လူ့အခွင့်အရေးကောင်စီနဲ့ ဗမာအစိုးရ

လူ့အခွင့်အရေးကောင်စီနဲ့ ဗမာအစိုးရ

ကုလသမဂ္ဂ ပဋိဉာဉ် လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ အခြား စာချုပ်စာတမ်းတွေကို အခြေခံပြီး သုံးသပ်တဲ့ လူ့အခွင့်အရေးကောင်စီ ကြားနာပွဲမှာ လူ့အခွင့်အရေး မြှင့်တင်နေပါတယ်လို့ ဗမာအစိုးရ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရှေ့နေချုပ်ဒေါက်တာထွန်းရှင် က ပြောသွားပါတယ်။ မြန်မာ့လူ့အခွင့်အရေး မှတ်တမ်းကို (၅၇) နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးပြီး မှတ်ချက်ချပါတယ်။ ချီးကျူးသူရှိသလို ဝေဖန်သူတွေလည်း ရှိပါတယ်။ အစိုးရစစ်တပ်က မုဒိမ်းကျင့်တယ်ဆိုတာ မဟုတ်မမှန်ကြောင်း၊ ပြည်သူ့ဘဝ သာယာအောင် ဆောင်ရွက်နေကြောင်း ဖော်ပြပါတယ်။ တံတားကြီး၊ တံတားငယ် (၈၁) ခု တည်ဆောက် တာကိုလည်း အောင်မြင်မှုအဖြစ် မြန်မာ့လူ့အခွင့်အရေး မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၂) နိုင်င့ရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို (၄) နှစ်တကြိမ် သုံးသပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က ၂၀၀၆ မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို UPR- Universal Periodic Review လို့ ခေါ်ပါတယ်။ တနှစ်အတွင်း (၄၈) နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို သုံးသပ်မယ်ဆိုရင် (၄) နှစ် ကာလမှာ (၁၉၂) နိုင်ငံရဲ့ မှတ်တမ်းတွေကို သုံးသပ်နိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလ နှောင်းပိုင်းမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို သုံးသပ်ထားပါတယ်။

လူ့အခွင့်အရေးကောင်စီမှတ်တမ်းမှာ ၂၀၁၀ နိုဝင်ဘာလ (၁၀) ရက်ထုတ် ဗမာအစိုးရရဲ့ (၂၁) မျက်နှာ အစီရင်ခံစာပါ အကြောင်းအရာတွေကို ပြန်လည်တင်ပြထားပါတယ်။ ၂၀၁၀ မေလ (၁၀) ရက်နဲ့ (၁၁) ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ လူ့အခွင့်အရေးအစည်းအဝေးမှာ ပြင်ဆင်ထားတာကို လူ့အခွင့်အရေးကောင်စီမှာ တင်ပြတာဖြစ်ပါတယ်။ အခြေခံဥပဒေဟာ အလွန်ကောင်းကြောင်း၊ သံဃာဦးဆောင်တဲ့ လူထုဆန္ဒပြပွဲကို ပတ်ခတ်ချေမှုန်းပြီးတဲ့နောက် ၂၀၀၇ နိုဝင်ဘာလ (၁၄) ရက်နေ့မှာ တည်ထောင်လိုက်တဲ့ မြန်မာ့ လူ့အခွင့်အရေး အဖွဲ့ဟာ တိုင်းသူပြည်သား လူ့အခွင့်အရေးတွေရရှိအောင် ကြိုးပမ်းနေကြောင်း ဖော်ပြထား ပါတယ်။ တိုင်းသူပြည်သားတိုင်း လူ့အခွင့်အရေးခံစားနိုင်အောင် ဗမာအစိုးရက လုပ်ဆောင် နေကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ ထူးခြားတာကတော့ အင်အားကြီးနိုင်ငံအချို့က မြန်မာနိုင်ငံကို တဖတ်သတ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့နေတာကြောင့် မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်နေရတယ်လို့ ဖော်ပြထားတာပါ။ ကုလသမဂ္ဂရဲ့ လုပ်နည်းလုပ်ထုံးကို အင်အားကြီးနိုင်ငံအချို့က အသုံးပြုပြီး မြန်မာနိုင်ငံကို ဖိအားပေးကြတဲ့ အတွက် လူ့အခွင့်အရေးစောင့်ရှောက်ဖို့နဲ့ မြှင့်တင်ဖို့ ဗမာအစိုးရမှာ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ မသန်မစွမ်းသူ အခွင့်အရေး၊ ကလေးအခွင့်အရေးနဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေး နဲ့ ရွှေ့ပြောင်းလုပ်သားများအခွင့်အရေး စတဲ့ စာချုပ် (၆) ခုကိုလည်း ဗမာအစိုးရက လိုက်နာကျင့်သုံး နေ တယ်လို့ ဖော်ပြထားပါတယ်။

