ဦးနေဝင်း နဲ့ ဦးသန်းရွှေ ခေါင်းဆောင်တဲ့ အစိုးရတွေနဲ့ ဦးသိန်းစိန်အစိုးရတို့အကြား အလွန်ထင်ရှားတဲ့ ကွာခြားချက်ဟာ အကြံဉာဏ်ကို လက်ခံနိုင်မှု ဖြစ်ပါတယ်။ ဦးနေဝင်း ကြီးစိုးတဲ့ (၂၆) နှစ်နဲ့ ဦးသန်းရွှေ ကြီးစိုးတဲ့ (၂၂) နှစ် စုစုပေါင်း (၄၈) နှစ်ကာလမှာ ဗမာအစိုးရဟာ ပြည်တွင်းပြည်ပ အကြံဉာဏ်ကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရကတော့ အာဏာရတာ မကြာသေးပေမယ့် ပြည်တွင်းမှာ အကြံပေးအဖွဲ့တွေ ဖွဲ့စည်းရုံသာမကပဲ နိုင်ငံခြားအကြံဉာဏ်ကိုပါ ကြိုဆိုနေတာ တွေ့ရပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေက သက်သေပြနေပါတယ်။
နိုင်ငံတိုင်း အစိုးရတိုင်း နိုင်ငံရေးပါတီတိုင်းမှာ မူဝါဒရေးရာ အကြံပေးအဖွဲ့ရှိသလို လွတ်လပ်တဲ့ တသီးပုဂ္ဂလ အကြံပေးသုတေသနအဖွဲ့လည်း ရှိပါတယ်။ အကြံပေးအဖွဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တာကို ကမ္ဘာမှာ အသိအမှတ်ပြုထားတာကြာပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစပြီး အကြံပေးအဖွဲ့ (think tank) တွေ များပြားလာပါတယ်။ အမေရိကန်မှာ သီးခြားလွတ်လပ်တဲ့ အကြံပေးအဖွဲ့ (၁၂၀၀) ကျော် ရှိပါတယ်။ တရုတ်ပြည်မှာ ပေါ်လစီသုတေသဌာနပေါင်း (၂၅၀၀) လောက်ရှိပြီး ဈေးကွက်စနစ်ဆိုင်ရာ အစိုးရမူဝါဒ ချမှတ်ရာမှာ အရေးကြီးတဲ့အခန်းက ပါဝင်ကြောင်းသိရပါတယ်။
ဦးနေဝင်းနဲ့ ဦးသန်းရွှေ ကြီးစိုးတဲ့ (၄၈) နှစ်ကာလမှာ စစ်ခေါင်းဆောင်ပိုင်းဟာ နိုင်ငံခြားမှာ ဆေးကုသမှု ခံယူလေ့ ရှိပါတယ်။ မိမိနာမကျန်းဖြစ်တဲ့အခါ နိုင်ငံခြား ဆရာဝန်ကို အားကိုတဲ့ စစ်ဗိုလ်တွေဟာတိုင်းပြည် နာမကျန်းဖြစ်တဲ့အခါမှာ နိုင်ငံခြားကပေးတဲ့ အကြံဉာဏ်ကို လက်ခံဖို့ အခက်အခဲ ရှိပါတယ်။ ၁၉၆၂ မြန်မာပြည်မှာ စစ်အာဏာသိမ်းစဉ်က မလေးရှားနဲ့ စင်္ကာပူဟာ အင်္ဂလိပ် ကိုလိုနီပဲ ရှိပါသေးတယ်။ အဲဒီနောက် မြန်မာပြည်မှာ တိုးတက်ဖွံ့ဖြိုးမှု ဆိတ်သုဉ်းပြီး အပယ်ခံဖြစ်သွားတော့ မလေးရှားနဲ့ စင်္ကာပူကပဲ အကူအညီ ပေးကြပါတယ်။ ဗမာအစိုးရ အကြီးအကဲတွေ စင်္ကာပူရောက်လာရင် လီကွမ်ယူး () က အကြံပေးတတ်ပါတယ်။ ဒါပေမဲ့ သူ့အကြံဉာဏ်ကို ဘယ်သူမှ နားထောင်တာ မဟုတ်ပါဘူး။ အကြံပေးသူက သူပြောခဲ့ဆိုခဲ့တာကို မှတ်တမ်းရေးထားလို့သာ အပြင်လူတွေ သိရှိနိုင်ကြတာ ဖြစ်ပါတယ်။
မလေးရှားက ဦးဆောင်ထောက်ခံလို့ ဗမာစစ်အစိုးရ အာဆီယံအသင်းဝင် ဖြစ်ပြီးတဲ့အခါ ၁၉၉၈ မတ်လမှာ ဝန်ကြီးချုပ် Mahathir Mohamed ရန်ကုန်ကို ဒုတိယအကြိမ် သွားလည်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက လက်ခံထားတဲ့ စံသတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းနဲ့ အယူအဆအချို့ကို လက်ခံဖို့ စဉ်းစားသင့်ကြောင်း မလေးရှားဝန်ကြီးချုပ်က စစ်ခေါင်းဆောင်တွေကို အကြံပေးပါတယ်။ ကမ္ဘာ့မိသားစုဝင်ဖြစ်တဲ့ မြန်မာပြည်ဟာ အခြားနိုင်ငံတွေရဲ့ သဘောထားကို လျစ်လျူရှု့လို့ မဖြစ်နိုင်ကြောင်း Mahathir Mohamad အကြံပေးတာကို စစ်အစိုးရကတခုမှ မလုပ်ပါဘူး။ ဘာမှအကြောင်းမထူးဘဲ မြန်မာပြည်မှာ ဖိနှိပ်ညှဉ်းမှုတွေတောင် ပိုများလာပါတယ်။
