ရွေးကောက်ပွဲ နဲ့ မဲစာရင်း

အမှားမှားအယွင်းယွင်းဖြစ်နေတဲ့ မဲစာရင်းကို အခြေခံတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပါတော့မယ်။ မဲဆန္ဒပေးပွဲမှာ electoral register (ခေါ်) မဲစာရင်းဟာ အဓိကအခန်းက ပါဝင်ပါတယ်။ မဲစာရင်း မှန်မှသာ မဲဆန္ဒပေးပွဲ တရားဝင်တယ်လို့ ပြောလို့ရှိပါတယ်။ ဒါကြောင့် မဲပေးခွင့်ရှိသူတိုင်း မဲစာရင်းမှာပါနိုင်အောင် ရွေးကောက်ပွဲရုံးက ကြိုးပမ်းရပါတယ်။ မဲစာရင်းမှာ မပါသူဟာ မဲပေးခွင့်မရှိပါဘူး။ ဝါရင့်ဒီမိုကရေစီ ဗြိတိန်နိုင်ငံမှာ မဲစာရင်းမှန်ဖို့ အလွန်ဂရုစိုက်ပါတယ်။ အိမ်ထောင်စုမဲစာရင်း အမှန်ကိုရနိုင်ဖို့အတွက် စာနဲ့တမျိုး လူကိုယ်တိုင်တမျိုး ဆက်သွယ်ပါတယ်။ အိမ်ထောင်စုမဲစာရင်း အမှန်ကို ရနိုင်ဖို့အတွက် စာနဲ့တမျိုး လူကိုယ်တိုင်တမျိုး ဆက်သွယ်ပါတယ်။ အိမ်ထောင်စု မဲစာရင်းအမှန်ကို ရနိုင်ဖို့အတွက် စာနဲ့တမျိုး လူကိုယ်တိုင်တမျိုး ဆက်သွယ်ပါတယ်။ အိမ်ထောင်စု မဲစာရင်းစုဆောင်းပြီး ပြင်ဆင်တဲ့အလုပ်ဟာ သြဂုတ်လက ဒီဇင်ဘာလအထိ (၅) လ ကြာပါတယ်။ တဦးချင်းအနေနဲ့ မဲစာရင်းမှာ မှတ်ပုံတင်ချင်ရင် ဇန်နဝါရီလက ဇူလိုင်လအထိ လျှောက်ထားနိုင်ပါတယ်။

မဲစာရင်း ကောက်ယူပုံနဲ့ မဲဆန္ဒပေးပုံနည်းကိုကြည့်ပြီး ဒီမိုကရေစီအဆင့်အတန်းကို ခန့်မှန်းလေ့ရှိပါတယ်။ မဲစာရင်း၊ မဲပေးပုံ၊ မဲရေတွက်ပုံ မှန်ကန်မှသာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းဟာ ၂၀၁၀ မဲစာရင်းအတိုင်း ဖြစ်နေတယ်ဆိုပြီး အငြင်းပွားစရာ ဖြစ်နေတာတွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အဖွဲ့ချုပ် ရွေးကောက်ပွဲဝင်နိုင်အောင် သမ္မတဦးသိန်းစိန် က ဥပဒေစည်းမျဉ်းကို ပြင်ဆင်ပေးလိုက်ပေမယ့် လက်တွေ့မဲဆန္ဒပေးတဲ့နေရာမှာ မသမာမှုနဲ့ မှားယွင်းမှုတွေရှိနိုင်ပါတယ်။ မဲရေတွက်တဲ့အခါမှာ ရလဒ်ကို လိုချင်သလို ပြောင်းလဲနိုင်ပါတယ်။ စိတ်ကြိုက်မဲမပေးရဲအောင် မဲဆန္ဒရှင်ကို ခြိမ်းခြောက်ပြီး စည်းရုံးသိမ်းသွင်းနိုင်ပါတယ်။ ဆင်းရဲတဲ့မဲဆန္ဒရှင် အသပြာငွေကြေးနဲ့ အခွင့်အရေးပေးပြီး ထောက်ခံမဲပေးအောင် ဆွဲဆောင်နိုင်ပါတယ်။ ဥပမာ အာဏာရပါတီနဲ့ နယ်မြေလိုဖြစ်နေတဲ့ နေပြည်တော်မှာ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ပါတယ်။ ဇမ္မူသီရိ မဲဆန္ဒနယ်မှာ မဲပေးနိုင်သူ သုံးပုံနှစ်ပုံဟာ အစိုးရအမှုထမ်းတွေ ဖြစ်ကြတဲ့အတွက် လွတ်လပ်စွာမဲပေးနိုင်ဖို့ နဲ့ သြဇာအရှိန်အဝါ ကင်းရှင်းဖို့ အလွန်အရေးကြီးပါတယ်။ အစိုးရအဖွဲ့ဝင်တွေ ကိုယ်တိုင် မဲဆွယ်တဲ့နယ်မြေ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဟာ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးအစီအစဉ်တွေမှာ အရေးပါတဲ့အဆင့်တဆင့် ဖြစ်ပါတယ်။ မဲဆန္ဒပေးပွဲမှာ မဲစာရင်းဟာ အခြေခံအကျဆုံးဖြစ်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ မဲစာရင်းစစ်ဆေးဖို့ အခွင့်အလမ်းမရှိခဲ့ပါဘူး။ မဲစာရင်း ကူးယူရင် တမျက်နှာကျပ်နှစ်ရာ တောင်းတာမို့ ကြည့်ရှုစစ်ဆေးတဲ့ပါတီ မရှိသလောက်ပဲလို့ သိရပါတယ်။ အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အလွဲလွဲအချော်ချော် ဖြစ်နေတဲ့ မဲစာရင်းကို နိုင်ငံရေးပါတီတွေ ပြင်ဆင်ဖို့ အချိန်အလုံအလောက် မရကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ (၂၉) ရက်နေ့မှာ မဲစာရင်းထုတ်ပြန်ပြီး မတ်လ (၇) ရက်နေ့ နောက်ဆုံးထားအကြောင်းပြန်ဖို့ ရွေးကောက်ပွဲကော်မရှင်က (၇) ရက်သာ အချိန်ပေးတာဟာ ပြီးစလွယ်လုပ်သလို ဖြစ်နေပါတယ်။ နေရာအတော်များများမှာ မဲစာရင်းမှားနေလို့ နောက်ထပ် နှစ်ပတ်တိုးပေးဖို့ အန်အယ်လ်ဒီ အဖွဲ့ချုပ်က ပန်ကြားတာကို ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက လက်မခံပါဘူး။

