Quintana နဲ့ ဗမာအစိုးရ

Quintana နဲ့ ဗမာအစိုးရ

လူ့အခွင့်အရေးကောင်စီကို ဗမာအစိုးရတင်သွင်းတဲ့ အစီရင်ခံစာ နိဂုံးပိုင်းမှာ လူ့အခွင့်အရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ဖော်ပြထားပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ပေးတာကို ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဗမာအစိုးရက သတ်မှတ်ထားပုံရပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ မစ္စတာ ယိုဇို ယိုကိုတာ (Yozo Yokota) ကို (၄) ကြိမ်ဝင်ခွင့်ပြုပြီး၊ မစ္စတာ ပင်ညဲရိုး (Paulo Sergio Pinheiro) ကို (၇) ကြိမ်၊ မစ္စတာ ကင်တားနား (Tomás Ojea Quintana) ကို (၃) ကြိမ် ပြည်ဝင်ခွင့်ပေးတာကို ဗမာအစိုးရအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေကို လစ်လျူရှုထားတာကိုတော့ မဖော်ပြပါဘူး။

မစ္စတာကင်တားနား မြန်မာပြည်ကို (၃) ကြိမ် သွားရောက်ခဲ့ပေမယ့် သူ့ရဲ့ ထောက်ခံတင်ပြချက်ကို ဗမာအစိုးရက ဂရုမစိုက်တဲ့အတွက် ပြီးခဲ့တဲ့ အစီရင်ခံစာတွေမှာ တောင်းဆိုခဲ့တာတွေကိုပဲ ဆက်လက်တောင်းဆိုတယ်လို့ မတ်လ (၇) ရက်နေ့က တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်ကို ရိုသေလေးစားဖို့၊ တရားဥပဒေ စိုးမိုးရေးကို အာမခံနိုင်ဖို့အတွက် တရားရေးဌာနကို လွတ်လပ်စွာ တသီးတခြားထားရှိဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့နဲ့ စစ်မှုထမ်းတွေကို လူ့အခွင့်အရေးသင်တန်း တက်ခိုင်ဖို့ မစ္စတာကင်တားနား က အကြံပြုခဲ့ပါတယ်။

လူ့အခွင့်အရေး သဘောတရားတွေကို ဗမာအစိုးရအမှုထမ်းတွေ နားလည်စေဖို့အတွက် ၂၀၀၀ ခုနှစ်က ၂၀၀၃ ခုနှစ်အထိ၊ Australia အစိုးရက မြန်မာပြည်မှာ ရက်တိုသင်တန်းတွေ ပေးခဲ့ပါတယ်။ အစိုးရအမှုထမ်းတချို့ Australia နိုင်ငံမှာ သင်တန်းတက်နိုင်အောင်လည်း စီစဉ်ပေးခဲ့ပါတယ်။ ဒီပဲရင်း အကြမ်းဖက်မှု ၂၀၀၃ မေလ (၃၀) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့အတွက် ဇွန်လကစပြီး လူ့အခွင့်အရေးသင်တန်းတွေကို ရပ်ပစ်လိုက်ရပါတယ်။ အဲဒီအချိန်အထိ လူ့အခွင့်အရေး သင်တန်းပေါင်း (၁၂) ခု ကျင်းပနိုင်ခဲ့ပါတယ်။ သင်တန်းတခုမှာ သင်တန်းသား (၂၅) ဦး တက်ကြပြီး သုံးပုံတပုံးက အမျိုးသမီးများ ဖြစ်ပါတယ်။ အစိုးရအမှုထမ်း အရပ်သားတွေသာ သင်တန်းတက်ကြပြီး စစ်မှုထမ်းတွေ မပါတာတွေ့ရပါတယ်။

ကုလသမဂ္ဂ သတ်မှတ်ထားတဲ့ အဆင့်အတန်းအတိုင်း အကျဉ်းသားတွေကိုထားနိုင်ဖို့ ပြည်ထဲရေးဌာနက အစွမ်းကုန်ကြိုးပမ်းနေကြောင်း၊ နေရာထိုင်ခင်း သန့်ရှင်းရေး၊ အကျဉ်းသားပညာရေး၊ ကျန်းမာရေး စတာတွေကို ကုလသမဂ္ဂ စံချိန်မီထားတဲ့အပြင် တရားထိုင်ဖို့အတွက် စီစဉ်ပေးကြောင်း၊ ဗမာအစိုးရ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မစ္စတာ ကင်တားနားကတော့ နိုင်ငံရေးအကျဉ်းသားတွေကို စည်းမျဉ်းအတိုင်း ဆေးဝါးကုသခွင့် ပေးသင့်ကြောင်း အကျဉ်းသားကို ဒုက္ခပေးတဲ့အနေနဲ့ ဝေးကွာတဲ့ အကျဉ်းထောင်ကို ပြောင်းရွေ့တဲ့စနစ်ကို ရပ်ဆိုင်းသင့်ကြောင်း ဖော်ပြထားပါတယ်။ ချက်ချင်းဆေးကုပေးဖို့ လိုအပ်နေတဲ့ အကျဉ်းသား (၁၄၂) ယောက်ရှိတာကိုလည်း ဖော်ပြပါတယ်။ နှိပ်စက်ညှဉ်းပမ်းခံရလို့ ဆေးဝါးကုသဖို့ လိုအပ်နေတဲ့ အကျဉ်းသား (၄) ဦးရဲ့ အမည်ကိုလည်း ဖော်ပြထားပါတယ်။

