Putin ရည်မှန်းချက်တွေ မအောင်မြင်လို့ NATO နဲ့ EU အကြီးအကဲတွေပြော 

အက်စတိုးနီးယားနိုင်ငံ Tallinn မြို့တော်မှာ လွတ်လပ်ရေးနေ့ချီတက်ပွဲအခမ်းအနားအတွင်းတွေ့ရတဲ့ EU ကော်မရှင် ဥက္ကဋ္ဌ Ursula Von Der Leyeng (လယ်)နဲ့ NATO အဖွဲ့ အကြီးအကဲ Jens Stoltenberg (ယာ) (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃)

ရုရှားသမ္မတရဲ့ မဟာဗျုဟာရည်မှန်းချက် တခုမှ မအောင်မြင်ဘူးလို့ နေတိုးနဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက ပြောလိုက်ကြပါတယ်။ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် ၁ နှစ်ပြည့်တဲ့ ဒီနေ့မှာ ရုရှားသမ္မတ Vladimir Putin ဘက်က ရှုံးနိမ့်ခဲ့တယ်လို့ NATO အဖွဲ့ အကြီးအကဲ Jens Stoltenberg က အက်စတိုးနီးယားနိုင်ငံ Tallinn မြို့တော်ကနေ ခုလိုပြောကြားခဲ့ပါတယ်။
“လွန်ခဲ့တဲ့ တနှစ်က သမ္မတ Putin အနေနဲ့ ယူကရိန်းကို အကြီးအကျယ် ဝင်ကျုးကျော်တိုက်ခိုက်ခဲ့တယ်။ ဒါက နိုင်ငံတကာ အခြေခံဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး အတင်းအဓ္ဓမ ဝင်တိုက်တဲ့ တရားမဝင် စစ်ပွဲပါ။ သူက ယူကရိန်းပြည်သူတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးချင်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ ညီညွတ်မှုကိုလည်း ဖြိုခွဲလိုခဲ့တယ်။ ဒါပေမဲ့ Putin ရှုံးနိမ့်ခဲ့ပါတယ်လို့ NATO အဖွဲ့အကြီးအကဲ Stoltenberg ကပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ ဆက်လက်ရပ်တည်နေပြီး NATO နဲ့ EU ကလည်း ယူကရိန်းဘက်က ရပ်တည်နေပါတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတ Putin ဟာသူ့ရဲ့ ရည်မှန်းချက်တွေကို ခုထိ မစွန့်လွှတ်သေးဘဲ သူခိုင်းသလိုလိုက်လုပ်ပေးတဲ့ ရုရှားအိမ်နီးချင်းတွေနဲ့ ဥရောပကို ပုံစံသစ်ဖော်ဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ EU ကော်မရှင် ဥက္ကဋ္ဌ Ursula Von Der Leyen ကလည်း သမ္မတ Putin ရဲ့ မဟာဗျုဟာရည်မှန်းချက် မအောင်မြင်ခဲ့ဘူးလို့ အဲဒီအခမ်းအနားမှာပဲ ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် EU ဥရောပသမဂ္ဂပြိုကွဲ မသွားတဲ့အပြင် ပိုတောင် ညီညွတ်အားကောင်းလာခဲ့ပြီး ယူကရိန်းလိုအပ်တဲ့အထိ ဆက်လက်ရပ်တည်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ရုရှားဘက်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပြီး ပြန်ဆုတ်သွားတဲ့အထိ ယူကရိန်းဘက်က ခုခံနိုင်ဖို့ လိုတာတွေ ဆက်ကူပေးသွားမှရမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက ထပ်ပြီးကတိပြုခဲ့ပါတယ်။

Your browser doesn’t support HTML5

Putin ရည်မှန်းချက်တွေ မအောင်မြင်လို့ NATO နဲ့ EU အကြီးအကဲတွေပြော

[Unicode]

