မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုဟာ အကြာရှည်ဆုံး စစ်ပွဲတွေထဲမှာ ပါဝင်ပါတယ်။ ကေအန်ယူ ကရင်လက်နက်ကိုင် လှုပ်ရှားမှုဟာ အနှစ် (၆၀) ကျော်နေပြီး အခြားလက်နက်ကိုင် လှုပ်ရှားမှုတွေဟာလည်း အနှစ် (၅၀) ကျော် သက်တမ်းရှိပါတယ်။ တိုင်းရင်းသားအရေးဟာ အရေးကြီးကြောင်း ရေရှည်လက်နက်ကိုင်ပဋိပက္ခ က သက်သေပြနေပါတယ်။ လူမျိုးရေးဟာ ယဉ်ကျေးမှုနဲ့ ယုံကြည်မှု ကွဲပြားခြားနားတဲ့ ရှေးအစဉ်အလာမှာ အခြေခံတဲ့အတွက် ပြည်တွင်းစစ်ဟာ နိုင်ငံအချင်းချင်း ဖြစ်ပွားတဲ့စစ်ပွဲတွေထက် ပိုပြီးရေရှည်ခံတယ်လို့ သုံးသပ်ကြပါတယ်။ လူမျိုးရေးစိတ်ဓါတ်ဟာ ကွယ်ပျောက်ဖို့ အလွန်ခက်ခဲပါတယ်။
ဒါပေမဲ့ နယ်စပ်ဒေသ တိုးတက်ဖွံ့ဖြိုးပြီး အဆက်အဆံများလာရင် ပဋိပက္ခရဲ့အကြောင်းရင်းတခုဖြစ်တဲ့ လူမျိုးစွဲစိတ်ဓါတ် ကွယ်ပျောက်သွားလိမ့်မယ်လို့ ဧပြီလ (၂၃) ရက်က ကျင်းပခဲ့တဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။ လူမျိုးရေးစိတ်ဓါတ်မရှိရင် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ရနိုင်တဲ့အတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေထဲမှာ ဗမာအရင် မြန်မာပြည်ထဲ ရောက်နေသူတွေရှိတာကို သတိထားဖို့လိုပါတယ်။
လူနည်းစုကို ကာကွယ်တဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေ ရှိပါတယ်။ လူမျိုးစု၊ ဘာသာရေးအုပ်စုစတဲ့ အမျိုးသားအုပ်စုလေးတွေကို ဖျက်ဆီးချေမှုန်းတာမျိုး မလုပ်ဖို့ ၁၉၄၈ ခုနှစ်ကစပြီး ကုလသမဂ္ဂက အစိုးရတွေကို ပိတ်ပင်ထားပါတယ်။ ဒါတင်မကသေးပါဘူး လူနည်းစုတွေရဲ့ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနဲ့ လူမျိုးရေးအသွင်လက္ခဏာတွေကို ကာကွယ်ထိန်းသိမ်းဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ ပြဋ္ဌာန်းတဲ့ တိုင်းရင်းသားအခွင့်အရေး ကြေညာစာတမ်းမှာ ဆိုပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ကြေညာစာတမ်းတွေကို မလိုက်နာလို့ အရေးယူနိုင်တာ မဟုတ်တဲ့အတွက် တိုင်းရင်းသားလူနည်းစုတွေ ဒုက္ခရောက်ရတာ ဖြစ်ပါတယ်။ မြန်မာပြည်က လူမျိုးရေးပဋိပက္ခမှာ ရောထွေးယှက်တင်ပါဝင်နေတဲ့ ထိုင်းနဲ့တရုတ်ဟာလည်း ဒီပြဿနာကို ဖြေရှင်းရာမှာ အနည်းနဲ့အများ တာဝန်ရှိတယ်လို့ သုံးသပ်ကြပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်အစိုးရတက်လာပြီး မကြာမီ ဒေသခံ ပြည်သူလူထုနဲ့ ကရင်လက်နက်ကိုင်အကြား အဆက်အသွယ်ပြတ်သွားအောင် အစိုးရတပ်က ဖြတ် (၄) ဖြတ် လမ်းစဉ်ကျင့်သုံးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရိက္ခာ၊ ရန်ပုံငွေ၊ စစ်သား နဲ့ သတင်းမစုဆောင်းနိုင်အောင် ဖြတ်တောက်တဲ့ လမ်းစဉ်ဖြစ်တဲ့အတွက် သူပုန်ကျက်စားရာအရပ်က ပြည်သူလူထုဟာ အတင်းအဓမ္မ ရွှေ့ပြောင်းခံရပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်မှာ အစိုးရတပ်တွေ ကိုယ့်ဝမ်းစာကိုယ်ရှာစားတဲ့စနစ် ကျင့်သုံးလာတာဟာလည်း ဒေသခံပြည်သူလူထုကို အကြီးအကျယ် ဒုက္ခရောက်စေပါတယ်။ ပြည်သူလူထုရဲ့ လယ်ယာမြေနဲ့ အခြားလုပ်ငန်းတွေကို အစိုးရတပ်ကသိမ်းယူပြီး စီးပွားရှာတဲ့ လမ်းစဉ်ဖြစ်ပါတယ်။ ဒီလို အနိုင်ကျင့်လေလေ ဗမာအစိုးရကို အယုံအကြည် နည်းလေလေ ဖြစ်နေပါတယ်။
၁၉၆၃-၆၄ မှာ စစ်အစိုးရနဲ့ ကေအန်ယူ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပါတယ်။ နောက်အနှစ် (၃၀) ကျော်ကြာတော့ ၁၉၉၄ မှာ ပြန်လည်ဆွေးနွေးပါတယ်။ ၂၀၀၄ ဇန်နဝါရီလမှာ ဗိုလ်ချုပ်မြ နဲ့ ဗိုလ်ချုပ်ခင်ညွှန့် တို့ ရန်ကုန်မှာ ဆွေးနွေးကြတဲ့အတွက် အပစ်အခတ်ရပ်စဲဖို့ အခွင့်အလမ်းပွင့်သွားပါတယ်။ ဒါပေမဲ့ ဖေဖေါ်ဝါရီလ ညောင်လေးပင်မြို့နယ်မှာ ကေအန်ယူ က အစိုးရတပ်တွေကို တိုက်ခိုက်တဲ့ဖြစ်ရပ်နဲ့ အောက်တိုဘာမှာ ဗိုလ်ချုပ်ခင်ညွှန့် အဖြုတ်ခံလိုက်ရတာကြောင့် ကရင်ပြဿနာကို ဆွေးနွေးဖြေရှင်းနိုင်မယ့် အခွင့်အလမ်း နည်းပါးသွားပါတယ်။ ၂၀၀၅ မှာ မော်လမြိုင် နဲ့ မြဝတီမှာ ဆွေးနွေးပေမယ့် အကြောင်းမထူးတော့ပါဘူး။ အစိုးရအဖွဲ့ထဲမှာ အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်သူတွေ ကြီးစိုးလာပါတယ်။ အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အစိုးရတပ်လက်အောက်မှာထားဖို့ စီစဉ်တာကိုကြည့်ရင် တိုင်းရင်းသားနဲ့ စေ့စပ်ဆွေးနွေးတာမျိုး မလုပ်လိုသူတွေ ကြီးစိုးလာတာ ထင်ရှားတယ်လို့ သုံးသပ်ကြပါတယ်။
အစိုးရတပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး သဘာဝ သယံဇာတတွေကို ရောင်းစားကြပြီး ရန်ပုံငွေ ရှာကြပါတယ်။ ဒေသခံလူထုကို ဆက်ကြေးကောက်ပြီး ရန်ပုံငွေရှာတာလည်း ရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း ရန်ပုံငွေ ရကြပါတယ်။ ဈေးကွက်ခေတ်ရောက်လာတော့ မြန်မာ-ထိုင်း နဲ့ တရုတ်ကုမ္မဏီတွေဟာ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ နားလည်မှုယူပြီး စီးပွားရှာကြပါတယ်။ အရင်ထက်ပိုပြီး ရန်ပုံငွေတောင့်တင်းလာတဲ့အဖွဲ့ရှိသလို ရန်ပုံငွေကျဆင်းသွားသူတွေလည်း ရှိပါတယ်။
ဒီနေရာမှာ လာအိုနိုင်ငံက မုံ (Hmong) လက်နက်ကိုင်လှုပ်ရှားမှု ကျဆင်းသွားပုံကို သင်ခန်းစာယူနိုင်ပါတယ်။ မုံတိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက မုံဒုက္ခသည်စခန်းတွေကို မှီခိုလေ့ရှိပါတယ်။ မုံဒုက္ခသည်စခန်းတွေကို ထိုင်းအစိုးရက ပိတ်ပင်လိုက်တဲ့အခါမှ မှီခိုစရာစခန်း မရှိတော့တဲ့အတွက် မုံလက်နက်ကိုင်လှုပ်ရှားမှုဟာ အကွဲကွဲအပြားအပြာ်း ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရကတော့ လက်နက်ကိုင်လှုပ်ရှားမှုကို အကြောင်းပြပြီး တိုင်းရင်းသားနယ်မြေမှာ စစ်တပ်တိုးချဲ့ထားပါတယ်။ ဒါကြောင့် ထိုင်း-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆက်လက် ရှင်သန်ရေးဟာ ပြောင်းလဲလာတဲ့ စီးပွားရေး၊ နိုင်ငံရေး နဲ့ စစ်ရေးအခြေအနေကို ကိုင်တွယ်နိုင်တဲ့အပေါ်မှာ မူတည်နေတယ်လို့ သုံးသပ်ကြပါတယ်။