ကျောက်ဖြူ-ကုမင်၊ မြန်မာ-တရုတ် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း စတင်အကောင်အထည်ဖော်နေတုန်း မြန်မာပြည်အလယ်ပိုင်းဒေသမှာ တရုတ်ကုမ္ပဏီက သဘာဝဓာတ်ငွေ့တွင်းကြီးတခု ရှာဖွေတွေ့ရှိတယ် ဆိုတဲ့သတင်း ဒီလအစောပိုင်းက ထွက်လာပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်တဲ့အတွက် ဒေသခံ ပြည်သူလူထု ဘဝပျက်သွားတဲ့ သာဓကတွေရှိပါတယ်။ တနင်္သာရီကမ်းလွန်က ရတနာ ဓာတ်ငွေ့ပိုက်လိုင်း ကြောင့် ဒုက္ခရောက်နေရတဲ့ ဒေသခံတွေဘက်က Unocal ကုမ္ပဏီကို အမေရိကန်မှာ တရားစွဲတဲ့အတွက် လျှော်ကြေးပေးလိုက်ရတဲ့ သာဓကတွေက ထင်ရှားပါတယ်။
မြန်မာပြည်မှာ ပထမဆုံး ဓာတ်ငွေ့ထုတ်ယူတဲ့ ကုမ္ပဏီတွေဟာ ပြင်သစ် Total နဲ့ အမေရကန် Unocal ဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ တိုင်းသူပြည်သားတွေကို လစ်လျှူရှုနေတဲ့ ဗမာစစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်တာဟာ ကိုယ်ကျင့်တရားကင်းမဲ့တဲ့ အပြုအမူ ဖြစ်တယ်ဆိုပြီး ဥရောပနဲ့အမေရိကန်မှာ ရှုတ်ချ ကြပါတယ်။
အကျိုးဆောင် အရပ်သားအဖွဲ့တွေရဲ့ စည်းရုံးလုပ်ဆောင်မှုကြောင့် ဗမာစစ်အစိုးရနဲ့ လက်တွဲနေတဲ့ ရေနံ ကုမ္ပဏီတွေဟာ ကြာလာရင် နာမည်ပျက်ဖို့သာ ရှိပါတယ်။ ဒါကြောင့်မို့ ဗြိတိသျှ Premier ကုမ္ပဏီ၊ အမေရိကန် Texaco နဲ့ Unocal ကုမ္ပဏီတွေဟာ သူတို့ပိုင်တဲ့ အစုရှယ်ယာကို ရောင်းပြီး မြန်မာပြည်က ထွက်ခွာသွားကြပါတယ်။ Unocal ဟာ သူပိုင်တဲ့ အစုရှယ်ယာကို အမေရိကန် Chevron ကုမ္ပဏီကို ရောင်းလိုက်တဲ့အတွက် ဓာတ်ငွေ့လုပ်ငန်းတွေမှာ အနောက်တိုင်း ကုမ္ပဏီဆိုလို့ Total နဲ့ Chevron သာ ကျန်ပါတယ်။
ရတနာဓာတ်ငွေ့လုပ်ငန်းမှာ အစုရှယ်ယာ အများဆုံးထားတဲ့ ပြင်သစ် Total ကုမ္ပဏီကတော့ ပိုက်လိုင်း ဒေသမှာ ပြည်သူ့အကျိုးသယ်ပိုးနေတာမို့ ဒေသခံတွေ အကျိုးခံစားရကြောင်း လွန်ခဲ့တဲ့နှစ်က (၆၆) စာမျက်နှာ အစီရင်ခံ ထုတ်ဝေပါတယ်။ ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ အခြေခံ အဆောက်အအုံ တိုးတက်ရေးအတွက် ရတနာဓာတ်ငွေ့လုပ်ငန်းက ရင်နှီးမြှုပ်နှံပုံတွေကို ဖော်ပြထား ပါတယ်။ ပထမတော့ ပိုက်လိုင်းနဲ့ အနီးဆုံး ကျေးရွာအချို့ကိုသာ ကူညီနိုင်ခဲ့ပါတယ်။ အခုတော့ ဒေသခံ ငါးသောင်းကျော်ဟာ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ အကျိုးကို ခံစား နေရပါတယ်။ ပိုက်လိုင်းဆောက်လုပ်စဉ်က လူပေါင်း (၂၅၀၀) ကို အလုပ်ပေးနိုင်ခဲ့ ပါတယ်။ အခုတော့ ပိုက်လိုင်းမှာ အလုပ်သမား (၈၀၀) လုပ်ကိုင်နေတဲ့အထဲမှာ မြန်မာပြည်သားက (၉၅) ရာခိုင်နှုန်း ဖြစ်ပါ တယ်။
