပေမဲ့ ကွဲပြားခြားနားတာကတော့ ဗမာအစိုးရဟာ မိမိရဲ့ အာဏာ တည်မြဲရေးကိုသာ အဓိကထားပြီး တရုတ်အစိုးရက တိုင်းပြည်ကြီးပွားတိုးတက်ရေးကို အဓိကထားတာပဲ ဖြစ်ပါတယ်။