လစ်ဗျားပြည်သူပြည်သားတွေကို ဂဒါဖီ () တပ်တွေရဲ့ ဘေးရန်က ကာကွယ်ဖို့အတွက် စစ်အင်အားအသုံးပြုဖို့ ကုလသမဂ္ဂ လုံခြုံရေးကေင်စီက မတ်လက ဆုံးဖြတ်တဲ့အခါ ကန့်ကွက်သူမရှိလို့ မဲခွဲစရာတောင်မလိုတာ တွေ့ရပါတယ်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျာမဏီ နဲ့ ဘရာဇီး တို့က မဲမပေးဘဲရှောင်နေလို့ လစ်ဗျားအစိုးရကို မြန်မြန်ဆန်ဆန် အရေးယူနိုင်တာ ဖြစ်ပါတယ်။ အရပ်သားတွေကို မင်းဆိုမင်းညစ်ရန်က ကာကွယ်ဖို့ တာဝန် ရှိတယ်ဆိုတဲ့ မူဝါဒ Responsibility to Protect ကို ကျင့်သုံးတဲ့ လုပ်ရပ်အဖြစ် ထောက်ခံကြပါတယ်။
တိုင်းသူပြည်သားတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ မျိုးပြုတ်အောင် တိုက်ခိုက်မှု၊ လူသားအားလုံး အပေါ် ရာဇဝတ်မှု ကျူးလွန်မှုစတဲ့ အမှုတွေမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ပါတယ်။ လုံခြုံရေး ကောင်စီက စုပေါင်းအရေးယူရမည်လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်းဆိုးမင်းညစ်တိုင်းကို အရေးယူမှာတော့ မဟုတ်ပါဘူး။ တိုင်းသူပြည်သားကို ရန်ငြိုးထားပြီး မျိုးပြုတ်အောင် သတ်ဖြတ်နေတဲ့ မင်းဆိုးမင်းညစ်လို့ လုံခြုံရေးကောင်စီက သတ်မှတ်မှသာ အရေးယူနိုင်ပါလိမ့်မယ်။ လုံခြုံရေးကောင်စီဟာ မြန်မာ့ကိစ္စမှာ ဒီလို ဆုံးဖြတ်ချက်မျိုး မချမှတ်ဘဲ ဖြစ်နေပါတယ်။
ဗမာအစိုးရကို ၂၀၀၇ ခုနှစ်မှာ ဒဧ်ခတ်အရေးယူဖို့ နဲ့ ဇင်ဘာဘွေအစိုးရကို ၂၀၀၈ ခုနှစ်မှာ ဒဏ်ခတ် အရေးယူ ဖို့ လုံခြုံရေးကောင်စီက ကြိုးပမ်းတုန်းက တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ ဗမာနဲ့ ဇင်ဘာဘွေကို ဒဏ်ခတ်တာကို အာဆီယံနဲ့ အာဖရိကယူနီယံတို့လို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက မထောက်ခံခဲ့ပါဘူး။ လစ်ဗျားကိစ္စမှာတော့ အာဖရိကနဲ့ အာရပ်အဖွဲ့အစည်းတွေကပါ ထောက်ခံတာမို့ ဗီတို အာဏာသုံးရင် တရုတ်ဟာ အထီးကျန်ဖြစ်သွားနိုင်ပါတယ်။ လစ်ဗျားကို ထောက်ခံဖို့ အကြောင်းမရှိတာကို တရုတ်အမျိုးသမီးသုတေသီ ယွန်ဆွန်းက ထောက်ပြထားပါတယ်။ ၂၀၀၆ မှာ ထိုင်ဝမ်သမ္မတကို လစ်ဗျားက ဖိတ်ကြားတဲ့ကိစ္စနဲ့ ဘေဂျင်းမှာ ကျင်းပတဲ့ အာဖရိကထိပ်သီးညီလာခံကို ကဒါဖီ မတက်တာဟာ တရုတ်ကို စိတ်ခုသွားစေတယ်လို့ ဆိုပါတယ်။ ပိုဆိုးသွားတာကတော့ ၂၀၀၉ တရုတ်-အာဖရိက ဆွေးနွေးပွဲမှာ အာဖရိကမှာ တရုတ်ခေါင်းပုံဖြတ်ပုံတွေကို လစ်ဗျားကိုယ်စားလှယ်က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်အစိုးရ ၁၉၇၁ ခုနှစ် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာကတည်းက ဗီတိုအာဏာ (၆) ကြိမ်သာ သုံးကြပါတယ်။ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး နှစ်ကြိမ်၊ တတိယကမ္ဘာအုပ်စုကို ထောက်ခံတဲ့အနေနဲ့ နှစ်ကြိမ်၊ မြန်မာနဲ့ ဇင်ဘာဘွေမှာ နှစ်ကြိမ် စုစုပေါင်း ခြောက်ကြိမ်သာ သုံးပါတယ်။ ဒီ ခြောက်ကြိမ်ကလွဲပြီး တရုတ်ဟာ မဲဆန္ဒမပေးဘဲ ရှောင်းရှားတဲ့နည်း သို့မဟုတ် မဲမပေးဘဲနေတဲ့ နည်းကိုသာ အသုံးပြုတာ တွေ့ရ ပါတယ်။ ပြဿနာကို သက်ဆိုင်သူအချင်းချင်း ဖြေရှင်းဖို့သာ တရုတ်က လိုလားပါတယ်။ ဒါကြောင့် ပြည်တွင်းရေး စွက်ဖက်တယ် သို့မဟုတ် လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ထိခိုက်တယ်လို့ ယူဆတဲ့ ဆုံးဖြတ်ချက်မျိုးကို တရုတ်က ရှောင်ရှားပါတယ်။ ဥပမာ တရုတ်အကျိုးစီးပွား အများကြီးရှိတဲ့ ဆူဒန်နိုင်ငံ ကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ငါးကြိမ် ဆုံးဖြတ်ရာမှာ တရုတ်ကိုယ်စားလှယ်ဟာ ငါးကြိမ်စလုံး အစည်းအဝေးမတက်ဘဲ ရှောင်ရှားခဲ့ပါတယ်။
ဆူဒန်နိုင်ငံပြဿနာကို ဆူဒန်အစိုးရနဲ့ အာဖရိကအဖွဲ့က ဖြေရှင်းရမယ်လို့ တရုတ်က မြင်ပါတယ်။ ကုလသမဂ္ဂ ခွင့်ပြုချက်ယူပြီး စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာကိုလည်း တရုတ်က လက်မခံပါဘူး။ ကူဝိတ်ကို သိမ်းပိုက် ထားတဲ့ အီရတ်စစ်တပ်ကို တိုက်ထုတ်ဖို့ ၁၉၉၀ မှာ လုံခြုံရေးကောင်စီက ဆုံးဖြတ်တုန်းကလည်း တရုတ်က အစည်းအဝေးမတတ်ဘဲ ရှောင်နေခဲ့ပါတယ်။ ဆွေးနွေးပွဲအားလုံးကို တရုတ်က လိုက်တက်ပြီး မဲပေးရမယ့် အစည်းအဝေးတွေကိုသာ ရှောင်လိုက်တာကိုကြည့်ရင် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာ မိတ်ပျက်မယ့် ကိစ္စကို တရုတ်ကမလုပ်ချင်တာ ထင်ရှားပါတယ်။
အီရန်ရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကို တရုတ်ကတင်သွင်းပြီး အီရန်နိုင်ငံမှာ ဒေါ်လာသန်းပေါင်းများစွာ ရင်နှီး မြုပ်နှံထားတာကြောင့် အီရန်ကို အရေးယူတဲ့ ဆုံးဖြတ်ချက် လုံခြုံရေးကောင်စီမှာ ချမှတ်ရင် တရုတ်က ဗီတိုအာဏာသုံးပြီး ပယ်ချလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ အီရန်ရဲ့ အဏုမြူကိစ္စ လုံခြုံရေးကောင်စီ ရောက်မလာအောင် ကုလသမဂ္ဂ အဏုမြူစွမ်းအင်အေဂျင်စီ နဲ့ ဆွေးနွေးညှိနှိုင်းဖို့ တရုတ်က အကြံပေးခဲ့ ပါတယ်။ အီရန်က ခေါင်းမာပြီ တရားသေ ရပ်တည်တဲ့အတွက် တရုတ်လည်း ဘာမှမတတ်နိုင်တော့ဘဲ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးလိုက်ပါတယ်။
ဗီတိုကန့်ကွက် မဲပိုင်ရှင် အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား နဲ့ တရုတ် တို့ဟာ လုံခြုံရေးကောင်စီမှာ ကြီးစိုးနေပါတယ်။ စစ်အေးခေတ်မှာ ဆိုဗီယက်တို့က (၁၁၉) ကြိမ်၊ အမေရိကန်က (၇၁) ကြိမ်၊ အင်္ဂလိပ်က (၃၂) ကြိမ်၊ ပြင်သစ်က (၁၉) ကြိမ် ဗီတိုကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။ စစ်အေးခေတ်ကုန်ဆုံးတော့ ပဋိပက္ခ နည်းလာတဲ့အတွက် ၁၉၉၀ နောက်ပိုင်းမှာ အမေရိကန်က (၁၁) ကြိမ်၊ ရုရှားက (၃) ကြိမ် ဗီတိုကန့်ကွက်မဲ များကို သုံးခဲ့ပါတယ်။ ဒါကြောင့် မြန်မာကိစ္စမှာလည်း တရုတ်အနေနဲ့ သဘောမကျစရာ တွေ့လာမှသာ လုံခြုံရေးကောင်စီမှာ ရှောင်နေဖို့ အလားအလာ ရှိပါတယ်။