တရုတ်-မြန်မာ နယ်စပ်ဒေသအရေး

တရုတ်-မြန်မာ နယ်စပ်ဒေသအရေး

မတ်လကုန်ပိုင်းက ဖွဲ့စည်းလိုက်တဲ့ ဗမာအစိုးရသစ်ကို တရုတ်အစိုးရက ချီးကျူးဂုဏ်ပြုလိုက်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်တာမျိုးတွေ မလုပ်ဖို့ တခြားအစိုးရတွေကို သတိပေးလိုက်ပါတယ်။ ဧပြီလဆန်းပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုရဲ့ အမြဲတမ်းအဖွဲ့ဝင်နဲ့ အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ကျာချင့်လင် (Jai Qinglin) ခေါင်းဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားတဲ့အတွက် ဗမာအစိုးရသစ်ကို ပထမဆုံးတွေ့ဆုံတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်သွားတဲ့အတွက် ဗမာအစိုးရသစ်ကို ပထမဆုံးတွေ့ဆုံတဲ့ နိုင်ငံခြားခေါင်းဆောင် ဖြစ်သွားပါတယ်။

နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကျာချင့်လင် က ပြောသွားခဲ့ပါတယ်။ နောက် တလကျော်ကြာတော့ မေလ (၁၂) ရက်နေ့မှာ တရုတ် ဗဟိုစစ်မင်ရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီဟိုင်ဟို့ (Xu Caihou) ခေါင်းဆောင်တဲ့ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့ လာရောက်ပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ချစ်ကြည်ရေးကို မြှင့်တင်ရာမှာ နှစ်နိုင်ငံ စစ်တပ်တွေ ပူးတွဲဆောင်ရွက်ပြီး ဒေသဆိုင်ရာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းရမယ်လို့ ဗိုလ်ချုပ်ကြီး ရှီဟိုင်ဟ့ို က ပြောသွားပါတယ်။ နှစ်နိုင်ငံ စစ်တပ်တွေ ပူးပေါင်းဆောင်ရွက်ရေးအတွက် ရှီဟိုင်ဟို့ က အချက် သုံးချက် တင်ပြသွားကြောင်း မေလ (၁၂) ရက်နေ့ တရုတ်အစိုးရ ရှင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။ ပထမအချက်က ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာအောင် အပြန်အလှန် ယုံကြည်မှုမြှင့်တင်ဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်က ဆက်သွယ်ညှိနှိုင်းမှုအားဖြည့်ပြီး နှစ်နိုင်ငံရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ တတိယအချက်က နှစ်နိုင်ငံစစ်တပ်တွေ ချစ်ကြည်ရင်းနှီးလာရအောင် လက်တွေ့ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ဗမာအစိုးရသတင်းစာတွေမှာ ထိမ်ချန်ထားပါတယ်။

