ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ထားမယ့် ရေနက်ဆိပ်ကမ်းနဲ့ အထူးစက်မှုဇုန်ကို ထားဝယ်မှာတည်ဆောက်ဖို့ ဗမာစစ်အစိုးရနဲ့ အီတလျံ-ထိုင်းကုမ္မဏီ (Italian-Thai Development Plc)သဘောတူညီခဲ့ပြီးနောက် မကြာခဏ သတင်းရေးကြပါတယ်။ အခုတော့ ဂျပန်ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ရေနက်ဆိပ်ကမ်းအပြင် သင်္ဘောကျင်း ရေနံဓာတုစက်ရုံ၊ ရေနံချက်စက်ရုံ၊ သံမဏီစက်ရုံ၊ လျှပ်စစ်ဓါတ်အားစက်ရုံ၊ ဓါတ်မြေသြဇာစက်ရုံ စတာတွေကို အကျယ်အဝန်း စတုရမ်းမိုင်တရာရှိမယ့် အထူးစက်မှုနယ်မြေမှာ တည်ဆောက်မယ့် (၁၀) နှစ် စီမံကိန်းပါ။ နောက်ပြီးတော့ ကားလမ်းရထားလမ်းဖောက်ပြီး ထိုင်းနိုင်ငံနဲ့ဆက်ဖို့ ရည်ရွယ်ပါတယ်။
ထားဝယ်စီမံကိန်းမှာ အများဆုံးရင်းနှီးမြုပ်နံှပြီး အများဆုံးအကျိုးခံစားရမှာက ထိုင်းကုမ္မဏီတွေ ဖြစ်ပါတယ်။ ထားဝယ်အထူးစက်မှုနယ်မြေမှာ ထိုင်းနဲ့ အခြားကုမ္မဏီကြီးတွေ လာရောက်အခြေစိုက်နိုင်သလို ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေကို ထားဝယ်ရေနက်ဆိပ်ကမ်းကတဆင့် အနောက်တိုင်းကိုတင်ပို့နိုင်မှာ ဖြစ်ပါတယ်။ မလက္ကားရေလက်ကြားကိုဖြတ်ပြီး တင်ပို့တာထက် ထားဝယ်ကတဆင့် တင်ပို့တာဟာ ပိုပြီးစရိတ်သက်သာတယ်လို့ တွက်ကြပါတယ်။ ထားဝယ်နဲ့ထိုင်းကို ပိုက်လိုင်းနဲ့ဆက်သွယ်ပြီး အရှေ့အလယ်ပိုင်းက သယ်ယူလာတဲ့ ရေနံစိမ်းကိုလည်း တင်သွင်းနိုင်တယ်လို့ တွက်ထားပါတယ်။
ထားဝယ်ကို အီတာလျံ-ထိုင်းကုမ္မဏီကို စိတ်ဝင်စားလာတဲ့အကြောင်းရင်းက ထိုင်းနိုင်ငံမှာ ထပ်မံရင်းနှီးမြုပ်နံှဖို့ အခွင့်အလမ်းနည်းပါးသွားလို့ ဖြစ်ပါတယ်။ မတ်တာဖွက် Map Ta Phut စက်မှုနယ်မြေဟာ ထိုင်းနိုင်ငံမှာအကြီးဆုံးနဲ့ နာမည်အပျက်ဆုံး ဖြစ်ပါတယ်။ ရေနံဓါတုစက်ရုံတွေ တည်ဆောက်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းပြီး အဆိပ်သင့်တဲ့အတွက် ကင်ဆာရောဂါဖြစ်ပြီး သေဆုံးသူ နှစ်ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။ Map Ta Phut စက်မှုနယ်မြေ ဖွင့်လှစ်ပြီး (၉) နှစ်အကြာ ၁၉၉၀ မှာ တာဝန်ရှိတဲ့ အစိုးရဌာန (၈) ခုကို ဒေသခံတွေက တရားစွဲပါတယ်။ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာလေ့လာမှုကို တရားဥပဒေအတိုင်းမလုပ်ဘဲ စက်မှုလုပ်ငန်း (၇၆) ခုကို လုပ်ခွင့်ပေးမှုနဲ့ တရားစွဲပါတယ်။ ဒါကြောင့် ဒီအမှုမှာပါတဲ့ ကုမ္မဏီအများစုကို လုပ်ငန်းဆက်မလုပ်ဖို့ တရားရုံးက ပိတ်ပင်လိုက်ပါတယ်။
ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သလားဆိုတာ အရင်ဆုံး အသေအချာလေ့လာဖို့ ညွှန်ကြားတဲ့ဥပဒေ စည်းမျဉ်းသစ်တွေကို ထိုင်းအစိုးရက ပြဌာန်းပါတယ်။ အမြတ်အစွန်းရဖို့နဲ့ လုပ်ခများများရဖို့ အရေးမကြီးဘဲ ပြည်သူလူထု ကျန်းမာရေးကသာ အရေးကြီးကြောင်း Map Ta Phut စက်မှုနယ်မြေက ပြလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ Map Ta Phut ထက် ဆယ်ဆကြီးတဲ့ ထားဝယ်စက်မှုနယ်မြေကို တည်ထောင်ဖို့ အီတာလျံ-ထိုင်းကုမ္မဏီက ကြံစည်တာဖြစ်ပုံရပါတယ်။ ဗမာစစ်အစိုးရဟာ ငွေရဖို့သာ စိတ်ဝင်စားတာမို့ ထားဝယ်မှာ စက်မှုနယ်မြေကြီး တည်ဆောက်နိုင်လိမ့်မယ်လို့ အီတာလျံ-ထိုင်း ကုမ္မဏီက ယူဆထားဟန်တူပါတယ်။ အခြေခံအဆောက်အအုံတည်ဆောက်ဖို့ ဒေါ်လာသန်းရှစ်ထောင် ကုန်ကျမယ်လို့ ခန့်မှန်းပြီး တဆင့်ပြီးတဆင့် တိုးချဲ့သွားရင် ဒေါ်လာသန်း ငါးသောင်းကျော် ကုန်ကျနိုင်ပါတယ်။
