စစ်အုပ်စုရဲ့ ဦးပိုင်ကုမ္မဏီတွေ၊ စွမ်းရည်မရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ အခွင့်ထူးခံတစု ကြီးစိုးနေတဲ့ မြန်မာစီးပွားရေးမှာ တခြားလုပ်ငန်းကြီးငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင် လုပ်ဖို့လိုကြောင်း မေလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ESCAP (ခေါ်) ကုလသမဂ္ဂ အာရှပစ္စဖိတ် လူမှုစီးပွားရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အရပ်သားတပိုင်းအစိုးရက ကြိုးစားပြီး ပြုပြင်ပြောင်းလဲနေပေမယ့် ချုပ်ချယ်ကန့်သတ်မှုတွေ ရှိနေသေးတာဟာ ကုန်ထုတ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ဟန့်တားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ လုပ်ငန်းအသေးစားနဲ့ အလတ်စားတွေ များပြားလာဖို့ လိုပါတယ်။
စစ်အစိုးရဟာ ချုပ်ချယ်ကန့်သတ်မှုတွေလုပ်ပြီး နီးစပ်တဲ့အသိုင်းအဝိုင်းကိုသာ လုပ်ပိုင်ခွင့်ပေးတာကြောင့် အခွင့်ထူးခံလူတန်းစား ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ပိုင်းရဲ့ ဆွေမျိုးသားချင်းတွေ အခွင့်ထူးခံဖြစ်လာသလို သူတို့နဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားလည်း အထူးလုပ်ပိုင်ခွင့်ရကြပါတယ်။ အခုတော့ အခွင့်ထူးခံတွေဟာ ဆက်လက်ကြီးပွားချမ်းသာနိုင်အောင် အသွေးအရောင်ပြောင်းဖို့ ကြိုးပမ်းနေကြောင်း ဧပြီလ (၁၂) ရက်နေ့ထုတ် ရိုက်တာသတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ရိုက်တာသတင်းထောက် (၄) ဦးက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်းပြီး ရေးထားတာဖြစ်ပါတယ်။ စစ်အစိုးရခေတ် (၂၂) နှစ်မှာ ကုဋေကြွယ်သူဌေးမိသားစု (၂၀) လောက်ရှိပေမယ့် နာမည်ကြီး ပုဂ္ဂိုလ် (၇) ဦး ခေတ်နဲ့အညီ အသွေးအရောင်ပြောင်းဖို့ ကြိုးပမ်းကြပုံကို ဖော်ပြထားပါတယ်။ လောဘကို အတောသပ်ပြီး ပရဟိတလုပ်ငန်းတွေကို စိတ်ဝင်စားလာတဲ့ သူဌေးကြီးဦးတေဇ လို ပုဂ္ဂိုလ်မျိုးရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးချင်တဲ့ သူဌေးဦးဇော်ဇော် နဲ့ ဦးမိုးမြင့် တို့လို ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ကမ္ဘောဇ ဦးအောင်ကိုဝင်း နဲ့ လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေ တို့ကိုလည်း အသွင်အပြင်ပြောင်းလဲဖို့ ကြိုးပမ်းတဲ့ သူဌေးတွေအဖြစ် ဖော်ပြထားပါတယ်။ Steven Law (ခေါ်) ဦးထွန်းမြင့်နိုင် ကိုတော့ အပြင်လောကနဲ့ အဆက်အသွယ်နည်းသူအဖြစ် ဖော်ပြထားပါတယ်။
