NCA လက်မှတ်ထိုးဖို့ KNU ဆုံးဖြတ်

(ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးဖို့ KNU ခေါ် ကရင်အမျိုးသား အစည်းအရုံး အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချခဲ့ပြီလို့ အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

KNU အနေနဲ့ အပစ်ရပ်စာချုပ်ရေးထိုးရာမှာ အကုန်လုံး ပါဝင်ရေးမူကို အသေမကိုင်ဘဲ လက်မှတ်ရေးထိုးသွားမှာဖြစ်သလို ဒီလက်မှတ်ထိုးမှုဟာ SD အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သွေဖီမှုမရှိဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးကနေ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးဖို့ အမြဲတမ်း ဗဟိုကော်မီတီ ၅ ကြိမ်မြောက် အရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

“ကျနော်တို့ SD နဲ့ UPW ညှိနှိုင်းပြီး ရလာတဲ့ ရလဒ်အပေါ်မှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူချောလည်း ရထားပြီနော်။ ဒီသဘောတူစာချုပ်မူချောကို ကျနော်တို့ KNU ကရင်အမျိုးသားအစည်းအရုံးက လက်ခံတယ်။ နောက်ပြီးတော့ ဒါကိုလည်း ကျနော်တို့က လက်မှတ်ရေးထိုးပြီးတော့ တဖွဲ့ချင်းအနေနဲ့ပေါ့လေ ဒါ ကျနော်တို့ KNU အဖွဲ့အစည်းကလည်း လက်မှတ်ရေးထိုးပြီးတော့ အကောင်အထည်ဖော်သွားဖို့တော့ တခြားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အကောင်အထည်ဖော်သွားဖို့တော့ ကျနော်တို့ ဆုံးဖြတ်ပါတယ်။”

KNU အနေနဲ့ သြဂုတ်လ ၁၄ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတာပါ။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ SD နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ရဲ့ ၉ ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကနေ ရရှိတဲ့ရလဒ်တွေကို KNU အနေနဲ့ သဘောတူလက်ခံတယ်လို့လည်း ဆိုပါတယ်။ KNU အနေနဲ့ အပစ်ရပ်စာချုပ် ရေးထိုးရာမှာ အကုန်လုံးပါဝင်ရေးမူကို အသေမကိုင်ဘဲ လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး လက်မှတ်မရေးထိုးနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း အဆင့်ဆင့်ပါဝင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

“ကျနော်တို့ SD ရဲ့ နောက်ဆုံး အစည်းအဝေးပွဲမှာ အခု တပြည်လုံး အပစ်အခတ်ရပ်စဲ သဘောတူစာချုပ်နဲ့ ပတ်သက်ပြီးတော့ အကုန်လုံး ပါဝင်ရေး ကိစ္စအပေါ်မှာ တဘက်က နိုင်ငံတော်အစိုးရရဲ့ တဘက်ကနေ လက်ခံ မခံ ဆိုတဲ့ အနေအထားအပေါ်မှာ ကျနော်တို့က ဒါကို တပြည်လုံး အကုန်လုံး ပါဝင်ရေး မူအနေနဲ့ ရပ်တည်မလား၊ မဟုတ်ရင်လည်း ကျနော်တို့က အခုလက်ရှိ အကုန်လုံး ပါဝင်ရေးမူကို အသေမကိုင်ဘဲနဲ့ လက်မှတ်ရေးထိုးပြီးတော့ အကုန်လုံး ပါဝင်လာနိုင်တဲ့ အဆင့်ဆင့် ပါဝင်လာနိုင်တဲ့ အနေအထားနဲ့ ဆက်သွားမလားဆိုတဲ့ ကိစ္စအပေါ်မှာ ကျနော်တို့က လက်မှတ်ရေးထိုးမယ်။ နောက်ပြီးတော့ လက်မှတ်မရေးထိုးနိုင်သေးတဲ့ အဖွဲ့တွေကိုလည်း အဆင့်ဆင့်ပါလာအောင် ဝိုင်းဝန်းဆောင်ရွက်မယ်ဆိုတဲ့ သဘောထားနဲ့ သုံးသပ်ပြီးတော့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။”

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးဖို့အတွက် သမ္မတ ဦးသိန်းစိန်ကနေ တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ် SD အဖွဲ့ဝင်တွေကို သြဂုတ်လ ၁၂ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ၂၅ ရက်နေ့ နောက်ပိုင်းမှာမှ တွေ့ဖြစ်မယ်လို့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။ အခုလို KNU ကနေ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်တာဟာ SD အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ သွေဖီမှုမရှိဘူးလို့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က အခုလို ပြောပါတယ်။