ထားဝယ်စီမံကိန်းမှာ မဲဂါဝမ် (၄၀၀၀) ရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားစက်ရုံလည်း ပါဝင်ပါတယ်။ ဒီလောက်များတဲ့ လျှပ်စစ်ဓါတ်အားကို ထုတ်ယူဖို့အတွက် ကျောက်မီးသွေးတန်ချိန် (၁၂) သန်းကို နှစ်စဉ်မီးရှို့ရပါလိမ့်မယ်။ အဲဒီအခါမှာ လေထုထဲကို လွှင့်ထုတ်မယ့်ပြာဟာ တန်ချိန်တသန်းကျော်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီစက်ရုံက လေထဲကိုထုတ်လွင့်မယ့် ကာဘွန်ဓါတ်ပမာဏဟာ ထိုင်းနိုင်ငံမှာရှိသမျှ ဓါတ်အားပေးစက်ရုံတွေက ထုတ်တဲ့ကာဘွန်ဓါတ်ရဲ့ (၅၀) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ထုတ်လုပ်မယ့် ကန့်ဓါတ်နဲ့ နိုက်ထရိုဂျင်အောက်ဆိုက်ဟာ လူနဲ့သစ်ပင်တွေကို အန္တရာယ်ပေးနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ဒီ စက်ရုံမျိုးတည်ဆောက်ခွင့် မရှိပါဘူး။ စက်ရုံက စွန့်ပစ်နေတဲ့ ရေပူတွေဟာ ရေသတ္တဝါတွေကို အန္တရာယ်ပေးနိုင်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်ဝန်းကျင်တခုလုံးကို ထိခိုက်နိုင်ပါတယ်။
ဒေသခံတွေက စတင်ကန့်ကွက်ဆန္ဒပြနေတုန်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ ဆောက်လုပ်ရေးစီမံကိန်းကို လွန်ခဲ့တဲ့ ဇန္နဝါရီအစောပိုင်းမှာ ဦးသိန်းစိန်အစိုးရက ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။ ပတ်ဝန်းကျင်ကို အန္တရာယ်ပေးနိုင်တယ်လို့ စိုးရိမ်တာတွေရှိလာလို့ ရပ်ဆိုင်းလိုက်ရတယ်လို့ အစိုးရဘက်က ဆိုပါတယ်။ စစ်အစိုးရလက်ထက်ကစခဲ့တဲ့ စီမံကိန်းတွေကို ဆက်ပြီးအကောင်အထည်ဖော်ဖို့ အခက်အခဲရှိနေပုံ ရပါတယ်။ ဒါပေမဲ့ ကရင်၊ မွန် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲဖို့ ဦးသိန်းစိန်အစိုးရ အလွန်စိတ်အားသန်နေတာဟာ ထားဝယ်စီမံကိန်း အောင်မြင်ရေးအတွက် ဖြစ်တယ်လို့ အကဲဖြတ်သူတွေလည်း ရှိပါတယ်။
ဒီအတောအတွင်း ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်းဖြစ်တဲ့ Laem Chabang လမ်းချာဘန် ကို ဒေသဆိုင်ရာ ဆက်သွယ်ရေး ဗဟိုအချက်အချာအဖြစ်အသုံးပြုဖို့ ထိုင်းအစိုးရက စဉ်းစားလာပါတယ်။ နောက်ပြီးတော့ ထားဝယ်အစား ထိုင်းနိုင်ငံတောင်ဘက်စွန်း ကပ္ပလီပင်လယ်ကမ်းခြေ Pak Bara ပက်ဘရ မှာ ဆိပ်ကမ်းတည်ဆောက်ပြီး ထိုင်းပင်လယ်ကွေ့နဲ့ ဆက်သွယ်ဖို့ကိုလည်း ထိုင်းအာဏာပိုင်တွေ စဉ်းစားလာပါတယ်။ ဒီစိတ်ကူးကို အကောင်အထည်ဖော်နိုင်ရင်တော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ရွှေ့ပြောင်းရတဲ့ ဘေးရန်က ဒေသခံထားဝယ်သူ၊ ထားဝယ်သားတွေ ကင်းဝေးဖွယ်ရာ ရှိပါတယ်။