ကချင်-ရှမ်း နဲ့ အစိုးရ ဆွေးနွေးပွဲများ

ကချင်-ရှမ်း နဲ့ အစိုးရ ဆွေးနွေးပွဲများ

KIO (Kachin Independence Organization) ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ နေပြည်တော်အစိုးရတို့ လွန်ခဲ့တဲ့နှစ် ဇွန်လ (၉) ရက်နေ့က စတင်တိုက်ခိုက်ကြတာမို့ အခုဆိုရင် (၈) လနီးပါး ရှိနေပါပြီ။ (၁၇) နှစ်လောက် အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ပြန်လည်တိုက်ခိုက်ကြတာမို့ နိုင်ငံရေးအရ အဖြေမရှာနိုင်ရင် အပစ်အခတ်ရပ်ရေးဟာ အချည်းနှီးဖြစ်နေကြောင်း ကချင်ပြဿနာက သက်သေပြနေပါတယ်။ နိုင်ငံရေး မပြေလည်လို့ စစ်ပွဲတွေပေါ်ပေါက်လာတာဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပြီး အဖြေရှာနိုင်ရင် ပစ်ခတ်မှုတွေ လျှော့နည်းလာပြီး ပျောက်ကွယ်သွားနိုင်တယ်လို့ KIO က မြင်ပါတယ်။

ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီလ (၁၈) နဲ့ (၁၉) ရက်နေ့က ယူနန်ပြည်နယ် ရွှေလီပြည်နယ် ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးပေမယ့် အပစ်အခတ်ရပ်စဲဖို့ မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ရွှေလီဆွေးနွေးပွဲကို အောင်မြင်မှုလို့ နှစ်ဘက်စလုံးက ယူဆကြပုံ ရပါတယ်။ အပစ်အခတ်ရပ်စဲရေးကို အဓိက ရှေ့တန်းတင်မထားဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုကို ဆက်လုပ်နိုင်ရင် တိုက်ပွဲတွေရပ်စဲသွားနိုင်တယ်လို့ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂွမ်မော် က ဒီဗွီဘီ ရေဒီယိုနဲ့ တွေ့ဆုံမေးမြန်းစဉ်က ပြောဆိုသွားပါတယ်။

သတင်းအကြောင်းအရာကို ဖော်ပြလေ့မရှိတဲ့ အစိုးရသတင်းစာတွေကလည်း အစိုးရနဲ့ ကေအိုင်အို ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ကို ဇန်နဝါရီလ (၂၀) ရက်နေ့က ဖော်ပြပါတယ်။ ဒါကြောင့် ရွှေလီဆွေးနွေးပွဲကို အောင်ပွဲအဖြစ် ဦးအောင်သောင်း တို့ဘက်ကလည်း သတ်မှတ်ထားပုံ ရပါတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ စစ်ရေးအရှိန်အဟုန် ထိန်းသိမ်းရေး၊ ဆွေးနွေးတဲ့အကြောင်းအရာကို အမှန်အတိုင်း သတင်းထုတ်ပြန်ရေး စတဲ့အချက်တွေကို သဘောတူကြတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ စစ်မက်အရှိန်လျှော့ချနိုင်ရေး နဲ့ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူနိုင်ကြတာကို ရွှေလီအစည်းအဝေးရဲ့ ထင်ရှားတဲ့ ဝိသေသလက္ခဏာအဖြစ် မှတ်ယူထားတာ တွေ့ရှိရပါတယ်။

ယုံကြည်မှုတည်ဆောက်ရေးနဲ့ စစ်မက်အရှိန်အဟုန် ကျဆင်းရေးမှာ နှစ်ဘက်က တပ်တွေနေရာချထားရေးကို မဆုံးဖြတ်နိုင်တဲ့အတွက် ကေအိုင်အိုအနေနဲ့ အစိုးရတပ်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရမယ့်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က ရှမ်းသံတော်ဆင့် သတင်းဌာနကို ပြောပါတယ်။ အစိုးရ ထိုးစစ်ရပ်ဆိုင်းဖို့ လွန်ခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ သမ္မတ ဦးသိန်းစိန် က ညွှန်ကြားခဲ့ပေမယ့် အစိုးရတပ်က ဆက်လက်ပစ်ခတ်နေပါတယ်။ ရွှေလီဆွေးနွေးပွဲကျင်းပတဲ့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ ရွှေဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကချင်တပ်ရင်း (၈) ကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် စာမရွာအနီးမှာ အစိုးရတပ်က ခြုံခိုတိုက်ခိုက်တဲ့အတွက် ကချင်စစ်ဗိုလ်တဦးကျဆုံးကြောင်း ကချင်သတင်းဌာနက ဖော်ပြပါတယ်။

