လွန်ခဲ့တဲ့ (၅) လက တရုတ် ဒု-သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နေပြည်တော်ကို ရောက်ရှိခဲ့ပြီး ရှေ့အပတ်မှာ ဝန်ကြီးချုပ် ဝမ်ဂျာဘောင်း (Wen Jiabiao) လာရောက်ဖို့ စီစဉ်တာကိုကြည့်ရင် တရုတ်-မြန်မာ ဆက်ဆံရေး အတိမ်အနက်ကို ခန့်မှန်းနိုင်ပါတယ်။ ဝမ်ဂျာဘောင်းဟာ ဗမာစစ်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံပြီး သဘောတူချက် အတော်များများကို လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ လောင်စာစွမ်းအာင်၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ စာချုပ်တွေကို လက်မှတ်ထိုးလိမ့်မယ်လို့ တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ မြန်မာပြည် တိုးတက်ဖွံ့ဖြိုးလာအောင် တရုတ်က ကူညီမယ်လို့ ဆိုပါတယ်။
တင်းမာနေတဲ့ တရုတ်-မြန်မာနယ်စပ်အရေးကို ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ပေမယ့် ဒီကိစ္စဟာ အရေးတကြီး ဆွေးနွေးရမယ့်ကိစ္စတခု ဖြစ်တယ်လို့ မြင်ကြပါတယ်။ ၂၀၀၉ ခုနှစ် သြဂုတ်လနှောင်းပိုင်းမှာ ကိုးကန့်တရုတ်ဒေသကို စစ်တပ်အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တဲ့ နေပြည်တော်ရဲ့ တဖက်သတ်လုပ်ရပ်ဟာ တရုတ်အစိုးရကို စိုးရိမ်ပူပန်စေပါတယ်။ တရုတ်အစိုးရဟာ ဟားပင်ကွန့်ချောင် ခေါ် ငြိမ်းချမ်းစာွအတူ ယှဉ်တွဲနေထိုင်ရေးနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးလမ်းစဉ်ကို ကျင့်သုံးတယ်လို့ ကြေညာထားပါတယ်။
တရုတ်ပြည် အဆက်မပြတ် ရှင်သန်တိုးတက်နေဖို့အတွက် နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းဖို့ လိုအပ်တယ်လိုပ တရုတ်အစိုးရက ယူဆပါတယ်။ တရုတ်ပြည်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံပေါင်း (၁၄) နိုင်ငံရှိတာကြောင့် ဒီနိုင်ငံတွေမှာ ပြဿနာပေါ်တာကို တရုတ်အစိုးရ မလိုလားပါဘူး။ ဒါကြောင့် ထိုင်း-မြန်မာ နယ်စပ်က လက်နက်ကိုင် ပဋိပက္ခမျိုး တရုတ်-မြန်မာနယ်စပ်ရောက်လာမှာကို တရုတ်က မလိုလားပါဘူး။ ကိုးကန့်တရုတ် ဖုန်ကြာရှင်နဲ့ နောက်လိုက်တွေ လောလောဆယ်မှာ အရေးနှိမ့်သွားတာနဲ့ နယ်စပ်ပြဿနာဟာ ပြေလည်သွားတာ မဟုတ်ပါဘူး။ ကိုးကန့်ဒေသမှာ တရုတ်စကားကိုသာပြောတဲ့ တရုတ်လူမျိုးများက လူများစုဖြစ်ပြီး လူဦးရေတသိန်းခွဲလောက် ရှိပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗမာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီးတဲ့နောက်ပိုင်း အနှစ် (၂၀) အတွင်း ကိုးကန့်မှာမြုပ်နှံတဲ့ တရုတ်အရင်းအနှီးလည်း များပြားလာပါတယ်။
ယူနန်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးမှာ မြန်မာပြည်ဟာ အရေးကြီးတဲ့ အခန်းက ပါဝင်တဲ့အတွက် တရုတ်-မြန်မာ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အရေးကြီးပါတယ်။ ဒီအချက်ကြောင့် ကိုးကန့်-တရုတ်ကိစ္စကို ရေရှည်ပြဿနာအဖြစ် မြင်ကြပါတယ်။ မြန်မာပြည်ကထွက်တဲ့ လောင်စာစွမ်းအင် အနည်းငယ်ရဖို့ကိုသာကြည့်ပြီး တရုတ်က ဆက်ဆံနေတာ မဟုတ်ပါဘူး။ မြန်မာ့လောင်စာစွမ်းအင်ဟာ အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှာ ဝင်ဆံ့နိုင်သလောက် များပြားတာ မဟုတ်ပါဘူး။ တိုးတက်နေတဲ့ နိုင်ငံကြီးတနိုင်ရဲ့ မဟာဗျူဟာတခုအနေနဲ့ ဗမာအစိုးရနဲ့ ဆက်ဆံနေတာလို့ ဆိုပါတယ်။
