ဗမာအစိုးရနဲ့ အသိုင်းအဝိုင်းကို EU (European Union) ဥရောပနိုင်ငံများသမဂ္ဂက ဒဏ်ခတ်အရေးယူထားတဲ့ကိစ္စကို နှစ်စဉ် ဧပြီလနှောင်းပိုင်းမှာ သက်တမ်းတိုးလေ့ရှိပါတယ်။ ဒါကြောင့် ဧပြီလမတိုင်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး ဧပြီလဆန်းမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးနိုင်မယ်ဆိုရင် ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှု လျော့နည်းသွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဥရောပသမဂ္ဂမှာ သဘောထားအမာဆုံးလို့ သတ်မှတ်ခံရတဲ့ အင်္ဂလိပ်နိုင်ငံခြားရေးဝန်ကြီးက ပြုပြင်ရေးလုပ်တဲ့ အတိုင်းအတာကိုလိုက်ပြီး ဒဏ်ခတ်မှုလျော့ပေးမယ်လို့ ပြောသွားပါတယ်။
ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ရုံး ရန်ကုန်မှာဖွင့်လှစ်ဖို့ ဗမာအစိုးရနဲ့ သဘောတူထားပြီးလို့လည်း သိရပါတယ်။ မြန်မာ့အရေးမှာ ပါဝင်လာမယ့်သဘောကို ပြသနေပါတယ်။ ဥရောပနိုင်ငံများသမဂ္ဂကို တည်ထောင်တဲ့ စာချုပ်ပုဒ်မ (၁၁) မှာ နိုင်ငံခြားရေးလမ်းစဉ်ရဲ့ ဦးတည်ချက်ကို ဖော်ပြပါတယ်။ ဒီမိုကရေစီရရှိရေးကို ရည်ရွယ်ချက်တွေအဖြစ် ဖော်ပြထားပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် မြန်မာပြည်နဲ့ ဆက်ဆံရာမှာ အီးယူဥရောပအဖွဲ့က Restrictive Measures ဆိုတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို ၁၉၉၆ ကစပြီး ပြဌာန်းပါတယ်။ မြန်မာပြည်မှာ ဖိနှိပ်မှုတွေများလာလေလေ ကန့်သတ်ချုပ်ချယ်မှုတွေ တိုးပွားလာလေလေ ဖြစ်ပါတယ်။ လက်နက်ပစ္စည်းမရောင်းဖို့၊ စစ်ဘက်ဆိုင်ရာလုပ်ငန်းကို ငွေကြေးနဲ့ အတတ်ပညာမကူညီဖို့၊ အစိုးရအဖွဲ့ဝင်တွေ အပ်ထားတဲ့ငွေကိုမပြုဖို့ စသဖြင့် ကန့်သတ်ချုပ်ချယ်ပါတယ်။ အရေးယူခံရတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္မဏီစာရင်းဟာ စာမျက်နှာတရာ နီးပါးရှိပါတယ်။ ဥရောပ-မြန်မာ ကုန်သွယ်မှု ကျဆင်းလာပြီး မြန်မာအာရှ ကုန်သွယ်မှု အရှိန်အဟုန်နဲ့ တိုးပွားနေပါတယ်။ အခုတော့ မြန်မာနဲ့ ကုန်သွယ်ဖို့ ဥရောပကုမ္မဏီတွေ ပိုပြီးစိတ်ဝင်စားနေပါတယ်။
မြန်မာပြည်သူပြည်သားတွေကို စစ်အစိုးရက အခကြေးငွေမပေးဘဲ အတင်းအဓမ္မ ခိုင်းစေတာကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နဲ့ ဥရောပအလုပ်သမားအဖွဲ့ချုပ်က တိုင်းကြားတဲ့အတွက် ၁၉၉၇ မှာ မြန်မာကိုပေးထားတဲ့ ကုန်သွယ်ရေးအခွင့်ထူးကို ဥရောပသမဂ္ဂက ရုတ်သိမ်းလိုက်ပါတယ်။ Generalized System of Preferences – GSP ကုန်သွယ်ရေးအခွင့်ထူးဆိုတာဟာ ဖွံ့ဖြိုးစနိုင်ငံက တင်ပို့တဲ့ ကုန်ပစ္စည်းကို အကောက်ခွန်ကင်းလွတ်ခွင့် (သို့မဟုတ်) လျော့ပေးခွင့် ပြုတာဖြစ်လို့ ပို့ကုန်လုပ်ငန်းကို အားပေးတဲ့စနစ် ဖြစ်ပါတယ်။ အကောက်ခွန်ပေးစရာမလိုဘဲ အကန့်အသတ်မရှိ ဥရောပကို ကုန်ပစ္စည်းတင်ပို့နိုင်တဲ့ ဆင်းရဲတဲ့ (၄၉) နိုင်ငံစာရင်းမှာ ဘင်္ဂလားဒေ့ရှ် နဲ့ ကမ္ဘောဒီးယား ပါဝင်ပေမယ့် မြန်မာမပါတော့ပါဘူး။ ကုန်သွယ်ရေး အခွင့်ထူးကို ခံစားနိုင်ဖို့အတွက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နဲ့ ကုလသမဂ္ဂ သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားရပိုင်ခွင့်ကို လေးစားဖို့ လိုအပ်ပါတယ်။ မူယစ်ဆေးဝါးနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့လည်း လိုအပ်ပါတယ်။
၂၀၀၆ အထိ မြန်မာ့သစ်ဟာ ကန့်သတ်ချုပ်ချယ်မှုထဲမှာ မပါသေးပါဘူး။ သံဃာဦးဆောင်တဲ့ ၂၀၀၇ ဆန္ဒပြပွဲကြီးကို ပစ်ခတ်နှိမ်နှင်းတဲ့ စစ်အစိုးရကို အရေးယူတဲ့အနေနဲ့ မြန်မာပြည်ကထွက်တဲ့ သစ်သတ္တပစ္စည်း နဲ့ ကျောက်မျက်ရတနာကို မတင်သွင်းရလို့ ပြဌာန်းပါတယ်။ ဒါပေမဲ့ မြန်မာပြည်က သစ်လုံးကို တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူစတဲ့ နိုင်ငံတွေမှာ ကုန်ချောပစ္စည်းအဖြစ် အသွင်ပြောင်းပြီးမှ ဥရောပကို တင်သွင်းတဲ့အတွက် ဒီ ကန့်သတ်ချက်ဟာ မထိမရောက်ဖြစ်နေပါတယ်။ ကျောက်မျက်တင်သွင်းရာုမှာလည်း ဘယ်နိုင်ငံကလာတယ်ဆိုတာ ခွဲခြားဖို့ခက်ခဲတာမို့ မြန်မာ့ကျောက်မျက်ဟာ ကြားနိုင်ငံကတဆင့် အမေရိကန်နဲ့ ဥရောပကို ရောက်နေပါတယ်။ ဒီလို ဒဏ်ခတ်အရေးယူတာဟာ ထိရောက်မှုမရှိမှန်း သိပေမယ့် နိုင်ငံရေးအရ မှန်ကန်တယ်လို့ ယူဆကြပါတယ်။
စစ်အစိုးရအသိုင်းအဝိုင်းကို ဥရောပသမဂ္ဂက ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဧပြီလက ဝန်ကြီး (၄) ဦးနဲ့ ဒု-ဝန်ကြီး (၁၈) ဦး ဥရောပကို ဝင်ခွင့်ပေးလိုက်ပါတယ်။ အစိုးရနဲ့ ရင်းနှီးသူ သူဌေးဦးတေဇ မိသားစုကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပေမယ့် ဥရောပသမဂ္ဂတရားရုံးကို အယူခံဝင်တဲ့ ဦးတေဇရဲ့သား ပြည့်ဖြိုးတေဇနဲ့ မိသားစုဝင်အချို့ ဥရောပကိုလာရောက်လည်ပတ်ခွင့် ရသွားကြပါတယ်။ ဥရောပသမဂ္ဂရဲ့ သဘောထား ပျော့ပျောင်းလာပုံကို ပြသရာရောက်ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဟာ မြန်မာနဲ့ ကုန်သွယ်တာကို ပိတ်ပင်ထားတာမဟုတ်ဘဲ အကန့်အသတ်သာ လုပ်ထားတာဖြစ်လို့ မြန်မာအခြေအနေကောင်းရင် ကောင်းသလို ကန့်သတ်ချုပ်ချယ်မှုတွေကို လျှော့ပေးနိုင်ပါတယ်။ GPS ကုန်သွယ်ရေးအခွင့်ထူး ရုတ်သိမ်းလိုက်တာဟာ ဥရောပနဲ့ မြန်မာကုမ္မဏီတွေကိုသာ အခွင့်အလမ်းဆုံးရှုံးစေပါတယ်။ ကန့်သတ်မှုအားလုံး မရုတ်သိမ်းပေမယ့် ကုန်သွယ်ရေးအခွင့်ထူး ပြန်ရရင် အစိုးရနဲ့ ကြံ့ဖွံ့အသိုင်းအဝိုင်းသာ အကျိုးခံစားရပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး ပီပီပြင်ပြင် ပြုပြင်ရေးလုပ်လို့ ဥရောပနဲ့ ဆက်ဆံရေးကောင်းမွန်လာရင် အရင်ဆုံး အကျိုးအမြတ် ခံစားရမယ်သူဟာ စစ်အုပ်စုအသိုင်းသာ ဖြစ်ပါတယ်။