စီးပွားရေး ဒဏ်ခတ်မှုဥပဒေ

စီးပွားရေး ဒဏ်ခတ်မှုဥပဒေ

ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်တဲ့ ဗမာစစ်အစိုးရကို စီးပွားရေး ဒဏ်ခတ် အရေးယူထားတာတွေ ရုပ်သိမ်းဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း အနောက်တိုင်း စာနယ်ဇင်း လောကမှာ ရေးသားပြောဆိုရေးသားနေကြပါတယ်။ ဒဏ်ခတ်အရေးယူတာကို ရုပ်သိမ်းပြီး ဗမာအစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ အမေရိကန်အစိုးရက စဉ်းစားသင့်တယ်လို့ အကြံပေးသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒဏ်ခတ်အရေးယူတဲ့ အမေရိကန်ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုကိုယ်စားပြုတဲ့ပါတီအဖြစ် အသိအမှတ်ပြုပြီး ထောက်ခံ အားပေးဖို့အတွက် မြန်မာ့ဒီမိုကရေစီ အက်ဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင် (၂၈) ရက်နေ့မှာ အမေရိကန် ကွန်ဂရက် လွှတ်တော်က ပြဌာန်းတယ်လို့ ဥပဒေနိဒါန်းမှာ ရေးထားပါတယ်။ ဒီ ဥပဒေကို ပြဋ္ဌာန်းရတဲ့ အကြောင်းရင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဒီပဲယင်းမှာ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်လည်း ပါဝင် နေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထု ကိုယ်စားပြုတဲ့ပါတီအဖြစ် တရားဝင် အသိအမှတ်ပြုတယ်လို့ ဖော်ပြပါတယ်။

လူ့အခွင့်အရေးချိုးဖောက်တာတွေ သိသိသာသာလျှော့နည်းမှု၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေး မှု၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုဝေးခွင့်နဲ့ ကိုးကွယ်ခွင့်ရှိမှု၊ အရပ်သားအစိုးရဖွဲ့စည်းမှု စတာတွေ ကို တွေ့မြင်ရမှသာ ဒဏ်ခတ်အရေးယူတဲ့ ဥပဒေကို ရုတ်သိမ်းနိုင်မယ်လို့ ဆိုပါတယ်။ အန်အယ်လ်ဒီကို ပြည်သူ့ ကိုယ်စားပြုပါတီအဖြစ် တရားဝင်သတ်မှတ်ကြောင်း ၂၀၀၃ အမေရိကန် ဥပဒေမှာ ဖော်ပြတာဟာ ပါတီ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်သလို ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၀၃ အမေရိကန်ဥပဒေ ရုပ်သိမ်းဖို့ကိစ္စဟာ အန်အယ်လ်ဒီရဲ့ ရပ်တည်မှုနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန်ဥပဒေရဲ့ မွန်မြတ်တဲ့ ရည်မှန်းချက်တွေဟာ အကောင်အထည်ပေါ်ဖို့ ခက်ခဲပါတယ်။ ဒီလို အနေအထားမှာ ဒဏ်ခတ်အရေးယူမှု ကို ရုပ်သိမ်းဖို့ ကြိုးစား တာဟာ ရှေ့မျက်နှာ နောက်ထားပြီး လုပ်ရမယ့်ကိစ္စ ဖြစ်နေပါတယ်။

တကယ်တော့ အမေရိကန်ပြည်တွင်းက တောင်းဆိုတာတွေကို လိုက်လျောတဲ့အနေနဲ့ ဒဏ်ခတ် အရေးယူ တဲ့ ဥပဒေကို ပြဌာန်းလိုက်တာဖြစ်တဲ့အတွက် ရည်ရွယ်ချက် အောင်မြင်ရေးကို အဓိက မထားဘူးလို့ သုံးသပ်တာ မျိုးလည်း ရှိပါတယ်။

ဗမာအစိုးရကို ဒဏ်ခတ်အရေးယူတဲ့ မူဝါဒကျင့်သုံးလို့ အမေရိကန် အကျိုးစီးပွား မထိခိုက်ပါဘူး။ ဒါကြောင့်လည်း မြန်မာ့ကိစ္စမှာ မူဝါဒရေးရာပိုင်းကို ဦးစားပေးနေတာ ဖြစ်ပါတယ်။ ဗမာစစ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်တာခြင်း တူကြပေမယ့် အမေရိကန်အစိုးရဟာ ဗမာစစ်အစိုးရနဲ့ ဆက်ဆံရာမှသာ မူဝါဒရေးရာကို ရှေ့တန်းတင်ပြီး တရုတ်နဲ့ ဆက်ဆံရာမှာတော့ လက်တွေ့ အကျိုးစီးပွားကို ဦးစားပေးတဲ့လမ်းစဉ်ကို ကျင့်သုံးပါတယ်။ ဖယ်ဒရယ်ဥပဒေ (၅) ခု ပြဌာန်းပြီး ဗမာအစိုးရကို စီးပွားရေးဒဏ်ခတ် အရေးယူထားတာ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ အသိုင်းအဝိုင်းကို ရွေးပြီး စီးပွားရေး ဒဏ်ခတ်တာဟာ စစ်ဗိုလ်ကြီးစိုးတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လိုဟာမျိုးတွေကို ထိခိုက်စေပါတယ်။

