တရုတ်၊ အမေရိကန်နဲ့ မြောက်ကိုရီးယား

တရုတ်၊ အမေရိကန်နဲ့ မြောက်ကိုရီးယား

တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု တိုးခ့ျဲလာတာဟာ နှစ်နိုင်ငံအတွက်သာမက ဒေသဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာအတွက် အရေးကြီးကြောင်း တရုတ်သမ္မတရဲ့ အမေရိကန်ခရီးစဉ်က ပြသနေပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးမှာ အဆင်မပြေတာလေးတွေကို ခေါင်းဆောင်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး စေ့စပ် ညှိနှိုင်း ဖြေရှင်းကြပါတယ်။ အဆင်မပြေတာတွေထဲမှာ မြောက်ကိုရီးယားနဲ့ မြန်မာကိစ္စလည်း ပါဝင်ပါ တယ်။ နှစ်နိုင်ငံလုံးကို တရုတ်က ကူညီထောက်ပံ့နေပြီး အမေရိကန်က ဒဏ်ခတ်အရေးယူ ထားပါတယ်။ ဗမာစစ်အစိုးရနဲ့ မြောက်ကိုရီးယားဟာ တရုတ်အကူအညီနဲ့ အသက်ဆက်နေကြပါ တယ်။ မြန်မာပြည်မှာ လမ်းပန်းဆက်သွယ်ရေးလို အခြေခံအဆောက်အအုံတွေ ကောင်းမွန်အောင် ပြုလုပ်နေတာဟာ တရုတ်ရဲ့ သေနင်္ဂဗျူဟာ တခုသာဖြစ်ပါတယ်။

အမေရိကန်အစိုးရတွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို အဓိကထားကြတဲ့အတွက် ဗမာစစ် အစိုးရကို ဒဏ်ခတ်အရေးယူထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ဒီမိုကရေစီကျင့်သုံးနေပြီး တည် တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်လာတာကို အမေရိကန် နဲ့ တရုတ်တို့က မြင်လိုတယ်လို့ မကြာခင်က ပေါက်ကြားခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန စာရွက်စာတမ်းမှတ်တမ်းတွေအရ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးတာကို အမေရိကန်နဲ့တရုတ်တို့က မြင်လို တယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံတမန်တို့ရဲ့ ၂၀၀၈ ခုနှစ် ပေးစာတွေအရ သိရပါတယ်။ ဗမာစစ်အစိုးရကို အမေရိကန်က စီးပွားရေးအရဒဏ်ခတ်အရေးယူတာဟာ အချည်းနှီးသာဖြစ်ကြောင်း တရုတ်သံတမန်က အမြဲတမ်းထောက်ပြနေပါတယ်။ မြန်မာ့အရေးမှာ ကုလသမဂ္ဂ ပါဝင်ဆောင်ရွက် တာကို တရုတ်ကထောက်ခံပေမယ့် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှာကိုတော့ လက်မခံပါဘူး။

မြန်မာနဲ့မြောက်ကိုရီးယားက ဆိုးဆိုးဝါးဝါးလုပ်နေတာတောင် တရုတ်က ဝေဖန်ရှုတ်ချတာမျိုး မလုပ် ပါဘူး။ သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ပန်ကြားလေ့ရှိပါတယ်။ တရုတ်ရဲ့ ဆောင် ရွက်ချက်ကြောင့် တရုတ်-မြန်မာနယ်စပ်နဲ့ ကိုရီးယားကျွန်းဆွယ်မှာ စစ်မဖြစ်တာလို့ သုံးသပ်ကြပါတယ်။

