အထွေထွေအကျပ်အတည်းနဲ့ လုံခြုံရေးစိုးရိမ်ရလို့ ရိုဟင်ဂျာတွေ ထွက်ခွာနေဆဲ

ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသော ရိုဟင်ဂျာ ဒုက္ခသည်များ

မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်နိုင်ငံ သဘောတူညီချက်တွေအရ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားသူတွေကို ပြန်လည်လက်ခံဖို့ စီစဉ်နေချိန်မှာပဲ ရခိုင်မြောက်ပိုင်းက မူဆလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို အခုအချိန် ထွက်လာနေကြတုန်းပဲလို့ ဘင်္ဂလား အာဏာပိုင်တွေကပြောပါတယ်။ အဓိက စားဝတ်နေရေး အခက်အခဲဖြစ်လာတာကြောင့်ရယ် လုံခြုံရေး စိုးရိမ်မှုတွေကြောင့် ဘူးသီးတောင် မောင်တော ရသေ့တောင်တွေကဘက်လူတွေဟာ တောတောင်တွေကို ဖြတ်ပြီး ရေလမ်းတွေကနေ အသုတ်လိုက်ပြေးနေကြတုန်းပဲလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကို ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြတာဖြစ်ပါတယ်။ လာမယ့်ဇန်နဝါရီလ ၂၃ရက်နေ့ကစပြီး သူတို့ကိုပြန်လက်ခံဖို့ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေ စီစဉ်နေချိန်မှာပဲ အခု သီတင်းပတ်တွင်းမှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို အသုတ်လိုက် နတ်မြစ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးလာနေကြတုန်းပဲလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့်သူတွေကို ပြန်လည်လက်ခံနေရာချထားရေး စီစဉ်နေချိန်မှာပဲ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို အခုလို ထွက်ပြေးနေကြရတာလဲလို့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်က မြို့သူကြီးကျေးရွာသား ရိုဟင်ဂျာမူဆလင်တဦးဖြစ်တဲ့ ဦးလှထွန်းကို မေးကြည့်တော့- သူက အခုလိုဖြေပါတယ်။

"ဟုတ်တယ် လူတွေက အခုထက်ထိ ထွက်သွားနေတာကတော့ ကျနော်ထင်တယ် လူတွေမှာ လိုအပ်ချက်က အများရှိတယ် အဲ့ဒီ့ထဲက အဓိကအချက်တွေကို ပြောပြပါမယ်။ ဒီမှာ လူတွေက စားဝတ်နေရေး တစ် အဆင်မပြေဘူး ဖြစ်နေတယ် ဘာဖြစ်လို့လဲဆိုတော့ အပြင်ထွက်ပြီးတော့ အလုပ်လုပ်လို့မရဘူး။ ဘယ်မှ သွားလို့မရတာ ငါးလတောင် ရှိနေပြီ။ ဒီအတိုင်းဆို လူတွေက အငတ်ဘေးနဲ့ကြုံနိုင်တယ်။ အဲ့တာကြောင့် ထွက်ပြေးနေရတာဖြစ်တယ် နောက်တခုက တလောကပဲ ရသေ့တောင်နဲ့ ဘူးသီးတောင်ဘက်မှာ အာဏာပိုင်တွေက ပုံစံတခုမှာ လက်မှတ်ထိုးခိုင်းတယ် အဲ့မှာ ဘာရေးထားသလဲဆိုတော့ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေများနဲ့အညီ နေထိုင်ပါမယ်ဆိုပြီးတော့ အဲ့ပုံစံမှာ ရေးထားတာရှိတယ်။ လူတွေက အဲ့လိုလက်မှတ်ထိုးရတဲ့ဟာတွေကို ဇဝေဇဝါဖြစ်နေတာပေါ့ ဒီဟာနဲ့ ဘာလုပ်မလဲဆိုပြီးတော့လေ။ နောက်တခုက National Verification Cards (NVCs) ကိစ္စပေါ့ ဒီ NVC မခံရင် သူတို့က ဘာမှ လုပ်ခွင့်မပေးဘူး နောက်ပြီးတော့ လူတွေကို တော်တော်လေး ဖိအားပေးပြီးတော့ ထုတ်ပေးနေတယ်။ လူတွေကလည်း မကိုင်ချင်ဘူး ဆိုတော့ အဲတ့ာတွေနဲ့ လူတွေက စိုးရိမ်ပြီးတော့ ဒီလိုထွက်သွားနေတာဖြစ်တယ်။"

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို နတ်မြစ်ကိုကျော်ပြီး ပြေးဖို့ မူဆလင်ဒုက္ခသည်တချို့ ငွေမပေးနိုင်လို့ သောင်တင်နေကြတာလည်းရှိပါတယ်။ ရသေ့တောင် ဘူးသီးတောင် နဲ့ မောင်တောဘက်ခြမ်းက မူဆလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထွက်ပြေးနေကြအချိန် အခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့ အခြေအနေကို အခုလို မောင်တောဒေသခံဦးလှထွန်းကပြောပြပါတယ်။