နေပြည်တော်မှာ ဖေဖေါ်ဝါရီလကုန်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာအလုပ်ရုံ ဆွေးနွေးပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲက ရလဒ်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲထက် ပိုပြီးရှင်းလင်းမြင်သာမှု ရှိလိမ့်မယ်လို့ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲစာရင်းကို ယှဉ်ပြိုင်တဲ့ပါတီတွေ မရရှိခဲ့ပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူ စာရင်းကို နိုင်ငံရေးပါတီတွေ အားလုံးရမယ်လို့ ဆိုပါတယ်။ မဲမသမာမှုရှိရင် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေနဲ့အညီ ရာဇဝတ်ကြောင်းအရ သက်ဆိုင်ရာ ရဲစခန်းမှာ တရားစွဲနိုင်ပြီး တရားမ ကြောင်းအရ ရွေးကောက်ပွဲကော်မရှင်မှာ တရားစွဲနိုင်တယ်လို့လည်း ရှင်းပြသွားပါတယ်။ ဒါပေမဲ့ မဲစာရင်းမှန်အောင် ကြိုတင်ပြင်ဆင်နိုင်ခြင်း မရှိတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက် ဖြစ်ပါတယ်။

တချို့နေရာဆိုရင် မဲစာရင်းစစ်ဆေးဖို့ တပတ်တောင် အချိန်မရပါဘူး။ လုပ်ငန်းအခက်အခဲကြောင့် မတ်လ (၂၀) ရက်နေ့အထိ မဲစာရင်းမရသေးတဲ့ ကျေးရွာတွေ တောင်တွင်းကြီးမှာ ရှိပါတယ်။ မဲစာရင်းမှာ သေဆုံးသူပါလာသလို အသက်မပြည့်သူနဲ့ အမည် နှစ်ခါထပ်ပြီး ပါလာသူတွေ ရှိပါတယ်။ တလမ်းလုံး မဲစာရင်းထဲ မပါတာလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်တဲ့ ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ရွာမှာ မဲပေးခွင့်ရှိသူ (၅၀၀) လောက် မဲစာရင်းမှာ ပျောက်နေကြောင်း သိရပါတယ်။

မှားယွင်းတဲ့ မဲစာရင်းမှာပါသူကို ကန့်ကွက်ဖို့ ပါတီမဲရုံကိုယ်စားလှယ် နှစ်ဦးကို အန်အယ်လ်ဒီ အဖွဲ့ချုပ်က တာဝန်ပေးထားကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောတာကို ဒီအပတ်ထုတ် မြန်မာတိုင်းမ်စ်မှာ ဖော်ပြထားပါတယ်။ မဲစာရင်းမှာ မပါသူကတော့ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိပါတယ်။ အမြင်ကောင်းအောင် နိုင်ငံခြားလေ့လာသူတွေကို စောင့်ကြည့်ခွင့်ပြုထားပေမယ့် မဲစာရင်းမှားတာကို သူတို့ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတတယ်လို့ ယူဆရင် အနောက်တိုင်းရဲ့ ဒဏ်ခတ်အရေးယူမှု သိသိသာသာ လျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် တရားမျှတပြီး လွတ်လပ်တ့ မဲပေးပွဲဖြစ်ဖို့ကိစ္စဟာ ဦးသိန်းစိန်အစိုးရအတွက် ပိုပြီးအရေးကြီးနေပါတယ်။