အစိုးရတိုင်းရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို လေးနှစ်တကြိမ်စီစစ်တဲ့ကိစ္စမှာ အစိုးရအချင်းချင်း စစ်ဆေးနေတဲ့ အတွက် ထိထိရောက်ရောက် အရေးမယူနိုင်တာမျိုးနဲ့ အပေးအယူ လုပ်တာမျိုးတွေရှိတယ်လို့ ဝေဖန်ကြပါ တယ်။ ဒါပေမဲ့ တသီးပုဂ္ဂလအဖွဲ့တွေကလည်း ပြောရေးဆိုခွင့် ရကြပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံအင်ဂျီအိုအဖွဲ့ပေါင်းပေါင်း (၂၀) ကျော်ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုအကြောင်း အစီရင်ခံစာတွေ တင်ပြကြပါတယ်။ အဖွဲ့အစည်း (၂၆) ခုက ပူးတွဲအစီရင်ခံစာ (၅) ခု တင်သွင်းပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖျက်မှုကို တင်ပြတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းပေါင်း (၄၇) ခု ရှိတာတွေ့ရပါတယ်။ ဒီအဖွဲ့အစည်းတွေရဲ့ တင်ပြချက်ကိုလည်း လူ့အခွင့်အရေးကောင်စီက အကျဉ်းချုံးပြီး ဖော်ပြထားပါတယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်း (၄၀) ကျော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေဟာ ဗမာအစိုးရအစီရင်ခံစာနဲ့ တခြားစီ ဖြစ်နေတာကို အထင်အရှားတွေ့နိုင်ပါတယ်။

လေးနှစ်တကြိမ် လူ့အခွင့်အရေးမှတ်တမ်းသုံးသပ်တဲ့ အစီအစဉ်ကို ဗမာအစိုးရက လက်ခံပြီး အပြောတမျိုး အလုပ်တမျိုး မထီလေးစားလုပ်နေပုံ ရပါတယ်။ ဒါကြောင့် ဗမာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို အပြင်းအထန်ရှုတ်ချကြောင်း လူ့အခွင့်အရေးချိုးဖျက်မှု အစီရင်ခံစာအားလုံးကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ ဗမာအစိုးရကို တိုက်တွန်းကြောင်း၊ မတ်လ (၂၅) ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ရာထူးသက်တမ်းကိုလည်း တနှစ်ထပ်တိုးပေးလိုက်ပါတယ်။

လူ့အခွင့်အရေးစကားပြောနေတဲ့ ဗမာစစ်အစိုးရကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုခင်းတွေ များလွန်းတဲ့အတွက် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကင်တားနား တိုက်တွန်းပြီး ဒီတိုက်တွန်းချက်ကို ထောက်ခံတဲ့ အနောက်တိုင်းအစိုးရ (၁၆) ခုအထိ ရှိနေပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ ထောက်ခံချက်ကို အကောင်အထည်ဖော်ဖို့ အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ နောက် (၄) နှစ်ကြာလို့ လူ့အခွင့်အရေးမှတ်တမ်းသုံးသပ်ဖို့ အချိန်ရောက်လာရင် ကောင်စီရဲ့ ထောက်ခံချက်တွေကို အကောင်အထည်ဖော်နိုင် မဖော်နိုင် ဗမာအစိုးရက တင်ပြရပါလိမ့်မယ်။