ဒီလုပ်ငန်းကြီးတွေမှာ အလုပ်လုပ်တဲ့ အလုပ်သမားက လူနည်းစုပါ။ ဒဏ်ခတ်မှုကြောင့် အလုပ်ပြုတ်သွား တဲ့ အလုပ်သမားဦးရေဟာ တသိန်းပတ်ဝန်းကျင်လောက်ပဲ ရှိမယ်လို့ ခန့်မှန်းပါတယ်။ အလုပ်သမားဦးရေ သိန်း (၃၅၀) ကျော်ထဲက တသိန်းလောက် အလုပ်လက်မဲ့ ဖြစ်သွားတာပါ။ အမေရိကန် ဒဏ်ခတ်မှု ကြောင့် ဗမာ အလုပ်သမားတွေ မနစ်နာပါဘူး။ တရုတ်အလုပ်သမားတွေ အများအပြား ဝင်လာတာကသာ ဗမာအလုပ်သမား များကို ထိခိုက်နိုင်ပါတယ်။

နှစ်ပေါင်းအတော်ကြာ စီးပွားရေးဒဏ်ခတ် အရေးယူနေပေမယ့် ဗမာစစ်အစိုးရဟာ ပြောင်းလဲသွားတာ မဟုတ်လို့ မြန်မာ့ဒီမိုကရေစီအရေးကို အမေရိကန်အစိုးရက အားပေးချင်တယ်ဆိုရင် ဒဏ်ခတ်အရေးယူ တဲ့နည်းကို မသုံးဘဲ အကူအညီပေးပြီး ဖျောင့်ဖျပြောဆိုတဲ့နည်းကို ကျင့်သုံးရလိမ့်မယ်လို့ စောဒက တက်သူတွေလည်း ရှိပါတယ်။

အနိုင်ကျင့်ပြီး နှိပ်စက်ညှဉ်းပန်းအပြုအမှုတွေ ကွယ်ပျောက်သွားရင် ဒဏ်ခတ်အရေးယူမှု နိဂုံးချုပ်သွား ပါလိမ့်မယ်။ ဒါကြောင့် ဒဏ်ခတ်အရေးယူအောင် လုပ်နေသူဟာ ဗမာစစ်အစိုးရသာ ဖြစ်ပါတယ်။ ဒဏ်ခတ်အရေးယူအောင် လမ်းခင်းပေးနေသူဟာ ဗမာစစ်အစိုးရပါ။ ဗမာစစ်အစိုးရကို အကူအညီပေးရုံနဲ့ ကောင်းမွန်တဲ့အစိုးရ ဖြစ်မလာနိုင်တာကို သမိုင်းက သက်သေပြနေပါတယ်။

အမေရိကန်ဘက်က ကြည့်ရင်လည်း ဒဏ်ခတ်တဲ့ဥပဒေနဲ့ အမိန့်တွေ ထုတ်ပြန်ရတာ လွယ်ကူသလောက ရုတ်သိမ်းရာမှာ အခက်အခဲရှိတယ်လို့ လွန်ခဲ့တဲ့နှစ် ဇူလိုင်လ (၁၆) ရက်နေ့က ထုတ်ပြန်တဲ့ ကွန်ဂရက် လွှတ်တော် သုတေသနစာတမ်းမှာ အာရှရေးရာ သုတေသီ Michael F. Martin က သုံးသပ်ပါတယ်။

သမ္မတအမိန့်နဲ့ ဖယ်ဒရယ်ဥပဒေတွေမှာ ပါဝင်နေတဲ့ အကြောင်းအရာတွေ ထပ်နေတာကတကြောင်း မူးယစ်ဆေး၊ ဘာသာရေး လွတ်လပ်မှု၊ လူကုန်ကူးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ် နေတာကတကြောင်းမို့လို့ ကိစ္စတခုကို ရုတ်သိမ်းလိုက်ရုံနဲ့ အခြားကိစ္စတွေမှာ ကင်းလွတ်သွားမယ်လို့ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ မြန်မာပြည်တွင်းမှာ လူ့အခွင့်အရေး အခြေအနေကောင်းမွန်လာမှသာ ဒဏ်ခတ်အရေးယူမှု နိဂုံးချုပ်ဖို့ အလားအလာရှိကြောင်း ကွန်ဂရက်လွှတ်တော် သုတေသီ Michael F. Martin က သုံးသပ်ထားပါတယ်။