လက်ရှိအစိုးရခေတ် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဗမာက တရုတ်ကို အသုံးချတာက ပိုများပါတယ်။ ၁၉၈၈ နောက်ပိုင်း ကမ္ဘာ့အပယ်ခံ ဖြစ်သွားခဲ့တဲ့ ဗမာစစ်အစိုးရဟာ ဒေသဆိုင်ရာက လက်ခံလာအောင် တရုတ်ကို အသုံးပြုတာ ထင်ရှားတဲ့အချက်တခုပါ။ တရုတ်ကြီးစိုးမှာ စိုးရိမ်တဲ့အတွက် ဗမာစစ်အစိုးရကို အာဆီယံအဖွဲ့ထဲ ဝင်ခွင့်ပေးလိုက်ရသလို၊ အိန္ဒိယက ပြန်လည်ပေါင်းသင်းလာတာဟာလည်း မြန်မာပြည်မှာ တရုတ်ကြီးစိုးမှာ စိုးရိမ်လို့ ဖြစ်ပါတယ်။
ဗမာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ တရုတ်ဟာ လက်တွေ့ကျတဲ့လမ်းစဉ်ကိုသာ ကျင့်သုံးပါတယ်။ အတင်းအကျပ် တိုက်တွန်းတာမျိုးမလုပ်ပဲ လမ်းခင်းပေးတဲ့ သဘောမျိုးသာ လုပ်တတ်ပါတယ်။ တရုတ်နဲ့ ဗိယက်နမ် ဈေးကွက်ပုံစံ ကျင့်သုံးဖို့ ဗမာစစ်အစိုးရကို တရုတ်က အကြံပေးခဲ့တာကြာပြီ ဖြစ်ပေမယ့် ဂရုစိုက်ပုံ မရပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမလုပ်တာကို တရုတဘာမှ မတတ်နိုင်ဘူးလို့ ယူနန်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာန ပါမောက္ခ ချန်ယန်းလီ က ပြောဆိုပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ အကြံပေးရုံလောက်သာ တရုတ်က လုပ်နိုင်ပါတယ်။
တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တချိန်က တရုတ်အကူအညီရယူခဲ့သူတွေ ဖြစ်ပါတယ်။ အခုလည်း တရုတ်ပြည်နဲ့ အဆက်အသွယ် ပိုများတဲ့ဒေသတွေဖြစ်လို့ မြန်မာနဲ့ အဆက်အသွယ်မလုပ်ပဲ နေလို့ရတဲ့ နယ်စပ်ဒေသတွေပါ။ ဒါကြောင့် ကိုးကန့်၊ ဝ၊ မိုင်းလား နဲ့ ကချင် ပြဿနာကို ဖြေရှင်းရာမှာ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ နယ်စပ်ဒေသအရေးဟာ တရုတ်-မြန်မာ နှစ်နိုင်ငံစလုံးအတွက် အရေးကြီးပါတယ်။ တရုတ်-မြန်မာ နယ်စပ်ဒေသက တိုင်းရင်းသားပြဿနာဟာ တရုတ်ပြည်နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ပြဿနာဖြစ်တဲ့အတွက် နေပြည်တော်အနေနဲပ လုပ်နေကျအတိုင်း တဖတ်သတ်လုပ်ဖို့ အခက်အခဲ ရှိနေပုံရပါတယ်။
တရုတ်-မြန်မာနယ်စပ်ဒေသအရေးဟာ အတိမ်းအစောင်းမခံတဲ့ ပြဿနာဖြစ်ပါတယ်။ ဗမာစစ်အစိုးရကို တရုတ်က ကူညီသလို တရုတ်အနွယ်ဝင် နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ကူညီနေတယ်လို့ မြင်ကြပါတယ်။ မြန်မာမင်းဆက်တွေ နိဂုံးချုပ်ရတဲ့အကြောင်းရင်းတွေထဲမှာ နိုင်ငံခြားနဲ့ မဆက်ဆံတတ်တာလည်း ပါဝင်ပါတယ်။ တရုတ်နဲ့ မဆက်ဆံတတ်လို့ ပုဂံခေတ် နိဂုံးချုပ်ခဲ့ရပြီး အင်္ဂလိပ်နဲ့ မဆက်ဆံတတ်လို့ ကုန်းဘောင်ခေတ် နိဂုံးချုပ်သွားတာဟာ ထင်ရှားတဲ့ သမိုင်းသင်ခန်းစာတွေ ဖြစ်ကြပါတယ်။