မြန်မာပြည်မှာ ၁၉၈၈ က စစ်အစိုးရတက်လာပြီး စီးပွားရေးသမားတစု ချမ်းသာလာပုံနဲ့ ဆူဟာတိုခေတ် အင်ဒိုနီးရှားမှာ လူတစုချမ်းသာလာပုံနဲ့ အလွန်တူတယ်လို့ ယေးလ်တက္ကသိုလ် ဥပဒေပါမောက္ခ အေမီချူး က သုံးသပ်ခဲ့ပါတယ်။ တရုတ်စီးပွားရေးသမားတွေကို အားကိုးလွန်တဲ့ ဆူဟာတို အစိုးရ ပြုတ်ကျသွားတာနဲ့ တရုတ်ဆန့်ကျင်ရေး အထိကရုဏ်းဖြစ်ပွားပုံဟာ အင်မတန် သင်ခန်းစာယူစရာ ကောင်းတယ်လို့ ဒေါက်တာအေမီးချူး က ဆိုပါတယ်။ တရုတ်သူဌေးတွေ ငွေထုပ်ပိုက်ပြီး စင်္ကာပူကို ထွက်ပြေးတဲ့အခါမှာ အင်ဒိုနီးရှားမှာ ငွေပင်ငွေရင်း ကုန်ခမ်းသလောက် ဖြစ်သွားပါတယ်။ အင်ဒိုနီးရှား သန်းကြွယ်သူဌေး နှစ်သောင်းလောက် စင်္ကာပူမှာ ခိုလှုံနေကြပါတယ်။ ဗမာစစ်အုပ်စု အသိုင်းအဝိုင်းရဲ့ ဒေါ်လာငွေမဲကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာလည်း စင်္ကာပူဟာ နာမည်ကြီးပါတယ်။
ဘိန်းမှောင်ခိုတဖြစ်လည်း ဒေါ်လာကုဋေရာကျော်ပိုင်ရှင် ကိုးကန့်တရုတ် လော်စစ်ဟန် နဲ့ သားဖြစ်သူ ဦးထွန်းမြင့်နိုင် ဦးဆောင်တဲ့ Asia World ကုမ္မဏီဟာ အင်ဒိုနီးရှား တရုတ်သူဌေး Sudono Salim ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ အသွင်တူပါတယ်။ အနှစ် (၃၀) ကျော် ဆူဟာတိုအစိုးရနဲ့ အပေးအယူလုပ်ခဲ့တဲ့ တရုတ်သူဌေးဟာ ဆူဟာတို ပြုတ်ခါနီးမှာ ကုမ္မဏီ ငါးရာကျော်နဲ့ ဒေါ်လာသန်းပေါင်း နှစ်သောင်းကျော် ပိုင်နေပါပြီ။ ဦးထွန်းမြင့်နိုင်ကတော့ စင်္ကာပူသူနဲ့ အိမ်ထောင်ကျတဲ့အတွက် စင်္ကာပူမှာလည်း ကုမ္မဏီတွေ ရှိပါတယ်။ ဦးထွန်းမြင့်နိုင်ရဲ့ မင်္ဂလာဆောင်ကို ဝန်ကြီးဗိုလ်ချုပ် (၇) ဦး တက်ရောက်ကြပြီး အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ အမျိုးသားပွဲတော်လို ဖော်ပြတာတွေ့ရပါတယ်။
ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ ကြိုးပမ်းတဲ့အခါ ခေတ်သူဌေးလူတန်းစာဟာ သူတို့သားသမီးတွေကို အရိုက်အရာဆက်ခံစေပြီး အသွေးအရောင်ပြောင်းဖို့ ကြိုးစားကြပြန်ပါတယ်။ မိဘကို အရေးယူထားပေမယ့် သားသမီးတွေကို ကင်းလွတ်ခွင့်ပေးတဲ့ သာဓကရှိပါတယ်။ သားစဉ်မြေးဆက် ဆက်ခံလုပ်ကိုင်လာတဲ့အတွက် အရင်ကရှိခဲ့တဲ့ အမည်ဆိုး မှေးမှိန်ပျောက်ကွယ်သွားပုံကို ဘိန်းမှောင်ခိုတွေမှာ အထင်အရှားတွေ့နိုင်ပါတယ်။ အထင်ရှားဆုံးက ဦးလော်စစ်ဟန် မိသားစု ဖြစ်ပါတယ်။
မူးယစ်ဆေးအမှုနဲ့ ထိုင်းနဲ့မြန်မာမှာ ထောင်ကျခဲ့ဖူးတဲ့ ကိုးကန့်တရုတ်လော်စစ်ဟန် ခေတ်သစ်သူဌေးဖြစ်လာအောင် စစ်အစိုးရက လမ်းခင်းပေးတာပါ။ ဦးလော်စစ်ဟန်ရဲ့သား Steven Law (ခေါ်) ဦးထွန်းမြင့်နိုင် ကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာတော့ ဦးထွန်းမြင့်နိုင်ဟာ အစိုးရလူယုံ ဖြစ်နေပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးမှာ ဦးထွန်းမြင့်နိုင် လိုက်ပါသွားပြိး စကားပြန်လုပ်ပေးတဲ့အထိ တရုတ်-မြန်မာ ဆက်ဆံရေးမှာ အရေးပါနေပါတယ်။ အခွင့်ထူးခံ စီးပွားရေးသမားတွေ ဆက်လက်ကြီးစိုးဦးမှာ ဖြစ်ပေမယ့် မှတ်ပုံမတင်တဲ့ လုပ်ငန်းလေးတွေ ရှင်သန်လာမှသာ တပြည်လုံးအတိုင်းအတာနဲ့ တိုးတက်နိုင်မှာဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။