ကိုးကန့် တရုတ်ကို ဗမာအစိုးရက တဖတ်သတ် ထိုးစစ်ဆင်တာမျိုးမဖြစ်ဖို့ တရုတ်က လိုလားနေတာ ထင်ရှားနေပါတယ်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေဟာ မြန်မာပြည်မှာရော တရုတ်ပြည်မှာရော နေထိုင်လာတာ နှစ်ပေါင်းရာထောင်ချီနေပါပြီ။ ဝ၊ လားဟူ၊ လီစူး၊ ဂျိမ်းဖော၊ ဒိုင်း စတဲ့ လူမျိုးစုတွေဟာ မြန်မာ-ယူနန်နယ်စပ်ဒေသမှာ နေထိုင်ကြပါတယ်။ ယူနန်အနောက်တောင်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ဝလူမျိုး ငါးသိန်းလောက် နေထိုင်ပါတယ်။ ရှမ်းအနွယ်ဝင် ဒိုင်းလူမျိုးအများစုဟာ ယူနန်-မြန်မာ-လာအို နယ်စပ်ဒေသ ရှိရှောင်ပနား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ နေထိုင်ပါတယ်။ ဒီဒေသဟာ လားဟူနဲ့ အခါလူမျိုးစုတွေ နေထိုင်ရာ အရပ်လည်းဖြစ်ပါတယ်။ ဒိုင်းလူမျိုးများဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး နွေဦးရာသီမှာ ရေပက်ဖျန်းပွဲ ကျင်းပကြပါတယ်။ နက္ခတ်ပညာနဲ့ စာပေအနုပညာမှာ ဒိုင်းလူမျိုးစုဟာ အစဉ်အလာကြီးမားပါတယ်။ ကချင်-ယူနန်နယ်စပ် နုကျန်လီစူး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ကချင်မျိုးနွယ်ဝင် လီစူး (၆) သိန်းကျော် နေထိုင်ပါတယ်။ ယူနန်မှာ ဂျိမ်းဖောလူဦးရေ (၂) သိန်းနီးပါး ရှိပါတယ်။ ဥပမာ ရွှေလီမြို့မှာ ဂျိမ်းဖော နဲ့ ဒိုင်းလူမျိုးစုဦးရေဟာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒီလူမျိုးစုတွေဟာ တရုတ်-မြန်မာနယ်စပ် နှစ်ဘက်စလုံးမှာ နှစ်ပေါင်းများစွာ နေထိုင်လာကြသူများ ဖြစ်ကြပါတယ်။ မိမိနေထိုင်ရာဒေသကို ချစ်ခင်မြတ်နိုးကြသူသတွေ ဖြစ်ပါတယ်။ ယူနန်ပြည်နယ်မှာ အနည်းဆုံး လူဦးရေ ငါးထောင်ကျော်ရှိတဲ့ တိုင်းရင်းသားလူမျိုးစု (၂၅) စု ရှိပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ (၈) ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင် (၂၇) ခုကို ၁၉၅၄ ကစပြီး တည်ထောင်ထားပါတယ်။ နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရတဲ့ လူမျိုးစုမြို့နယ်တွေပါ ပေါ်ပေါက်လာပါတယ်။ ဒီမြို့နယ်တွေမှာ လူမျိုးစုကသာ ခေါင်းဆောင်ပိုင်ခွင့်ရှိပါတယ်။ လူမျိုးစုကျောင်းတွေလည်း တည်ဆောက်ခွင့်ရှိပါတယ်။ တနည်းဆိုရင်တော့ ယူနန်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဂျိမ်းဖော်၊ လီစူး၊ ရှမ်း၊ အခါ၊ လားဟူ၊ ဝ စတဲ့ လူမျိုးစုတွေဟာ မြန်မာဘက်မှာ နေထိုင်သူတွေထက်ပိုပြီး လုပ်ပိုင်ခွင့်ရကြသလို ဖြစ်နေပါတယ်။

ဒီနေရာမှာ အလေးအနက် စဉ်းစားစရာရှိတာက လူမျိုးစုချင်း အတူတူဖြစ်ပေမယ့် တရုတ်ဘက်မှာ နေထိုင်ကြသူတွေဟာ အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ကြပြီး မြန်မာဘက်မှာ နေထိုင်သူတွေကတော့ မိမိကိုယ်မိမိ ကာကွယ်ဖို့အတွက် လက်နက်ကိုင်ဆောင် ထားရတာပဲ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ တရုတ်အစိုးရနဲ့ ဆက်ဆံရေး အဆင်ပြေနေတဲ့ နယ်စပ်ဒေသလူမျိုးစုတွေဟာ ဗမာအစိုးရနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေရတာပါ။ တဖတ်သတ် အမိန့်ပေးတဲ့ နည်းစနစ်ဟာ နိုင်ငံရေးမှာ မအောင်မြင်ကြောင်း နယ်စပ်ဒေသလူမျိုးပြဿနာက သက်သေပြနေပါတယ်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လေလေ တရုတ်ကို မှီခိုတာများလေလေ ဖြစ်နေပုံ ရပါတယ်။ လူမျိုးတွေဟာ တနေရာတည်းသာ မဟုတ်ဘဲ ယူနန်-မြန်မာနယ်စပ် နေရာအနံှအပြားမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့ လူမှုရေး၊ စီးပွားရေး နဲ့ ယဉ်ကျေးမှု ဓလေ့တွေဟာ ဆက်စပ်နေတာကြောင့် နှစ်ဖက်စလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ရှိနေပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ လူကုန်ကူးမှု၊ လောင်ကစား နဲ့ လိင်လုပ်ငန်းကြောင့် HIV နဲ့ အခြား ကူးစက်ရောဂါပြန့်ပွားမှုတွေ၊ သံယံဇာတ ခိုးထုတ်မှုတွေ စတဲ့ ပြဿနာတွေကို ယူနန် နဲ့ မြန်မာနိုင်ငံတို့ ရင်ဆိုင်နေရပါတယ်။