ပိုက်လိုင်းဒေသတင်မက မြန်မာတပြည်လုံးမှာရှိတဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ကုသိုလ်ဖြစ်လုပ်ငန်း အများ အပြားကိုလည်း Total က ကူညီထောက်ပံ့ပါသေးတယ်။ ကုလသမဂ္ဂ စီမံကိန်းတွေကိုလည်း Total ကုမ္ပဏီက ငွေကြေးထောက်ပံ့ကြောင်း ဖော်ပြထားပါတယ်။ ဒီမိုကရေစီ အကျိုးဆောင် အရပ်သားအဖွဲ့ တွေရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် မြန်မာပြည်က ထွက်ခွာသွားခဲ့တဲ့ အနောက်တိုင်းကုမ္ပဏီတွေရှိသလို ကျန်ရှိနေတဲ့ အနောက်တိုင်းကုမ္ပဏီတွေက ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သဘောဖြစ် ပါတယ်။ အခုတော့ မြန်မာ့သယံဇာတထုတ်ယူရေးမှာ အဓိကပါဝင်နေသူဟာ တရုတ်ကုမ္ပဏီတွေ ဖြစ်နေပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ အမြတ်အစွန်းရဖို့ကိုသာ အဓိကထားတဲ့အတွက် Total ကုမ္ပဏီလို ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်နိုင်ပါ့မလားလို့ မေးစရာရှိလာပါတယ်။
တရုတ်ရဲ့ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းကြောင့် ဒေသခံ ပြည်သူလူထုတွေ ဒုက္ခရောက်ရင် ဘယ်အဖွဲ့က ပြည်သူ့ဘက်က ရပ်တည်မှာလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တရုတ်အရပ်သားအဖွဲ့အစည်းဟာ သူတို့ဆီက ပြဿနာကိုတောင် ဖြေရှင်းနိုင်ကြသေးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီမရှိတဲ့တရုတ်ပြည်မှာ အရပ်သားအဖွဲ့အစည်းဟာ အနောက်တိုင်းမှာလို စည်းရုံးလှုံ့ဆော်နိုင်တာ မဟုတ်ပါဘူး။ အမေရိကန် ကုမ္ပဏီက လျော်ကြေးပေးသလို တရုတ်ကပေးမှာမဟုတ်ပါဘူး။ ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေကို မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်ထားတာဟာ မြန်မာပြည်သားတွေအတွက် အခွင့်အလမ်းဆုံးရှုံးမှု တခုဖြစ်တယ်လို့ မြင်တွေသူရှိပါတယ်။
အာဖရိကတိုက်မှာ တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာဖြစ်နေတာ တွေ့ရပါတယ်။ အလုပ်သမားတွေကို မတရားခိုင်းမှု၊ ဒေသဆိုင်ရာစည်းမျဉ်းမလိုက်နာမှု၊ အပြည်ပြည် ဆိုင်ရာသတ်မှတ်ချက်ကို ဖောက်ဖျက်မှု၊ လုပ်ခနည်းနည်းပေးမှု၊ အကျိုးခံစားခွင့်ကင်းမဲ့မှု၊ စတာတွေဟာ တရုတ်လုပ်ငန်းရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ် ဓလေ့တွေပဲလို့ ဆိုပါတယ်။
Zambia နိုင်ငံက တရုတ် ပိုင် ကျောက်မီးသွေးတွင်းမှာ လုပ်ငန်းခွင့်အခြေအနေ ဆိုးဝါးစုတ်ပြတ်လွန်း တာကို မကျေနပ်လို့ လွန်ခဲ့တဲ့အောက်တိုဘာလမှာ Zambia က သမိုင်း အလုပ်သမားတွေ ဆန္ဒပြကြပါ တယ်။ ဆန္ဒပြသူတွေကို တရုတ်မန်နေဂျာက သေနတ်နဲ့ပစ်လို့ (၁၁) ဦး ဒဏ်ရာရသွားတာဟာ တကမ္ဘာလုံးသိတဲ့ ဖြစ်ရပ်ပါ။ ဒါကြောင့် တရုတ် ကုမ္ပဏီတွေဟာ ဒေသခံလူထုကို ဂရုမစိုက်ဘူးဆိုတဲ့ အယူအဆ ပေါ်ထွက်လာတာ ဖြစ်ပုံရပါတယ်။
မြန်မာ့အရေးမှာတော့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့တွေက အများဆုံးလှုပ်ရှားပါတယ်။ ဒီလို အကျိုး ဆောင် အရပ်သားအဖွဲ့တွေရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားတာဟာ အနောက်တိုင်း ကုမ္ပဏီတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ် Total နဲ့ အမေရိကန် Chevron တို့ဟာ နောက် ဝင်လာတဲ့ တရုတ်ကုမ္ပဏီတွေ အတုယူရမယ့် စံနမူနာကောင်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။