"သူတို့ ဘူးသီးတောင် မောင်တော ရသေ့တောင်ဘက်ကနေ လာကြတဲ့အခါ တော်တော်လေးကို ဒုက္ခရောက်တယ်။ သူတို့က တောတောင်တွေကို ဖြတ်ပြီး လာရတာကိုး။ သူတို့က ပုံမှန်လမ်းအတိုင်း လာလို့မရဘူး မောင်တော ဘူးသီးတောင် လာလို့မရဘူး ကျနော်တို့ ရိုဟင်ဂျာတွေကိုကျတော့။ အဲ့တော့ သူတို့က တောတောင်တွေကို ဖြတ်ပြီး လာကြတယ် ဒီဘက်ကို ရောက်လာရင်တော့ သူတို့မှာ ပါလာတဲ့ပိုက်ဆံတွေနဲ့ စက်လှေတွေနဲ့ လှေငယ်တွေ ဌားပြီး သွားကြတယ်။ လူတွေက ဘယ်လိုပြောရမလဲ။ သူတို့ရဲ့ဘဝတွေ လုံခြုံမှုမရှိဘူးဆိုပြီးတော့ ခံစားနေရပြီးတော့ အဲ့ဘက်ကို သွားနေကြတာ။"

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အခုအချိန်အထိ ဒုက္ခသည်စခန်းတွေကို အသုတ်လိုက် ဝင်လာနေကြတုန်းဖြစ်ပြီး သူတို့အတွက် လိုအပ်တဲ့ နေထိုင်ရေး ဝါး-တာလပတ် စတဲ့ အိမ်ဆောက်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးသလို ကျမ်းမာရေးစောင့်ရှောက်မှုနဲ့ လိုအပ်တဲ့ ဆေးစစ်ချက်တွေကိုလည်း ကုလနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဆောင်ရွက်ပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် Cox's Bazar အနီးက Balukhali ဒုက္ခသည်စခန်းနေ ကိုမျိုးသန့်ကပြောပြပါတယ်။

"ဟုတ်ကဲ့ အခုအချိန်ထိကို ထွက်ပြေးနေကြတာ လာကြတာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့မှာ စိုးရိမ်စိတ်တွေသိပ်များပါတယ်။ သူတို့မှာ နေဖို့အခက်အခဲအရမ်းဖြစ်ပါတယ်။ သူတို့မှာ အလုပ်အကိုင်လည်း မရှိဘူးဆိုတော့ ရွာဘက်ကသူတွေ ဒီဘက်ကို ထွက်ပြေးလာကြတာ။ တခုကလည်း အစိုးရက NVC ကို ခြိမ်းခြောက်ပြီး ပေးနေတာလည်းရှိတယ်။အဲ့တာကြောင့်လည်းထွက်ပြေးလာကြတာ။ ပြေးလာတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အခုထက်ထိကို လက်ခံနေပါတယ်။ သူတို့ကိုလက်ခံပြီးတော့ စခန်းမှာ နေရာချထားပေးပါတယ်။ လောလောဆယ်။ ဒီမှာက လုံခြုံရေးက စိတ်ချရတယ်။အစိုးရက စစ်တပ်က လုံခြုံရေးတာဝန်ယူထားတယ်ဆိုတော့ လုံခြုံရေးက စိတ်ချလို့ရပါတယ်။"

အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေမှာ နေရပ်ရင်းပြန်ဖို့အတွက် စိုးရိမ်မှုတွေရှိနေတုန်းပဲလို့လည်း ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တဦးဖြစ်တဲ့ ကိုမျိုးသန့်ကပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရ ချုပ်ဆိုထားတဲ့ စာချုပ်အတိုင်းဆိုရင် ပြန်မယ့်သူက မရှိသလောက်ပါပဲ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီ့မှာ ဘာမှကို အာမခံချက်မရှိပါဘုူး။ နောက်တခုက အဲ့ဒီ့ဘက်ကို သွားရင် ယာယီစခန်းဆိုတဲ့ ဆောက်ထားတဲ့ ယာယီစခန်းမှာနေရမယ်ဆိုတော့ လူတွေက တော်တော်ကြောက်နေပါတယ်။ လူတွေက ယာယီစခန်းမှာ မနေချင်ပါဘူး။ သူတို့အတွက် အာမခံချက်လည်း လိုတယ်။ အခုလောလောဆယ် လူတိုင်းမှာ ပြန်ဖို့ ဆန္ဒမရှိဘူးလို့ ကျနော်မြင်ပါတယ်။"

အခုလာမယ့် ဇန်နဝါရီ ၂၃ရက်ကစလို့ သိန်းချီတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေ သဘောတူညှိနှိုင်းချက်အရ ဒုက္ခသည်တွေကို အသုတ်လိုက်ပြန်လက်ခံဖို့ နယ်စပ်မှာ ပြန်လည်စိစစ်လက်ခံရေးစခန်း ၃ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ကြားစခန်း ၃ ခု ဖွင့်လှစ်ပြီးလည်း ဖွင့်လှစ်စီစဉ်နေပြီး မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ VOA ကို ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

အထွေထွေအကျပ်အတည်းနဲ့ လုံခြုံရေးစိုးရိမ်ရလို့ ရိုဟင်ဂျာတွေ ထွက်ခွာနေဆဲ