(၁၆) နှစ် အပစ်အခတ် ရပ်စဲခဲ့ပြီးမှ လွန်ခဲ့တဲ့ မတ်လကစပြီး ပြန်လည်ပစ်ခတ်နေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ။ ရှမ်းပြည်တပ်မတော်နဲ့ ဦးအောင်သောင်းအဖွဲ့ ဇန်နဝါရီ (၂၈) ရက်နေ့က ပဏာမ သဘောတူချက် ရယူနိုင်တာကို အစိုးရသတင်းစာတွေမှာ အသေးစိတ်ဖော်ပြပါတယ်။ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်အကြား အပစ်အခတ်ရပ်စဲပြီး ရှမ်းတပ်ဖွဲ့တွေ ဖြန့်ထားတဲ့နေရာကို အစိုးရက သဘောတူပါတယ်။ ဆက်ဆံရေးစခန်းဖွင့်ရေး၊ သွားရေးလာရေး၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေး၊ ရှမ်းတပ်ဖွဲ့ဝင်တွေ အခြေတကျ လုပ်ကိုင်စားသောက်နိုင်ရေး၊ သွားရေးလာရေး၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေး၊ ရှမ်းတပ်ဖွဲ့ဝင်တွေ အခြေတကျလုပ်ကိုင် စားသောက်နိုင်ရေး နဲ့ ထာဝရငြိမ်းချမ်းရေး၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေး၊ ရှမ်းတပ်ဖွဲ့ဝင်တွေ အခြေတကျ လုပ်ကိုင်စားသောက်နိုင်ရေး နဲ့ ထာဝရငြိမ်းချမ်းရေး စတာတွေကို ဆက်လက်ဆွေးနွေးဖို့ သဘောတူကြတယ်လို့ ဖော်ပြပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အချုပ်အခြာ အာဏာတည်မြဲရေး စတဲ့ အရေး (၃) ပါးကို ပင်လုံစိတ်ဓါတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ထူးခြားတာက ဇန်နဝါရီလ (၁၉) ရက်နေ့က ကေအိုင်အိုနဲ့ ဆွေးနွေးတုန်းကတော့ ပင်လုံဆိုတဲ့ ဝေါဟာရကို ဦးအောင်သောင်း တို့ဘက်က လိုလိုလားလား မရှိဘူးလို့ ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က ရှမ်းသံတော်ဆင့် သတင်းဌာနကို ပြောပါတယ်။ ပင်လုံကို အစိုးရဘက်က မသုံးချင်ဘူးလို့ ဆိုပါတယ်။ ကချင်အဖွဲ့နဲ့ ဆွေးနွေးစဉ်က ပင်လုံကို မသုံးဖို့ ရှောင်ရှားခဲ့တဲ့ ဦးအောင်သောင်းတို့အဖွဲ့ဟာ ရှမ်းအဖွဲ့နဲ့ ဆွေးနွေးတဲ့အခါမှာ ပင်လုံစိတ်ဓါတ်နဲ့ ဒို့တာဝန်အရေး (၃) ပါးကို အကောင်အထည်ဖော်ဖို့ သဘောတူကြောင်း အတိအလင်း ဖော်ပြပါတယ်။ နိုင်ငံရေး စေ့စပ်ဆွေးနွေးပွဲမှာ ဝေါဟာရအဓိပ္ပါယ် ဖွင့်ဆိုပုံ ကွဲပြားခြားနားနေတာကို အရင်ဆုံး ညှိနှိုင်းဖို့လိုကြောင်း ပြသနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ (၁၂) ရက်နေ့က ကေအန်ယူ နဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့တဲ့ ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဖေဖေါ်ဝါရီလဆန်းက မွန်ပြည်သစ်ပါတီနဲ့ အပစ်အခတ်ရပ်စဲဖို့ ပဏာမ သဘောတူချက် ရယူနိုင်တဲ့အတွက် ရှေ့ကပြေးနေပါတယ်။ ဒါပေမဲ့ အစိုးရသတင်း မီဒီယာမှာ ဦးအောင်မင်း အဖွဲ့ ရယူလိုက်တဲ့ ကေအန်ယူ သဘောတူချက်ပါ အကြောင်းအရာမဖော်ပြဘဲ ဦးအောင်သောင်းအဖွဲ့က ကချင်နဲ့ ရှမ်းအဖွဲ့တို့နဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေကိုသာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကိုကြည့်ရင် သတင်းဖြန့်ချီရေးမှာတော့ ဦးအောင်သောင်းတို့အဖွဲ့က တပန်းသာသလို ဖြစ်နေပါတယ်။