ဗမာစစ်အစိုးရကို အမေရိကန်ကပြန်လည်ဆက်ဆံဖို့ ကြိုးပမ်းလာတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်မှာ အယူအဆအမျိုးမျိုးရှိနေတာကို တွေ့ရပါတယ်။ International Crisis Group - အပြည်ပြည်ဆိုင်ရာ ပြဿနာလေ့လာရေးအဖွဲ့က လွန်ခဲ့တဲ့ ဇွန်လမှာ ကုမင်နဲ့ ဘေဂျင်းတို့က တရုတ်ပညာရှင်အချို့ကို တွေ့ဆုံမေးမြန်းတဲ့အခါမှာ မြန်မာ-အမေရိကန် ချစ်ကြည်ရေးဟာ တရုတ်အတွက် အန္တရာယ်ဖြစ်တယ် လို့ မြင်ကြပါတယ်။ ဗမာစစ်အစိုးရသာ အမေရိကန်နဲ့ ချစ်ကြည်ရင်းနှီးသွားရင် တရုတ်အဖို့ ရေနံနဲ့ ဓာတ်ငွေ့မှန်မှန်ရဖို့တောင် မသေချာတော့ဘူးလို့ တရုတ်ပညာရှင်တွေက မြင်ကြပါတယ်။ ဗမာစစ်အစိုးရကို အမေရိကန်က စီးပွားရေးဒဏ်ခတ် အရေးယူထားလို့သာ တရုတ်ကုမ္ပဏီတွေ စားပေါက်ချောင်နေတာလို့ ဆိုကြပါတယ်။ ဗမာစစ်အစိုးရနဲ့ လက်တွဲဖို့ ကြိုးစားနေတဲ့ အမေရိကန် မူူဝါဒသစ်ဟာ မြန်မာပြည်မှာ တရုတ်ကြီးစိုးနေတာကို တန်ပြန်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ် ပညာရှင်အချို့က သုံးသပ်ကြပါတယ်။

တရုတ်ကို ဝိုင်းရံထားဖို့ စည်းရုံးသိမ်းသွင်းတဲ့ အမေရိကန်ရဲ့ အစီအစဉ်ထဲမှာ မြန်မာပြည်လည်း ပါဝင် နေတာမို့ ဗမာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တာလို့ တရုတ် ပညာရှင်တွေက မြင်ကြပါတယ်။ အမေရိကန်သမ္မတရဲ့ (၁၀) ရက်ကြာ အာရှခရီးစဉ်ဟာ အမေရိကန်သြဇာ မြှင့်တင်နိုင်ဖို့ ရည်ရွယ် တယ်လို့ တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား သပ်လျှိုပြီး တရုတ်ပြည်ကိုဝိုင်းရံနေတဲ့ သေနင်္ဂဗျူဟာကို အိုဘားမားအစိုးရကျင့်သုံးနေတယ်လို့ တရုတ်ပညာရှင်အချို့က သုံးသပ်ကြပါတယ်။

ဒါပေမဲ့ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားနေချိန်မှာ ဒီလို သုံးသပ်တာ မျိုးဟာ ပုံကြီးချဲ့တာသာဖြစ်တယ်လို့မြင်တဲ့ တရုတ်ပညာရှင်တွေလည်း ရှိကြပါတယ်။

တရုတ်-အမေရိကန်ဆက်ဆံရေးမှာ မြောက်ကိုရီးယား ပြဿနာနဲ့ နှိုင်းစာရင် မြန်မာ့အရေးဟာ မပြောပလောက်ပါဘူးလို့ ဆိုနိုင်ပါတယ်။ အိုဘားမား အစိုးရတက်လာတဲ့ ၂၀၀၉ ခုနှစ်မှာ တရုတ် စိတ်မချမ်းသာဖြစ်မယ့် ကိစ္စတွေကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက် တရုတ် -အမေရိကန် ဆက်ဆံရေးဟာ တနှစ်လုံး အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ အမေရိကန်သမ္မတနဲ့ တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမား (Dalai Lama) တွေ့ဆုံမှု၊ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေရောင်းချ မှု၊ မြောက်ကိုရီးယား ပြဿနာကိုင်တွယ်မှုတွေမှာ တရုတ်နဲ့ အမေရိကန်တို့ ထိပ်တိုက်တွေ့ကြပါတယ်။

ဒါပေမဲ့ တရုတ်သမ္မတခရီးစဉ်မှာ အမေရိကန်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တာမို့ တဘက်နဲ့ တဘက် ပိုပြီးနားလည်မှု ရယူနိုင်ခဲ့ပုံရပါတယ်။ လူ့အခွင့်အရေးကိစ္စမှာတော့ လုပ်စရာတွေ အများကြီး ရှိနေတာကို တရုတ်က နားလည်တဲ့အတွက် ဆက်လက်ဆွေးနွေးလိုကြောင်း ပြောပါတယ်။

ဒီလိုကိစ္စတွေမှာ သဘောထားကွဲလွဲတာဟာ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်တာကို အဟန့် အတား မဖြစ်နိုင်ဘူးလို့ အမေရိကန်သမ္မတက ပြောဆိုနေပါတယ်။ တရုတ်နဲ့ အမေရိကန်ဟာ တဦး ရည်ရွယ်ချက်ကို တဦးကနားလည်သဘောပေါက်နေပြီဖြစ်လို့ အပြန်အလှန်ယုံကြည် ခိုင်မာလာအောင် ဆက်လက်ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။