(၈၈) မျိုးဆက် မနီလာသိန်းအကြောင်း မစ္စတာကင်တားနား က အထူးဖော်ပြပါတယ်။ (၃) ကြိမ်တိုင် အကျဉ်းကျနေသူ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ နောက်ဆုံးဖမ်းဆီးခံရပြီး လုပ်ဖော်ကိုင်ဖက် (၁၃) ဦးနဲ့အတူ ထောင် (၆၅) နှစ်ကျနေသူ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ကိုကျော်မင်းယုလည်း (၆၅) နှစ်ထောင် ဒဏ်ကျခံနေရပါတယ်။ ၂၀၀၈ နိုဝင်ဘာလမှာ မနီလာသိန်း ကို သရက်ထောင်ကို ပြောင်းရွှေ့လိုက်ပြီး ကိုကျော်မင်းယု ကို တောင်ကြီးထောင်ကို ပို့လိုက်တဲ့အတွက် သူတို့နဲ့ မိသားစုတွေ့ဖို့ ခက်ခဲသွားပါတယ်။ အထူးသဖြင့် (၃) နှစ်အရွယ် သမီးလေးနဲ့ တွေ့ဖို့ခက်ခဲသွားတာကြောင့် လင်မယားကို ထောင်တခုတည်းထားဖို့ မနီလာသိန်း က နေပြည်တော်ကို စာရေးပန်ကြားပေမယ့် အကြောင်းမထူးပါဘူး။ မနီလာသိန်းရဲ့ ကျန်းမာရေး အခြေအနေဆိုးဝါးနေပြီး ဆေးကုသခွင့်မရဘူးလို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဗမာအစိုးဘက်က မလိမ့်တပတ်ပြောနေတာကို လူ့အခွင့်အရေးကောင်စီ က လက်မခံနိုင်ပါဘူး။ မြန်မာပြည်က လူ့အခွင့်အရေးအခြေအနေဟာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ မစ္စတာကင်တားနားရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဆုံးဖြတ်ချက်ချတဲ့ အာဏာပိုင်တွေက နိုင်ငံရေး စိတ်ဓါတ်ပြင်းထန်ပြီး သက်ဆိုင်ရာနိုင်ငံအဖွဲ့အစည်းအားလုံး တက်တက်ကြွကြွ ပါဝင်နိုင်မယ်ဆိုရင် တိုးတက်မှုရဖို့အတွက် အခုအချိန်ဟာ အခွင့်အလမ်း အကောင်းဆုံးပဲလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ တိုင်းရင်းသားအချို့နဲ့ အဓိက အတိုက်အခံပါတီကို ပါဝင်ခွင့်မပြုတဲ့အတွက် သူတို့ရဲ့ သဘောထားအမြင်ကို ကြားသိနိုင်အောင် စီစဉ်ပေးဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

လက်ရှိ လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို ရပ်ဆိုင်းပြီး အရင်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို တာဝန်ယူနိုင်မှသာ တိုးတက်မှု ရရှိနိုင်မယ်လို့ ဖော်ပြပါတယ်။ အစိုးရသစ်ရဲ့ အဓိက ဦးစားပေးကိစ္စတွေမှာ လူ့အခွင့်အရေး ပါဝင်ရမယ်လို့ မစ္စတာ ကင်တားနားက ဆိုပါတယ်။ ဒုက္ခသည်တွေ တိုးပွားနေတာကိုကြည့်ရင် မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖျက်မှုဟာ ဒေသဆိုင်ရာ ပြဿနာဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဗမာအစိုးရ လူ့အခွင့်အရေး အစီရင်ခံစာနဲ့ ကွဲပြားခြားနားတဲ့ အမြင်ရှိသူ မစ္စတာကင်တားနား ကို ဒီနှစ်ထဲမှာ ပြည်ဝင်ခွင့် မပေးသေးကြောင်း သိရပါတယ်။