အနှစ် (၂၀) ကျော် အတိုက်အခံကို ဖိနှိပ်ညဉ်းပမ်းပြီး အကျိုးစီးပွားထားခဲ့တဲ့ စစ်ဗိုလ်တွေ အရပ်ဝတ်လဲပြီး ဖွဲ့စည်းထားတဲ့ အစိုးရက တဖြည်းဖြည်းပြုပြင်ပြောင်းလဲလာတာကို သံသယနဲ့ ကြိုဆိုကြပါတယ်။ နေပြည်တော်ကို စိတ်ကြိုက်တည်ဆောက်ပြီး စစ်ခေါင်းဆောင်ပိုင်းက ဒီမိုကရေစီပြုပြင်ရေးစကား ပြောတာကို ပြည်တွင်းပြည်ပမှာ ယုံကြည်ဖို့ အခက်အခဲရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်း၊ နိုင်ငံခြားမှာ ယုံကြည်မှုရထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီဝင်တချို့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့အတွက် နေပြည်တော်အစိုးရကို ယုံကြည်သူတွေ တိုးပွားလာနိုင်ပါတယ်။ ဒါဟာ ကြားဖြတ်ရွေးကောက်ပွဲတခုရဲ့ ရလဒ်တခုဖြစ်ပါတယ်။
နှစ်ပေါင်း (၅၀) ကျော် စစ်အာဏာရှင်စနစ်ကို ပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးလာခဲ့တယ့် မြန်မာနိုင်ငံမှာ အခက်အခဲဆုံးကိစ္စဟာ အတိုက်အခံကို လက်ခံနိုင်ဖို့ ဖြစ်ပါတယ်။ စစ်တပ်မှာ အတိုက်အခံလုပ်သူကို အာဏာဖိဆန်သူ သို့မဟုတ် ရန်သူ လို့ လက်ခံပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီကျင့်သုံးရင် အတိုက်အခံကို လက်ခံနိုင်ရပါလိမ့်မယ်။ ဒီမိုကရေစီနိုင်ငံရေးမှာ တဦးနဲ့တဦး ကြိုက်နှစ်သင့်စရာမလိုဘဲ တဦးရဲ့ လုပ်ပိုင်ခွင့်ကို တဦးက အသိအမှတ်ပြုဖို့သာ လိုပါတယ်။
မျက်မှောက်ခေတ် မြန်မာ့အရေးမှာ အာဏာရှင်စနစ်ဆန့်ကျင်တဲ့ ဒီမိုကရေစီသား အရပ်သားကို အတိုက်အခံရယ်လို့ ပြည်တွင်းပြည်ပမှာ ခေါ်လာတာ အနှစ် (၂၀) ကျော်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ဟောင်းတွေဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ဒီမိုကရေစီနဲ့ ပြည်သူ့အရေးကို ပြောဆိုလာတဲ့အခါမှာ အတိုက်အခံဆိုတဲ့ ဝေါဟာရကို နေပြည်တော်မှာ မသုံးကြဖို့ မေတ္တာရပ်ခံကြောင်း သိရပါတယ်။ ဒီမိုကရေစီသမားကို အတိုက်အခံလို့ခေါ်ရင် အာဏာရပါတီဟာ ဒီမိုကရေစီသမား မဟုတ်သလိုဖြစ်နေလို့ ဒီဝေါဟာရကို မသုံးကြဖို့အတွက် ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့က မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ အားလုံးလက်တွဲလုပ်ကြမှာမို့ အတိုက်အခံမထားဖို့ သမ္မတက ပြောကြောင်းသိရပါတယ်။ ပါတီအားလုံး ဒီမိုကရေစီကို ယုံကြည်ကြတာမို့ အတိုက်အခံရှိဖို့ မလိုဘူးလို့ ဆိုလိုတာဖြစ်ပုံ ရပါတယ်။
အနောက်တိုင်းမှာ နိုင်ငံရေးပါတီအားလုံး ဒီမိုကရေစီကို ယုံကြည်ပေမယ့် အတိုက်အခံပါတီကို အသိအမှတ်ပြုပါတယ်။ အာဏာမရတဲ့ နိုင်ငံရေးပါတီဟာ အတိုက်အခံ ဖြစ်ပါတယ်။ တိုင်းပြည်အပေါ်မှာ သစ္စာရှိပြီး အာဏာရအစိုးရကိုသာ ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီကို သစ္စာရှိ အတိုက်အခံ (Loyal Opposition) လို့ အင်္ဂလိပ် ပါလီမန်စနစ်မှာ ခေါ်ပါတယ်။ နိုင်ငံရေးပါတီအမျိုးမျိုး