ယူကရိန်းကို စစ်ရေး တိုးမြင့်ကူညီပေးဖို့ တောင်ကိုရီးယားကို နေတိုးအဖွဲ့တောင်းဆို

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က CHEY Institute မှာ စကားပြောကြားနေတဲ့ နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg (ဇန်နဝါရီ ၃၀၊၂၀၂၃)

ယူကရိန်းကို စစ်ရေးအရ ကူညီထောက်ပံ့မှုတွေတိုးပေးဖို့အတွက် နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က တောင်ကိုရီးယားနိုင်ငံကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်ပြီးတဲ့နောက်ပိုင်း ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေကို လက်နက်မတင်ပို့ဖို့ မူဝါဒချမှတ်ထားတဲ့ နိုင်ငံတွေကို ကိုးကားပြီးတော့ အခုလို ပြောဆိုတာပါ။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပိုပြီးခိုင်မာအောင်နဲ့ တရုတ်နဲ့ ပြိုင်ဆိုင်မှုတွေမြင့်တက်နေတဲ့ အချိန်မှာ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Stoltenberg ဟာ ဂျပန်အပါအဝင်ခရီးစဉ်နဲ့ တောင်ကိုရီးယားကို ရောက်လာတာဖြစ်ပါတယ်။ တောင်ကိုရီးယားက ယူကရိန်းကို စစ်ရေးအရမဟုတ်တဲ့ အကူအညီတွေပေးအပ်တဲ့ အပေါ် ကျေးဇူးတင်ကြောင်းနဲ့ ယူကရိန်း အရေးပေါ် လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေကို ထောက်ပံ့ပေးဖို့ ဆိုးလ်မြို့ Chey Institute မှာပြောကြားတဲ့ မိန့်ခွန်းမှာ အတွင်းရေးမှူးချုပ် Stoltenberg က တိုက်တွန်းပြောဆိုပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေကို လက်နက်မတင်ပို့ဖို့ မူဝါဒချမှတ်ထားတဲ့ နေတိုးမဟာမိတ်တော်တော်များများ ဒီမူဝါဒကို ပြောင်းလဲနေကြပြီလို့လည်း သူက ပြောပါတယ်။

ဥရောပနဲ့ မြောက်အမေရိကမှာဖြစ်ပျက်နေတာတွေက တခြားဒေသတွေနဲ့ အပြန်အလှန်ချိတ်ဆက်နေကြောင်း၊ နေတိုးမဟာမိတ်အဖွဲ့ဟာ အာရှဒေသမှာ မိတ်ဖက်တွေတိုးမြှင့်ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဟန့်တားရေး ကူညီသွားမှာဖြစ်ကြောင်း အတွင်းရေးမှူးချုပ် Jens Stoltenberg ကပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းကို စစ်ရေး တိုးမြှင့်ကူညီပေးဖို့ တောင်ကိုရီးယားကို နေတိုးအဖွဲ့တောင်းဆို