ယုတ္တိမတန်တဲ့ ငွေဖလှယ်နှုန်း ဖယ်ရှားပစ်ဖို့ ရှုပ်ထွေးတဲ့ ဆန်ရောင်းဝယ်ရေးစနစ် ဖျက်သိမ်းဖို့ ဈေးကွက်ချုပ်ကိုင်မှု ရုတ်သိမ်းဖို့၊ ပြည်သူ့ဝန်ထမ်းလုပ်ငန်းနဲ့ အခြေခံအဆောက်အအုံကို ဦးစားမပေးတဲ့ အစိုးရအသုံးစရိတ်ကို ဖျက်သိမ်းဖို့နဲ့ တွက်ခြေမကိုက်တဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ဖျက်သိမ်းဖို့ ကမ္ဘာ့ဘဏ်က အကြံပေးခဲ့ပါတယ်။ ပြည်သူ့ဘဝ မြှင့်တင်ဖို့ မရည်ရွယ်တဲ့ စီးပွားရေးလမ်းစဉ်ကို လက်မခံနိုင်ဘူးလို့ ကမ္ဘာ့ဘဏ်က ပြောခဲ့ပါတယ်။ ယုတ္တိမရှိတဲ့ ငွေဖလှယ်မှုနှုန်းထားကြောင့် ဖွံ့ဖြိုးတိုးတက်ရေး ကမောက်ကမ ဖြစ်နေရကြောင်း IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့က သုံးသပ်တာကြာပါပြီ။ ငွေဖလှယ်နှုန်း တခုတည်းထားဖို့ ဇန်နဝါရီလက လာသွားတဲ့ IMF က ထောက်ခံတင်ပြထားပါတယ်။
ငွေဖလှယ်မှုနှုန်းက မြန်မာ့စီးပွားရေးကို ဒုက္ခပေးနေပုံကို အမေရိကန်ပြည် ဟားဗတ်တက္ကသိုလ် ဘောဂဗေဒ ပညာရှင်တစုက မနှစ်က စာတမ်းထုတ်ဝေထားပါတယ်။ စစ်အာဏာရှင်ကြီးစိုးတဲ့ (၄၈) နှစ်ကာလမှာ မြန်မာ့ရေးရာ အကြံပေးစာတမ်း ရံဖန်ရံခါ ထွက်ပေါ်လာတာကြောင့် အကြံဉာဏ်ပေးသူတွေ ရှိနေတာ သိနိုင်ပါတယ်။ နိုင်ငံခြားရောက် မြန်မာပါမောက္ခ (၅) ဦးက မြန်မာ့စီးပွားရေး အကြံပေး စာအုပ်ကို ၂၀၀၀ ခုနှစ်က ထုတ်ဝေပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်အောင် အနှစ် (၅၀) ခေတ်နောက်ပြန်ဆွဲပုံကို သုံးသပ်ပြီး ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာဖို့ ဘယ်လိုမူဝါဒ ချမှတ်ကျင့်သုံးရင် သင့်တော်မယ်ဆိုတာကို ဆွေးနွေးတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။
အကြံဉာဏ်ကို လက်ခံနိုင်ဖို့အတွက် အမိန့်ပေးစနစ် နိဂုံးချုပ်ဖို့ လိုပါတယ်။ ဧရာဝတီမြစ်ညာမှာ ရေကာတာဆောက်ဖို့ အမိန့်ပေးစနစ်ကို (၉) နှစ် ကျင့်သုံးခဲ့ပြီးမှ လွန်ခဲ့တဲ့ စက်တင်ဘာလမှာ ဆွေးနွေးပွဲ ကျင်းပပြီး မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီလို နွားရှေ့ထွန်းကျူးတဲ့ စီမံကိန်းအများအပြား မြန်မာပြည်မှာ ရှိနေပါတယ်။ ဒါကြောင့် လုပ်ငန်းမစမီ တိုင်ပင်ဆွေးနွေး ဝေဖန်ရေးလုပ်ပြီး ဆုံးဖြတ်ချက် ချမှတ်တဲ့ လုပ်နည်းလုပ်ထုံးကို ပြုစုပျိုးထောင်ဖို့ အလွန်လိုအပ်နေပါတယ်။