ဆန့်ကျင်ဘက် အယူအဆအမျိုးမျိုး ရှိတာကို လက်ခံပြီး ပြဿနာဖြေရှင်းရာမှာ အပေးအယူလုပ်ကာ သဘောတူချက် ရယူတာဟာ ဒီမိုကရေစီ သဘောတရား ဖြစ်ပါတယ်။ ကွဲလွဲတဲ့အမြင်ကို လက်ခံတယ်ဆိုတာဟာ အပြောလွယ်ပေမယ့် လက်တွေ့ကျင့်သုံးရာမှာ ခက်ခဲတတ်ပါတယ်။ အတွေ့အကြုံ ဗဟုသုတနဲ့ ကိုယ်ခံပညာအခြေခံကိုလိုက်ပြီး ပြဿနာကို သုံးသပ်ပုံခြင်း ကွဲပြားခြားနားတတ်ပါတယ်။ ဒါပေမဲ့ ကွဲလွဲတဲ့ သဘောထားကို နားလည်းအောင် ကြိုးစားမယ်ဆိုရင် ပဋိပက္ခ ဖြစ်နေတဲ့ အယူအဆတွေကို ပျက်ပြယ်စေတယ်လို့ ဆိုပါတယ်။
အတိုက်အခံကို လက်မခံနိုင်တဲ့ ပါတီစုံစနစ်ဟာ တရုတ် ဒီမိုကရေစီ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ် ကြီးစိုးတဲ့ တပါတီစနစ် ကျင့်သုံးတာကို လူသိများပေမယ့်လို့ တရုတ်ကတော့ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးတယ်လို့ ဆိုပါတယ်။ ကွန်မြူနစ်ပါတီအပြင် တခြားပါတီ ရှစ်ပါတီ ရှိတာကို ထောက်ပြပါတယ်။ ဒီ ရှစ်ပါတီဟာ အကြံဉာဏ်သာ ပေးနိုင်ပြီး ဆုံးဖြတ်နိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာမရှိပါဘူး။ ဒီပါတီတွေကို ပြည်သူ့ကွန်ဂရက်စ်က အမြဲတမ်းကော်မတီမှာရော၊ အစိုးရဌာနတွေမှာပါ တွေ့နိုင်ပါတယ်။ ဒီ နိုင်ငံရေးပါတီ ရှစ်ပါတီ ကို အတိုက်အခံပါတီအဖြစ် သတ်မှတ်ထားတာ မဟုတ်ဘဲ အေးအတူပူအမျှ ကွန်မြူနစ်ပါတီရဲ့ လက်တွဲလုပ်ကိုင်တဲ့ မိတ်ဆွေပါတီအဖြစ်နဲ့ သတ်မှတ်ထားတာပါ။ ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေးစနစ် ရှင်သန်တိုးတက်နေတဲ့ တရုတ်ပြည်ဟာ အတိုက်အခံပါတီစနစ်နဲ့ မသင့်တော်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်မှာ အတိုက်အခံပါတီကို အသိအမှတ် မပြုဘဲ လက်တွဲလုပ်ကိုင်တဲ့ မဟာမိတ်ပါတီတွေလို သဘောထားတာဟာ ဒီမိုကရေစီစနစ်နဲ့ မတူဘဲ တရုတ်ပြည်က တပါတီ အာဏာရှင်စနစ်နဲ့ အသွင်တူနေပါတယ်။ လွတ်လပ်ရေးရခါစက ပါလီမန်လွှတ်တော်မှာ ဖဆပလ အဖွဲ့ကြီးစိုးပါတယ်။ လွှတ်တော်မှာ အတိုက်အခံ မရှိသေးပါဘူး။ ပြည်တွင်းစစ် ဖြစ်နေပေမယ့် လွှတ်တော်အစည်းအဝေးကို ပုံမှန်ကျင်းပနိုင်ပါတယ်။ သဘောထား ကွဲလွဲတဲ့ ဆိုရှယ်လစ်ပါတီဝင်တချို့ကို ၁၉၅၀ မှာ ဖဆပလ အဖွဲ့ချုပ်က ထုတ်ပြစ်တော့မှ လွှတ်တော်မှာ အတိုက်အခံ ရှိလာပါတယ်။
လွှတ်တော်ကို ရောက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲတွေ မထားဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက မတ်လ (၂၆) ရက်နေ့က မန္တလေးမှာ ပြောသွားပါတယ်။ ဒီအတိုင်းဆိုရင် လွှတ်တော်ထဲက စစ်ဗိုလ်တွေ ဘယ်သူကိုယ်စားပြုတယ်ဆိုတာ ရှင်းဖို့လိုပါတယ်။
ကွဲလွဲတဲ့ အယူအဆကို အေးချမ်းစွာ ငြင်းခုံဆွေးနွေးပြီး အပေးအယူလုပ်တာ၊ သဘောတူတာ၊ ပူးပေါင်းဆောင်ရွက်တာတွေဟာ ဒီမိုကရေစီ ဓလေ့ဖြစ်ပါတယ်။ အယူအဆနဲ့ ယုံကြည်ချက် အမျိုးမျိုးကို ရိုသေလေးစားတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်ပါတယ်။