“ကျနော့်အမြင်ကတော့ မသွေဖီဘူးဗျ။ ထိုးမယ်ဆိုပြီးတော့ တဖွဲ့ချင်းဆုံးဖြတ်တာ။ သွားထိုးတဲ့အချိန်မှာ ၁၅ ဖွဲ့ ထိုးမယ်။ ၁၅ ဖွဲ့ထဲက ဖိတ်စာရထားပြီးသား အဖွဲ့တွေက တဖွဲ့ချင်း ဆုံးဖြတ်တယ်။ သွားတဲ့အခါကျတော့ ၁၅ ဖွဲ့ မျက်နှာစုံညီ ထိုးမယ်။ အားလုံးဖိတ်ထားတာ ၁၅ ဖွဲ့ဆိုတော့ ၁၅ ဖွဲ့စလုံး ထိုးမယ်။ ကျန်ရင်တောင်မှ ၀ နဲ့ မိုင်းလား ကျန်မယ်။ hundred percent inclusive ကတော့ သိပ်မလွယ်သေးဘူး လောလောဆယ်ဆယ်တော့။ အကြောင်းအမျိုးမျိုးကြောင့် မလွယ်တော့ အစိုးရက အသိအမှတ်ပြုရဲ့သားနဲ့ မထိုးတဲ့အဖွဲ့ရှိသလို၊ အသိအမှတ်ပြုခြင်းမခံရလို့ မထိုးတဲ့ အဖွဲ့လည်းရှိတယ်။ တချို့အဖွဲ့တွေကတော့ qualify မဖြစ်လို့ မထိုးတာလည်းရှိတယ်။”

သြဂုတ်လ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ၉ ကြိမ်မြောက် ဆွေးနွေးပွဲအတွင်း စာချုပ်လက်မှတ်ရေးထိုးရာမှာ အားလုံးပါဝင်ရေးဆိုတဲ့ အချက်တချက်ကလွဲလို့ ကျန်စာချုပ်ပါ အချက်တွေအားလုံးကို သဘောတူညီချက် ရခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွင်းမှာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ပေါ်နေပြီး ပါတီဥက္ကဌ ဦးသူရရွှေမန်း အပါအဝင် ပါတီခေါင်းဆောင်တချို့ အနားပေးတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အခုလို အစိုးရပိုင်း အာဏာလွန်ဆွဲနေတဲ့ အနေအထားမျိုး တွေ့နေရပေမဲ့လို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ်တွေ မထိခိုက်နိုင်ဘူးလို့ UNFC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က အခုလို ပြောပါတယ်။

“ကျနော်တို့နဲ့ တောက်လျှောက်စကားပြောနေတာ သမ္မတ ဦးသိန်းစိန် တည်ဆဲအစိုးရဖြစ်တယ်၊ တပ်မတော်ဖြစ်တယ်။ ဒီတပ်မတော်နဲ့ အစိုးရက အခုအချိန်အထိတော့ ခိုင်မာနေတဲ့ သဘောရှိတယ်။ သူတို့ ပါတီတွင်း အရေးအခင်းကတော့ ဒါ ပါတီတခုအတွင်း၊ အင်အားစုတခုအတွင်း အတွင်းရေးဖြစ်တယ်။ ဒါတော့ ကျနော် မပြောချင်ဘူး။ ကျနော်တို့နဲ့ အလုပ်လုပ်နေတဲ့၊ ကျနော်တို့နဲ့ ညှိနှိုင်းနေတဲ့၊ ဆောင်ရွက်နေတဲ့ ဆွေးနွေးနေတယ်၊ ရှေ့လုပ်ငန်းစဉ်တွေ ချနေတယ်။ အဲဒီလိုလုပ်နေတဲ့ အင်အားစုပေါ့ အစိုးရအင်အားစုနဲ့ တပ်မတော် အင်အားစုက နဂိုအတိုင်း ရှိနေတယ်။ ဒါကိုတော့ ကျနော်တို့ဘက်က ကြီးကြီးကျယ်ကျယ် ပြောင်းလဲမယ်။ ထိခိုက်မယ်၊ ရွေ့လျားမယ်။ တခုခုဖြစ်မယ်လို့တော့ လုံး၀ မထင်ဘူး။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၆ဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်ဦး ABSDF တို့ပါဝင်တဲ့ SD အဖွဲ့ထဲမှာ NCA လက်မှတ်ရေးထိုးဖို့ အစိုးရဘက်ကနေ လက်မခံတဲ့အဖွဲ့တွေ ရှိနေတဲ့အတွက် SDကိုယ်စားလှယ်တွေကနေဆွေး နွေးဖို့လဲရှိနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေအကြား လုံခြုံရေးပိုင်းဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး DDR လုပ်ငန်းစဉ်အပိုင်းမှာ တပ်မတော်နဲ့ အမြင်ကွဲလွဲမှုတွေ ရှိနေပါသေးတယ်။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်အတွက် ရှေ့ဆက် ဆွေးနွေး ညှိနှိုင်းသွားရမယ်လို့လည်း KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။